နိဒါန်း
လက်ပံတောင်းတောင်
နည်းသိရင် လွယ်လွယ်လေး
သိပ်မပိရိတဲ့ မြန်မာဇာတ်လမ်း
အပြီးသတ် အစီရင်ခံစာထွက်ပါပြီ
အစီရင်ခံစာ၏ နောက်ဆက်တွဲဇာတ်ကွက်များ
မြစ်ဆုံကိစ္စဖြစ်တော့ တစ်နိုင်ငံလုံးအနှံ့ မြစ်ဆုံရောဂါ ကူးစက်သွားခဲ့တာ အားလုံးအသိပါ။ ဒါကို အပြစ်ပြောစရာလို့ မမြင်ပါ။ ကိုယ့်နိုင်ငံရဲ့ ရေမြေတောတောင်သဘာဝကို ချစ်မြတ်နိုးတာဟာ အပြစ်မှ မဟုတ်တာပဲ။ လေးစားဖို့တောင် ကောင်းသေးတော့တယ်။ ဟုတ်တယ်လေ.... ဧရာဝတီဆိုတာ မမြင်ဖူး၊ မရောက်ဖူးတဲ့ သူတွေတောင်မှ ဟိုးငယ်ငယ် ကလေးဘ၀ကတည်းက သင်ခဲ့ရတဲ့ စာအုပ်တွေထဲမှာ မြန်မာနိုင်ငံရဲ့ အဓိကမြစ်ကြီးဖြစ်တယ်၊ မြောက်မှတောင်သို့ စီးဆင်းတယ်၊ မိုင်ပေါင်း ဘယ်လောက်ရှည်တယ်၊ မြစ်ကျဉ်း ဘယ်နှခုရှိတယ်၊ ဘယ်မြို့တွေကို ဖြတ်သွားတယ်၊ သူ့ရဲ့ မြစ်လက်တက်တွေက ဘာတွေဖြစ်တယ် စသည် စသည်ဖြင့် မြန်မာတိုင်းသိတယ်။ ကိုငှက်ကြီးစကားလုံး ယူပြောရမယ်ဆိုရင် ဧရာဝတီဟာ ရာဇ၀င်ထဲက သတို့သမီး၊ ဆရာမြသန်းစံ ရေးစပ်သီကုံးခဲ့တဲ့ ကိုညီထွဋ်ရဲ့ မဟာသီချင်း ထဲကအတိုင်းဆိုရင်တော့ ဧရာဝတီဟာ အားလုံးရဲ့မိခင်၊ သမိုင်းရဲ့ သက်သေပဲ။ ပြောချင်တာက ဧရာဝတီဆိုတာ ကမ္ဘာသိ၊ မြန်မာသိ မြစ်ကြီးတစ်စင်း။ မြန်မာတို့ရဲ့ အသည်းနှလုံး။ မေခနဲ့ မလိခဆိုတာ မြန်မာတို့ရင်ထဲက ဂန္ထ၀င်မြစ်နှစ်စင်း၊ ပြောရရင် ဧရာဝတီမြစ်ရဲ့ အဖေနဲ့အမေပေါ့။ မြစ်ဆုံအလှဆိုတာ ကမ္ဘာကျော်အလှမို့ လူတိုင်းသိနေတာကိုး။ ကိုင်း.... ထားပါတော့။ လိုရင်းပြောရရင် မြစ်ဆုံစီမံကိန်းတို့၊ ရေအားလျှပ်စစ်တို့၊ တရုတ်ကုမ္ပဏီတို့၊ သဘာဝပတ်ဝန်းကျင်တို့၊ ဧရာဝတီမြစ် ပျက်စီးတာတို့၊ ရေထုညစ်ညမ်းတာတို့၊ စတဲ့စတဲ့ အချက်တွေကို ဘယ်လိုပဲ ခေါင်းစဉ်တပ်နေပါစေ... မြစ်ဆုံစီမံကိန်းကို ကန့်ကွက်တာကို နားလည်ပေးလို့ရတယ်။ အကြောင်းပြချက် ရှိတယ်ပေါ့ဗျာ။
လက်ပံတောင်းတောင်
စာဖတ်နေရင်းနဲ့ ကိုယ့်ဘာသာကိုယ်ပဲ မေးကြည့်စေချင်ပါတယ်။ လက်ပံတောင်းတောင်ဟာ ဘယ်ဒေသမှာရှိတာလဲ၊ ဘယ်လို တောင်အမျိုးအစားလဲ၊ အမြင့်ပေ ဘယ်လောက်ရှိသလဲ၊ ပတ်ဝန်းကျင်မှာ ဘာတွေရှိသလဲ၊ အဲဒီတောင်ကို အမှီပြုပြီး ဘယ်လိုအသက်မွေးဝမ်းကျောင်း လုပ်လို့ရသလဲ (သစ်တောစိုက်လို့ရသလား၊ အမဲလိုက်လို့ရသလား၊ ထင်းခုတ်လို့ရသလား၊ စသည်)၊ အဲဒီတောင်ဟာ မြန်မာနိုင်ငံရဲ့ အမွေအနှစ်တစ်ခုလား၊ ကမ္ဘာလှည့်ခရီးသည်တွေ နှစ်စဉ်အလေးထားပြီး လာရောက်ကြည့်ရှုရတဲ့ သာယာလှပတဲ့နေရာလား၊ အဲဒီတောင်မှာ အခြေပြုခဲ့တဲ့ သမိုင်းတန်ဖိုးတွေ ဘာတွေရှိသလဲ။ ဒါတွေက စဉ်းစားမိသလောက် ထုတ်ပြထားတာပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် လက်ပံတောင်းတောင်ဆိုတာ ဘယ်ဒေသမှာ ရှိမှန်းတောင် မသိတဲ့လူတွေက သူများ လက်ပံတောင်းဆိုတိုင်း လိုက်ပြီးတော့ လက်ပံတောင်းနေကြတာ။ ၉၀ ရာခိုင်နှုန်းလောက်က အဲဒီလိုမျိုး ဝေလေလေအုပ်စုထဲမှာပါတယ်။ မကြိုက်ရင်လည်း မတတ်နိုင်ဘူး၊ ကိုယ့်ကိုထိရင် နာကြပေါ့။ အများပြည်သူ လက်ခံနိုင်လောက်တဲ့၊ ပညာရှင်တွေ လက်ခံနိုင်မယ့် လက်ပံတောင်းတောင် သမိုင်းဆိုင်ရာ စာတမ်းဖတ်ပွဲတို့၊ ဆွေးနွေးပွဲတို့ လုပ်ကြပါလားဗျာ။ ဒါမှ ကျွန်တော်ကိုဉာဏ်လို နလပိန်းတုံးတွေလည်း လက်ပံတောင်းတောင်ရဲ့ အရေးပါပုံ၊ သမိုင်းတန်ဖိုးအရ အဖိုးမဖြတ်နိုင်ပုံကို သိခွင့်ရမှာကိုး။
နည်းသိရင် လွယ်လွယ်လေး
မဖြစ်ညစ်ကျယ် တောရေးတောင်ရေး၊ ဟိုပြောဒီပြော စာတမ်းလိုလို၊ ဆွေးနွေးပဲလိုလိုတွေတော့ လာမပြောပါနဲ့ဗျာ။ စိတ်မ၀င်စားဘူး။ ဒီခေတ်ကြီးမှာ သိပ်ဟော့နေတဲ့ အကြောင်းအရာတွေကို ကြိုက်တာရေးပြီး စာတမ်းလုပ်၊ အပေါစား ဂျာနယ်တိုက်တွေပို့ပြီး ဖွလို့ရတယ် (လူထုရင်ထဲကို ငြိသွားစေမယ့် လက်ရှိဖြစ်ရပ်တွေအတွက် ခေါင်းစဉ်လိုချင်ရင် လာတောင်းဦး၊ အလကားအခမဲ့ ကျွန်တော်ကိုဉာဏ်က အကူအညီပေးမယ်)၊ စပွန်ဆာရှာပြီး ပိုက်ဆံရှိရင် ခန်းမတစ်ခုငှားပြီး ဆွေးနွေးပွဲဆိုပြီး ဗီနိုင်းနောက်ခံထားပြီး အရူးချီးပန်း ကြိုက်တာပြောလို့ရတယ်၊ နောက်နေ့ထုတ် ဂျာနယ်တွေမှာ ........ ဆိုင်ရာ ဆွေးနွေးပွဲ ဘယ်မှာလုပ်တယ်၊ ဘယ်သူတွေတက်တယ်ဆိုပြီး နာမည်ကြီးချင်လို့ ပါလေရာ လုပ်နေတဲ့သူတွေရဲ့ နာမည်လေး ၄-၅ ခုလောက် ရေးလိုက်ရင် အဆင်ပြေပြီ။ ပြီးရင် ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ သမ္မတကြီးဆီ၊ လွှတ်တော်ဥက္ကဋ္ဌတွေဆီ၊ ဒေါ်အောင်ဆန်းစုကြည်ဆီ ဆက်ပြီး တင်ပြသွားမယ်လို့ လက်ဆောင်ပေးပြီး ဖိတ်ထားတဲ့ သတင်းထောက်တွေကိုပြောပြ၊ ဟော... နောက်နေ့ထုတ် ဂျာနယ်တွေမှာ အဲဒီလောက်ဆိုရင် မျက်နှာဖုံးသတင်း ဖြစ်သွားပြီ။ ပိုပြီး ဇာတ်နာချင်တယ်ဆိုရင် အရင်စစ်အစိုးရရဲ့ သောက်သုံးမကျမှုကြောင့် ဆိုတဲ့စကားကို ခဏခဏထည့်ပြော၊ ပြီးရင် အဲဒီဒေသက ဒေသခံပြည်သူတွေ၊ တောင်သူလယ်သမားတွေ ဘယ်လိုဒုက္ခရောက်ရကြောင်းကို ဒါရိုက်တာ ဆရာဝင်းထွန်းထွန်း ဆီမှာ အကြံဉာဏ်တောင်းပြီး ငိုပြလိုက်။ အမလေး..... ဂျာနယ်တွေမှာ ရေးလို့ကောင်းလိုက်မယ့်ဖြစ်ခြင်း၊ ပြည်ပရေဒီယိုတွေကနေ အင်တာဗျူးလုပ်လို့ ကောင်းလိုက်မယ့်ဖြစ်ခြင်း၊ အင်တာနက်မှာ ဖွလို့ကောင်းလိုက်မယ့်ဖြစ်ခြင်း။ ကျွန်တော်ပြောခဲ့ပါသကော... နည်းသိရင် လွယ်လွယ်လေးပါလို့။
