(က)
ခြေစစ်ပွဲအောင် မြန်မာအသင်း
ပထမဆုံးအဖြစ်အပျက်ကို ပျော်ရွှင်ဂုဏ်ယူဖွယ်ရာ အမှတ်တရနဲ့ ဖွင့်လိုက်ပါတယ်ဗျာ။ မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ 2014 AFC Challenge Cup အုပ်စု (က) ခြေစစ်ပွဲကို မြန်မာအသင်းဟာ အုပ်စုပထမအဖြစ်နဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့တာဖြစ်ပါတယ်။ အုပ်က (က)မှာ အသင်း ၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ရပါတယ်။ အိမ်ရှင် မြန်မာ၊ အိန္ဒိယ၊ ဂူအမ်၊ တရုတ် (တိုင်ပေ) တို့ ဖြစ်ပါတယ်။ မြန်မာအသင်းဟာ အုပ်စုတွင်း ၃ ပွဲ ကစားခဲ့ရာမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ စုစုပေါင်းရမှတ် ၇ မှတ်နဲ့ အုပ်စုပထမအဖြစ် ခြေစစ်ပွဲ အောင်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပွဲစဉ်အဖြစ် ဂူအမ်အသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဂိုးပြတ်ရလဒ်အဖြစ် ၅ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့ပါတယ်။ ဒုတိယပွဲစဉ်အဖြစ် တရုတ်(တိုင်ပေ) အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာတော့ ၁ ဂိုးစီ သရေကျခဲ့ပါတယ်။ အဲဒီအချိန်မှာ အိန္ဒိယအသင်းက ၂ ပွဲနိုင်ထားပြီး ၆ မှတ်ရနေခဲ့ပါတယ်။ နောက်ဆုံးပွဲစဉ်အဖြစ် မြန်မာနဲ့ အိန္ဒိယတို့ ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ အိန္ဒိယက သရေကျရုံနဲ့ အုပ်စုပထမ ရမှာဖြစ်ပေမယ့် မြန်မာအသင်းကတော့ အနိုင်ရလဒ် ရရှိမှသာ ခြေစစ်ပွဲအောင်မှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်ကစားကြတော့ မြန်မာအသင်းက အိန္ဒိယအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲဒါကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ ခြေစစ်ပွဲ အောင်သွားခဲ့တာ ဖြစ်ပါတယ်။ ခြေစွမ်းပိုင်းအရ၊ နည်းဗျူဟာပိုင်းအရ ကျေနပ်ဖွယ်ရာ လုံးဝမရှိသော်လည်း ကိုယ့်ပရိသတ်တွေရှေ့မှာ နိုင်ကိုနိုင်မှဖြစ်မယ်ဆိုတဲ့ တိုက်ပွဲဝင်စိတ်ဓာတ်နဲ့ ရေကုန်ရေခန်း ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ကစားသမားတွေကိုတော့ မပျက်မကွက် ချီးကျူးစကား ဆိုချင်ပါတယ်။ တာဝန်ကျေတယ်လို့လည်း ကျွန်တော်မြင်ပါတယ်။ ဂုဏ်ယူပီတိလည်း ဖြစ်မိပါတယ်။ သို့သော် ဒီနေ့ခေတ်လို အချိန်မျိုးမှာ ဒီလိုကစားကွက်၊ ဒီလိုကျွမ်းကျင်မှု၊ ဒီလိုအားထုတ်မှုမျိုးနဲ့တော့ အာရှအဆင့်ကို လှမ်းမကြည့်ပါနဲ့ အရှေ့တောင်အာရှမှာတောင် ဗိုလ်မစွဲနိုင်သေးဘူးလို့ ကျွန်တော်က အကြံပြုဝေဖန်လိုပါတယ်။ ပြိုင်ရင် နိုင်ချင်ပေမယ့် နိုင်ဖို့အတွက် ပြုပြင်ပြောင်းလဲရမှာတွေ၊ လေ့ကျင့်ရမှာတွေ အများကြီး ရှိသေးကြောင်း ထောက်ပြလိုက်ရပါတယ်။ မြန်မာအသင်း ဆက်လက်အောင်မြင်နိုင်ပါစေ။
(ခ)
ဘိန်းရာဇာ နော်ခမ်း
နော်ခမ်း ဘာကောင်လဲဆိုတာ ကျွန်တော်အရင်က သိသမျှက အနည်းအကျဉ်းရယ်ပါ။ ဘိန်းကုန်ကူးတယ်၊ မဲခေါင်မြစ်ထဲမှာ တရုတ်သင်္ဘောတွေကို ဖမ်းပြီး ပါလာတဲ့ တရုတ်သင်္ဘောသားတွေကို သတ်ပစ်တယ်။ ဒီလောက်ပါပဲ။ ပြောရရင်တော့ အရေးတယူလုပ်ပြီး သူ့အကြောင်း ဖတ်ထား၊ မှတ်ထားတာ မရှိပါဘူး။ သိလည်း မသိခဲ့ပါဘူး။ ထို့အတူပဲ မတ်လ ၁ ရက်နေ့က တရုတ်နိုင်ငံမှာ သေဒဏ်ပေးပြီး ဆေးထိုးစီရင်လိုက်တဲ့အထိလည်း မြန်မာနိုင်ငံက ဘယ်ပုဂ္ဂိုလ်ကမျှ အရေးတယူ ရေးသားဖော်ပြတာ မတွေ့ရပါဘူး။ သို့သော်... သို့သော်... နော်ခမ်းကို ဆေးထိုးကွပ်မျက်လိုက်တဲ့ သတင်းလည်းတက်လာရော အင်တာနက်တစ်ခွင် ဟိုးလေးတကြော် ဖြစ်ပွားပါလေရောလားခင်ဗျ။ နေ့ချင်းညချင်းပဲ နော်ခမ်းဟာ သူရဲကောင်းဖြစ်သွားတယ်။ အတော်အံ့သြဖို့ ကောင်းတယ်ဗျာ။ ဘယ်လို အသိဉာဏ်တွေနဲ့များ အဲဒီလိုတွေ ရေးကြသားကြ၊ ပြောကြဆိုကြသလဲ ဆိုတာကိုဖြင့် ကျွန်တော်ကိုဉာဏ် တွေးပင်မတွေးတတ်တော့ပါ။ မဲခေါင်မြစ်ထဲမှာ တရုတ်နိုင်ငံသားတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် ကျွန်တော်တွေက ရှက်တောင်ရှက်ရမယ့် ကိစ္စတစ်ခုကို ဘာဖြစ်လို့များ နော်ခမ်းမှ နော်ခမ်း ဖြစ်နေရသလဲဆိုတာ ကျွန်တော်မတွေးတတ်ဘူး။ အဲဒီလို ရေးနေ၊ ပြောနေတဲ့လူတွေကို ကျွန်တော်က တစ်ခုလောက်ပဲ မေးချင်တယ်။ တကယ်လို့များ နော်ခမ်းကို မကွပ်မျက်ဘဲနဲ့ ပြန်လွှတ်ပေးပြီး အဲဒီပြောတဲ့လူတွေအိမ်မှာ ပို့ထားမယ်ဆိုရင် လက်ခံမလား ဆိုတာပါ။ လူသတ်၊ ဓားပြတိုက်၊ ဘိန်းကုန်ကူး လုပ်နေတဲ့ အပေအတေတစ်ယောက်ကို တလေးတစား၊ တမြတ်တနိုး လုပ်နေတဲ့လူတွေကို ကျွန်တော် ဘယ်လိုပြောရမလဲဆိုတာ စကားလုံး စဉ်းစားလို့မရဘူး။ ကျွန်တော်စဉ်းစားမိသမျှက မလုံလောက်လို့ပါ။ အင်း... ကျွန်တော်တို့နိုင်ငံထဲမှာ အစိုးရဘာလုပ်လုပ် ကန့်လန့်တိုက်မယ် ဆိုတဲ့လူတွေနဲ့ တရုတ်ဆိုတာ တစ်စက်ကလေးမျှ ကောင်းတဲ့သောက်ကျင့်မရှိတဲ့ နိုင်ငံအဖြစ် မှိုင်းမိနေတဲ့လူတွေ အတော်များပါလားဆိုတာကို ကျွန်တော်တွေးမိတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ တချို့အကြောင်းအရာတွေကို နိုင်ငံတကာက ပညာရှင်တွေ မသိပါစေနဲ့လို့လည်း ဆုတောင်းမိတယ်။ ဥပမာ... မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သူငယ်နာ မစင်တဲ့သူ အများဆုံးရှိတဲ့ နိုင်ငံဆိုတာမျိုးပေါ့။ မူးယစ်ဆေးဝါးဆိုတာ နိုင်ငံတစ်ခု၊ လူမျိုးတစ်ခုတည်းရဲ့ ရန်သူမဟုတ်ပါဘူး၊ အန္တရာယ်မဟုတ်ပါဘူး။ လူသားမျိုးနွယ် တစ်ရပ်လုံးရဲ့ ရန်သူဖြစ်ပါတယ်။ ဒါက ပထမအချက်။ ဒုတိယအချက်ပြောပါ့မယ်... တရုတ်နိုင်ငံသားတစ်ယောက်က မြန်မာပြည်ထဲမှာလာပြီး သေနတ်တစ်လက်နဲ့ မြန်မာ ၁၀ ယောက်လောက်ကို သတ်လိုက်တယ်ဆိုပါစို့။ မြန်မာအစိုးရက အဲဒီတရုတ်ကို ဖမ်းမယ်၊ တရားစွဲမယ်၊ ပြစ်ဒဏ်စီရင်မယ် စသည်ဖြင့် သူ့လုပ်ထုံးလုပ်နည်းတွေအတိုင်း လုပ်ပါလိမ့်မယ်။ အဲ... တရုတ်အစိုးရက သူ့နိုင်ငံသားကို သူတို့ဆီမှာ တရားစီရင်ပါ့မယ်၊ အပြစ်ပေးပါ့မယ်... သူတို့ဆီ ပြန်လွှဲပေးပါလို့ တောင်းဆိုတယ်ဆိုကြပါစို့ရဲ့။ မြန်မာအစိုးရကလည်း လွှဲပေးလိုက်တယ်ပဲ ထားလိုက်ပါတော့။ ကျွန်တော်တို့ နိုင်ငံတွင်းမှာ ဘယ်လိုဆက်ဖြစ်လာမယ်လို့ စာဖတ်သူ ထင်ပါသလဲ။ ဒါတောင် အဲဒီတရုတ်ဟာ မူးယစ်ဆေးဝါးနဲ့ မပတ်သက်ဘူး၊ သူ့မှာ လက်အောက်ဂိုဏ်းသားတွေ၊ တပည့်တွေ မရှိဘူးနော်၊ တစ်ယောက်တည်းပဲ သူ့ဟာသူ သေနတ်နဲ့ လိုက်ပစ်တာ။ အင်တာပိုလ်ကလည်း ဆုငွေထုတ်ထားတဲ့ စာရင်းဝင်လူဆိုးလည်း မဟုတ်ဘူး။ စာဖတ်သူတို့ ဉာဏ်ရှေ့ပန်း၍ စဉ်းစားကြပါကုန်။ ကျွန်တော်ကတော့ဖြင့် ရှေးမင်းသမီးကြီးတစ်ယောက်ရဲ့ မြန်မာကျော်လေသံလေးဖြင့် ဒီလို ပြောလိုက်ချင်ပါသည်။ "မပြောချင်ဘူး..... ပြောကို..... မပြောချင်ဘူး......" :D
(ဂ)
NLD ကွဲကြပြဲကြပြီလား
ပါတီတွင်း စည်းလုံးညီညွတ်မှုပြိုကွဲအောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ညီလာခံကိုယ်စားလှယ် ၄ ဦးကို ထုတ်ပယ်လိုက်တဲ့ သတင်းကလည်း အခုတလော Hot အဖြစ်ဆုံး သတင်းတစ်ခု ဖြစ်နေပါတယ်။ NLD မှ မဟုတ်ပါဘူး။ အဖွဲ့အစည်း၊ အသင်းအပင်းဆိုတာ ရှိနေသရွေ့ ဒီလိုကိစ္စမျိုးတွေဆိုတာ ရှောင်လွှဲလို့ မရပါဘူး။ ပြည်ခိုင်ဖြိုးလည်း ကြုံမှာပဲ၊ NDF လည်း ကြုံမှာပဲ၊ တစည လည်းကြုံမှာပဲ။ ဘာမှထူးဆန်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ အခုဖြစ်နေတာက ပါတီတွင်းကိစ္စက အဲဒီလောက် မဟုတ်ဘူး။ ဘေးကလူတွေက ပိုပြီး အဖြစ်သည်းနေကြတာပါ။ မီဒီယာအချို့က အဆ ၁၀၀၀ လောက်ချဲ့ထားတဲ့ မှန်ဘီလူးနဲ့ ကြည့်တယ်၊ ရေးတယ်၊ ဘေးတီးတဲ့လူတွေက ပြိုကွဲတော့မယောင်ယောင် လေသံဟတယ်။ အတော်တော့ ရယ်စရာကောင်းတဲ့ လုပ်ရပ်ကြီးပါ။ ထူးခြားတာတစ်ခုက အခုသတင်းနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးပါတီက သော်လည်းကောင်း၊ အခြားသော ပါတီတွေကသော်လည်းကောင်း ဝေဖန်ပြောဆိုတာ မတွေ့ရတာပါပဲ။ အခုဟာက သူတို့ပါတီတွင်း အချင်းချင်း၊ ပါတီဝင် အချင်းချင်း၊ ပါတီကို ထောက်ခံသူအချင်းချင်း ဆော်ပလော်တီးနေကြတာပါ။ မီဒီယာအများစုက နှာစေးနေကြတာကိုလည်း တွေ့ရပါတယ်။ အခုလို အဖြစ်အပျက်မျိုးသာ ပြည်ခိုင်ဖြိုးတို့၊ တစညတို့၊ NDF တို့မှာ ဖြစ်လိုက်လို့ကတော့ ဘယ်ပြောကောင်းမလဲ ပွဲလှလိုက်မယ့်ဖြစ်ခြင်း....။ ဒေါ်စုကြောင့် ပါတီကို ထောက်ခံတဲ့လူတွေ ရှိနေတာဆိုတဲ့ အမှန်တရားကို လက်မခံသေးသရွေ့ ဒီလိုပြဿနာတွေ ဖြစ်နေဦးမှာပဲ။ တစ်ဦးတစ်ယောက်တည်းအပေါ်မှာ မှီခိုရတဲ့ အဖွဲ့အစည်းဆိုတာ အချိန်မရွေး ပြိုလဲသွားနိုင်တယ်ဆိုတာ ဘောလုံးပွဲ အနည်းအကျဉ်း ကြည့်ဖူးရင်တောင် သိနိုင်လောက်တဲ့ အတွေးအခေါ်ပါဗျာ။ ကဲပါဗျာ... တော်တော်ကြာ ကျွန်တော်ကိုဉာဏ်က NLD အခုလို ဖြစ်တာကို ၀မ်းသာနေသလို ဖြစ်နေပါဦးမယ်။ အခုကိစ္စပြီးသွားလည်း နောက်ထပ်တစ်ခုပြီးတစ်ခု ထပ်ဖြစ်နေဦးမယ်ဆိုတာ ကျွန်တော်က ကြိုတင်ဟောလိုက်ချင်ပါရဲ့။ အသင်းအဖွဲ့ဆိုတာ စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖွဲ့စည်းပါမှ၊ ရပ်တည်ပါမှ၊ ဆုံးဖြတ်ပါမှ၊ လုပ်ကိုင်ဆောင်ရွက်ပါမှ ရေရှည်တည်တံ့တယ်၊ အောင်မြင်တယ်ဆိုတာကို ကျွန်တော်ကိုဉာဏ်က လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကတည်းက သိတယ်ဗျ။ မသိသေးတဲ့လူတွေကိုတော့ သနားရုံမှတစ်ပါး အခြားမပြောလိုပါ။ လူရွှင်တော် ပန်းသီးပြောတဲ့ ဟာသလေးကို ချက်ချင်း သတိရမိတယ်။ ဒေါ်စုဟာ အမြှောက်တပ်နဲ့ နေတာတဲ့။ အခြားမမှတ်လိုက်ပါနဲ့။ ဒေါ်စုဘာလုပ်လုပ်၊ ဘာပြောပြော သိပ်ကောင်း၊ သောက်ရမ်းကောင်း၊ သိပ်မှန်၊ သောက်ရမ်းမှန်၊ သိပ်သင့်လျော်၊ သောက်ရမ်းသင့်လျော်၊ သိပ်အဖိုးတန်၊ သောက်ရမ်းအဖိုးတန် ဆိုပြီး မြှောက်ပေးနေတဲ့ လူတွေက တပ်တစ်ခုစာလောက် ရှိနေလို့ အမြှောက်တပ်နဲ့ နေတာလို့ ပြောတာပါတဲ့။ ကျွန်တော်ကိုဉာဏ်က ထပ်ဖြည့်ပြီး ပြောလိုက်ချင်သေးတယ်... ဒေါ်စုဘေးမှာ အမြှောက်တပ်တင် မဟုတ်ဘူး၊ ဒေါ်စုဘေးမှာ ပါးပြောင်တဲ့တပ်လည်း ရှိသေးတယ်၊ ဒေါ်စုဘေးမှာ ကြံစုပ်တဲ့တပ်လည်း ရှိသေးတယ်၊ ဒေါ်စုဘေးမှာ ဆန်တောင်းတဲ့တပ်လည်း ရှိသေးတယ်၊ ဒေါ်စုဘေးမှာ ဆယ်အိမ်ခေါင်းကို ဟိုဟာထင်တဲ့တပ်လည်း ရှိသေးတယ်၊ ဒေါ်စုဘေးမှာ မယ်ဘော်တပ်လည်း ရှိသေးတယ်၊ စသည် စသည်ဖြင့်ပေါ့ဗျာ။ ၂၀၁၄ ခုနှစ်မှာ အာဖဂန်နစ္စတန်နိုင်ငံကနေ နေတိုးဦးဆောင်တဲ့ တပ်ဖွဲ့တွေ ပြန်လည်ဆုတ်ခွာတော့မှာ ဖြစ်ပါတယ်။ အာဖဂန်အတွက် တကယ့်အလှည့်အပြောင်းတစ်ရပ် ဖြစ်ပါတယ်။ Post-2014 Afghanistan ဟာ အရမ်းကို စိတ်ဝင်စားစရာ ကောင်းပါတယ်။ ကျွန်တော့်အတွက်ကတော့ Post-Daw Aung San Su Kyi NLD က ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းကြောင်းပါခင်ဗျား။
(ဃ)
ပြန်ကြားရေး၊ အလဲဗင်းနှင့် စာနယ်ဇင်းများ
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းခဲ့တာနဲ့ ပတ်သက်လို့လည်း အတော်လေးကို လှုပ်လှုပ်ခတ်ခတ် ဖြစ်နေတာကို တွေ့ရပါတယ်။ ကျွန်တော်နားမလည်နိုင်တာက သူများနိုင်ငံတွေမှာ ဥပဒေတွေကို ဘယ်လိုများ ပြဋ္ဌာန်းရေးဆွဲနေကြသလဲ ဆိုတဲ့အချက် ဖြစ်ပါတယ်။ ကျွန်တော်အများကြီး လေ့လာဖို့ လိုဦးမယ် ထင်ပါရဲ့ဗျာ။ ကျွန်တော်က အခြားနိုင်ငံတွေမှာလည်း ဥပဒေဆိုတာ လွှတ်တော်က ရေးဆွဲပြဋ္ဌာန်းတာလို့ ထင်ထားတာဗျ။ အခုတော့ ကျွန်တော့်အထင်တွေကို ပြောင်းရတော့မယ်ထင်တယ်။ ရင်းနှီးမြှုပ်နှံမှုနဲ့ဆိုင်တဲ့ ဥပဒေဆိုရင် စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက ရေးဆွဲမယ်၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေဆိုရင် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းတို့၊ မိခင်များအဖွဲ့ချုပ်တို့၊ အမျိုးသမီးရေးရာတို့က ရေးဆွဲမယ်၊ ဆေးလိပ်နဲ့ ဆေးရွက်ကြီးဥပဒေဆိုရင် ဆေးလိပ်မသောက်တဲ့လူတွေ၊ ဒါမှမဟုတ် ဆေးလိပ်သောက်တဲ့လူတွေက ရေးဆွဲမယ်၊ သယ်ယူပို့ဆောင်ရေး ဥပဒေဆိုရင် ယာဉ်ပိုင်ရှင်တွေ၊ ယာဉ်မောင်းတွေ၊ စပယ်ယာတွေက ရေးဆွဲမယ်၊ အလုပ်သမားဥပဒေဆိုရင် စက်ရုံအလုပ်ရုံအသီးသီးက အလုပ်သမားတွေက ရေးဆွဲရမယ်၊ စသည်ဖြင့်ပေါ့ဗျာ။ အဲဒီလိုများ ဖြစ်မလားမသိဘူးဗျာ။ သိတဲ့လူတွေများရှိရင် ကျွန်တော့်ကို ပြောပြကြပါဦး၊ ဖတ်ရမယ့်စာအုပ်တွေ ညွှန်ကြပါဦး။ လွှတ်တော်က ကော်မတီတွေဖွဲ့ထားတာ ဘာလုပ်ဖို့လဲ၊ လွှတ်တော်ကိုယ်စားလှယ်တွေ ရွေးချယ်ထားတာ ဘာလုပ်ဖို့လဲ။ တောက်... ပြောရင်းနဲ့ စိတ်တိုလာတယ်။ သိပ်တော့ မဟုတ်သေးပါဘူးဗျာ... ဘယ်နှယ့်ဗျာ ရေးဆွဲထားတဲ့ ဥပဒေကဖြင့် လွှတ်တော်မှာတောင် မဆွေးနွေးရသေးဘူး၊ အတည်မပြုရသေးဘူး၊ အပြင်မှာ ဖြစ်နေလိုက်ကြတာ တကယ့်ကို အမဲသားတုံးကို ကျီးကန်းအုံနေသလိုပါပဲ။ မြန်မာပြည်မှာက ကလောင်တစ်ချောင်းကိုင်ထားရင်၊ ဂျာနယ်တစ်စောင်လောက် ထုတ်ဝေနေရင်၊ သတင်းထောက်ဆိုတဲ့ ကတ်လေးတစ်ခုများ ရှိထားရင် သူတို့ကိုယ်သူတို့ မသိတာမရှိ၊ မတတ်တာမရှိ၊ နားမလည်တာမရှိ၊ အားလုံးသိတဲ့ အနှိုင်းမဲ့ကြီးတွေလို့ ထင်နေကြတော့တာကိုး။ အလဲဗင်းဆိုတဲ့ မီဒီယာ နည်းနည်းမဟုတ်တော့ဘူး အတော်ကြီးတော့ လွန်လာပြီလို့ ထင်တာပဲ။ ဆူးလှည်းဖြစ်မှန်းမသိ ဖြစ်လာနေတာကို မြင်နေရတယ်။ ဒီပုံအတိုင်းဆို အနာဂတ်အလားအလာ သိပ်မကောင်းနိုင်ဘူး။ ခက်တာက သူတို့က သူတို့ကိုယ်သူတို့ နံပါတ်ဝမ်းလို့ အတင်းခံယူထားပေမယ့် မီဒီယာလောကအတွင်းမှာကျတော့ သူ့ကို ဘယ်သူကမှ အဖက်မလုပ်တာ အတော်ဆိုးတယ်။ သူကလည်း သူကလွဲရင် အခြားမီဒီယာတွေဟာ တတ်လို့လုပ်တာမဟုတ်၊ ငတ်လို့လုပ်တာဆိုတဲ့အပေါက်မျိုး သိပ်ပြောတတ်၊ ရေးတတ်တာကိုး။ အခုလည်းကြည့်ဦး ဘာတဲ့... သူတို့ရုံးမှာ လွှတ်တော်ကို တင်သွင်းခဲ့တဲ့ ပုံနှိပ်ထုတ်ဝေရေးဥပဒေကို ကန့်ကွက်တဲ့အကြောင်း ဗီနိုင်းချိန်ဆွဲထားသတဲ့။ အေးလေ... သူ့ဆန္ဒကိုယ်သူ လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရှိတာပဲ... လုပ်ပေစေပေါ့။ ဒါပေမယ့် သူတို့ဗီနိုင်းချိတ်ထားတာကို ဘယ်သူကမှလည်း ဂရုမစိုက်၊ ဘယ်သူကမှလည်း အလေးထားပြီး သတင်းမရေးတော့ သူတို့ထုတ်တဲ့ ဂျာနယ်မှာ သူတို့ဘာသာသူတို့ သတင်းပြန်ရေးတယ်၊ မကောင်းဘူးလား။ ထားပါ.. သူများမရေးလို့ သူတို့ဘာသာ ရေးတာပဲ။ အဲဒါကို သတင်းလို့ သတ်မှတ်လို့ ရေးတယ်လို့ပဲ ထားလိုက်ပါတော့။ ဒါက အစိုးရ၀န်ကြီးဌာနတစ်ခုကို တရားဝင် ကန့်ကွက်တာနော်။ လူမြင်သူမြင် ဗီနိုင်းချိတ်တယ်၊ ထပ်ပြီးတော့ ကျယ်ပြန့်စေချင်တဲ့အတွက် သူတို့ဂျာနယ်မှာ သတင်းထည့်ရေးတယ်၊ အဲ.... ဘာမဟုတ်တဲ့ အွန်လိုင်းပေါ်က သူတို့စာမျက်နှာမှာကတော့ အလဲဗင်းကို မကောင်းကြောင်းများပြောရင် အဲဒီကွန်းမန့်ကို ဖျက်ပစ်ရတာနဲ့၊ ရေးတဲ့လူကို ဘန်းရတာနဲ့၊ အတော်လည်း ဟုတ်တဲ့လူတွေဗျာ။ ငါကသာ သူများကို လက်ညှိုးထိုးမယ်၊ ငါ့ကိုတော့ မျက်လုံးနဲ့တောင် စိုက်မကြည့်နဲ့ဆိုတဲ့ မီဒီယာလို့ပဲ ကျွန်တော်က သတ်မှတ်လိုက်ပါတယ်ဗျာ။ (တချို့တွေ ပြောကြသလို အလဲဗင်းဟာ နေ့စဉ်သတင်းစာ ထုတ်ဝေခွင့် ရတဲ့အထဲမှာ မပါသေးတဲ့အတွက် အရှိုက်ထိပြီး အခုလို လုပ်မိလုပ်ရာ လျှောက်လုပ်တာ ဟုတ်၊ မဟုတ် ဆိုတာကတော့ ကျွန်တော်ကိုဉာဏ် သေချာမသိတဲ့အတွက် ဒီနေရာမှာ ဘာမျှမပြောလိုပါဘူး) ကဲ... ကဲ.... သိပ်လည်း သည်းမနေကြပါနဲ့ မီဒီယာတို့ရယ်... ဥပဒေကြမ်းက အခုမှ ပြည်သူ့လွှတ်တော်ကို တင်ထားတုန်း ရှိပါသေးတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေက ဆွေးနွေးကြဦးမှာပါ၊ သက်ဆိုင်တဲ့ ရေးရာကော်မတီကလည်း သက်ဆိုင်ရာနယ်ပယ်က ကျွမ်းကျင်ပညာရှင်တွေ၊ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ၊ အကြံဉာဏ်ယူတာတွေ လုပ်ကြဦးမှာပါ။ ဥပဒေဆိုတဲ့ စကားကိုကြားတိုင်း တီကို ဆားနဲ့တို့သလို ဖြစ်နေတာကတော့ သိပ်ပြီး မနိပ်လှဘူး ထင်ပါတယ်ဗျာ။ ကိုယ်တိုင်ဥပဒေပြဋ္ဌာန်းချင်ရင် စာနယ်ဇင်းပါတီဖွဲ့၊ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲသာ ၀င်ထိုင်ကြပါတော့လို့ ကျွန်တော်က အကြံပြုချင်ပါတယ်။ နောက်တစ်ခု ကျွန်တော်ကိုဉာဏ် ကတိပေးချင်တာက လွှတ်တော်တွေက ပြဋ္ဌာန်းတဲ့ ဥပဒေတွေဟာ မဖြစ်သင့်လောက်အောင် ဖိနှိပ်ထားတာ၊ နှိပ်ကွပ်ထားတာ၊ ချုပ်ချယ်ထားတာ၊ ကန့်သတ်ထားတာတွေ ပါနေတယ်ဆိုရင် ကျွန်တော်ကလည်း တတ်နိုင်တဲ့ဘက်က ခင်ဗျားတို့နဲ့အတူ လွှတ်တော်ကို ဝေဖန်မယ်ဆိုတာပါပဲ။ အခုဟာက ဥပဒေကြမ်းပဲ ရှိပါသေးတယ်ဗျာ။ အရက်ပုလင်းကိုမြင်ရုံနဲ့ မူးသွားတယ်ဆိုရင်တော့ သေချာတယ်... အဲဒီပုလင်းကြောင့် မဟုတ်ဘူး၊ ခင်ဗျားတို့ဘာသာ ပုလင်းကို မမြင်ခင်ကတည်းက သောက်ထားခဲ့ကြလို့ပါ။ စေ့စေ့တွေးရင် ရေးရေးပေါ်ပါတယ်ဗျာ။ :D
(င)
သမ္မတကြီးကို ကန့်ကွက်ဆန္ဒပြခဲ့ကြသည့် ပြည်ပရောက် မိကောင်းဖခင်သားသမီးများ
အားလုံးသိပြီးသားမို့ အထွေအထူး ရေမနှူးတော့ပါဘူး။ သမ္မတကြီးရဲ့ ဥရောပခရီးစဉ်တွေကို ကျွန်တော်တို့အားလုံး ဖတ်ခဲ့၊ ကြားခဲ့၊ မြင်ခဲ့ရပြီး ဖြစ်ပါသည်။ နိုင်ငံအတွက် ဆောင်ရွက်ရန်ရှိသည်များကို အားကြိုးမာန်တက် ဆောင်ရွက်နေသည်ကို ရုပ်သံမှတ်တမ်းများအရလည်း သိရပါသည်၊ ထုတ်ပြန်ချက်များ အရလည်း သိရပါသည်။ ရလဒ်များအရလည်း သိရပါသည်။ နိုင်ငံတိုးတက်စေရန်ဟူသည့် ရည်မှန်းချက် တစ်ခုတည်းဖြင့် သွားရောက်၊ တွေ့ဆုံ၊ ဆွေးနွေး၊ အကူအညီတောင်း လုပ်ခဲ့သည်ကို အမှန်အတိုင်း လက်ခံရမည်သာ ဖြစ်ပါသည်။ လက်မခံလျှင်လည်း အတင်းအဓမ္မမပြောလိုပါ။ ဒီအတိုင်းနေရုံသာ ဖြစ်ပါသည်။ သို့သော် တိုင်းပြည်အတွက် အလုပ်လုပ်နေတဲ့သူကို အကောင်းလည်းမပြော၊ ချီးကျူးခြင်းလည်း မပြုဘဲ ကန့်လန့်တိုက်နေသူများကိုတော့ အံ့သြမိတာ အမှန်ပင်။ ထားပါလေ... ဒါကလည်း ကိုယ့်အယူအဆနဲ့ကိုယ်ပဲ၊ လွတ်လပ်စွာ ကွဲလွဲခွင့်ရှိပါတယ်။ သို့သော် ကွဲလွဲသည့်နေရာတွင် ကွဲလွဲလိုခြင်းက အဓိကလား၊ ရိုင်းစိုင်းလိုခြင်းက အဓိကလားဆိုသည်ကို ကျွန်တော် သံသယဖြစ်မိပါသည်။ ဆေးဆိုလျှင် ခါးမှကောင်းတာဟု အခုထိ အသိစွဲနေသေးလျှင်ဖြင့် ကျွန်တော်မပြောလိုပါ။ ကိုယ်သဘောမကျတဲ့လူကို ကန့်ကွက်တာ၊ ဆန္ဒပြတာဟာ အရိုင်းစိုင်းဆုံး စကားလုံးတွေ သုံးဖို့လိုပါသလားဟု ကျွန်တော်က မေးခွန်းထုတ်ချင်ပါသည်။ အလကားနေရင်း မွေးထားတဲ့ မိဘများကို မျက်နှာပူစရာကြီး ဖြစ်ပါသည်။ ပြောတောဖြင့် မြန်မာပြည်လိုမဟုတ်တဲ့ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ပြည်ပနိုင်ငံတွေမှာ နေထိုင်ကြတာတဲ့၊ လုပ်တဲ့လုပ်ရပ်၊ ထွက်တဲ့စကား၊ ရေးတဲ့စာတွေက တစ်စက်ကလေးမျှ အဆင့်အတန်းမရှိ၊ မယဉ်ကျေး။ သူတို့အစား ကျွန်တော့်မှာ ရှက်လိုက်သည်က မပြောပါနှင့်တော့။ အဲဒါ ဒီနိုင်ငံကို ရောက်နေတဲ့ မြန်မာတွေလေဟူသော အကြည့်၊ စကားတွေကို ဘယ်လိုများ ခံစားရမလဲ။ အင်း... အိုင်တီခေတ်၊ အိုင်တီခေတ်နဲ့ ဘယ်လောက်တောင် တိုးတက်နေသလဲဆိုတာ အခုမှပဲ ကျွန်တော်သိတော့တယ်။ မြစ်တစ်ဖက်ကမ်းက မီးပုံကို ဒီဘက်ကမ်းကနေ ယပ်ခတ်နေတာကတော့ သိပ်ကိုတိုးတက်လွန်းတယ်လို့ ထင်တာပါပဲ။ သမ္မတကြီးကို ကန့်ကွက် ဆန္ဒပြခဲ့ကြတဲ့ ပြည်ပရောက် မိကောင်းဖခင် သားသမီးလေးတွေကို မှတ်တမ်းတင် ထားလိုက်ပါတယ်ဗျာ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်၊ သောကြာနေ့။
မွန်းလွဲ ၁ နာရီ ၂၀ မိနစ်တွင်ပြီး၏။
No comments:
Post a Comment