သိပ်မပိရိတဲ့ မြန်မာဇာတ်လမ်း
ကျွန်တော်တို့မြန်မာအများစုဟာ နိုင်ငံခြားဇာတ်ကားတွေကို သဘောကျနှစ်ခြိုက်ကြပါတယ်။ မြန်မာဇာတ်ကားတွေကို မကြည့်ဖူးလားဆိုတော့ ကြည့်ပါသည်။ သို့သော် နိုင်ငံခြားဇာတ်လမ်းတွေကို ပိုကြိုက်တတ်ပါသည်။ ဘာကြောင့်လဲဆိုတော့ လိမ်တာချင်းအတူတူ နိုင်ငံခြားက လိမ်တာတွေက ပိုအဆင့်မြင့်လို့ ဖြစ်ပါသည်။ ရုပ်ရှင်ဆိုတာ တကယ်မဟုတ်ဘူး ဆိုတဲ့စိတ်ကို မေ့ပျောက်သွားပြီး ကြည့်နေသူကိုယ်တိုင် ရုပ်ရှင်ထဲတွင် စီးမြောသွားအောင် ရိုက်ကူးတင်ပြနိုင်သောကြောင့် ဖြစ်ပါသည်။ မြန်မာဇာတ်လမ်းတွေကတော့ အားလုံးသိတဲ့အတိုင်း မဲပြာပုဆိုးများသည်၊ ခေါက်ရိုးကျိုးနေတာများသည်၊ ဒီပုပ်ထဲကဒီပဲများသည်၊ ထူးမခြားနားများသည်၊ အရာကြီးနဲ့ဘာဘူကြီး အတူတူပါပဲများသည်၊ စသည်စသည်ဖြင့်။ ပြောရလျှင် ဇာတ်လမ်းကို ၁၀-၁၅ မိနစ်လောက် ကြည့်ပြီးလျှင် ဒီဇာတ်လမ်းသဘောကို နားလည်လွယ်သည်၊ ဘာဖြစ်တော့မယ်ဆိုတာ သိနိုင်သည်၊ ဇာတ်လမ်းက ဘယ်လိုအဆုံးသတ်မယ်ဆိုတာ သိနိုင်သည်ပေါ့။ ထို့ကြောင့် ပရိသတ်က ငြီးငွေ့သည်၊ စိတ်ကုန်သည်။ ကိုယ်ကြိုသိနေတဲ့ ဇာတ်လမ်းတစ်ခုကို ဘယ်သူကများ အချိန်ကုန်ခံပြီး ထိုင်ကြည့်နေမှာလဲ၊ မဟုတ်ဘူးလား။ ဟော... အခုလည်း လက်ပံတောင်းစီမံကိန်းဆိုသည့် ဇာတ်ကားကြီးကို ရုံတင်ကြလေပြီ။ မင်းသားသစ်၊ မင်းသမီးသစ်များ ဝေေ၀ဆာဆာဖြင့်၊ တကယ့်ကို သဘာဝမင်းသား၊ မင်းသမီးတွေများသည်။ အထူးဧည့်သည် သရုပ်ဆောင်တွေအဖြစ် သင်္ကန်းဝတ်ကိုယ်တော်တွေကိုပင် ထည့်လိုက်သေးသည်။ သူတို့ခမျာ ကျရာဇာတ်ရုပ်ကို ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းဆရာတွေ အလိုကျ သရုပ်ဆောင်ကြရသည်။ ရိုက်ကွင်း မန်နေဂျာကလည်းတော်သည်၊ လက်ပံတောင်းဒေသသည် ဇာတ်ကားအတွက် အင်မတန်သင့်လျော်သည့် ရှုခင်းရှုကွက်တွေဖြစ်ကြောင်း သေသေချာချာ သိနေသည်ကိုး။ ဦးပိုင်ရှိသည်၊ ၀မ်ဘောင်ရှိသည်၊ လယ်တီဆရာတော်ကြီးရဲ့ တောကျောင်းလေးရှိသည်။ ဇာတ်ဝင်ခန်းတွေက သိပ်ကို ပီပြင်သွားသည်။ ဇာတ်ဝင်ခန်းအရ ရဲတွေ မပါအဖြစ် ပါလာရအောင် ဇာတ်ညွှန်းခွဲလိုက်သည်။ သိပ်ကို ဇာတ်နာသွားသည်။ (၀င်းထွန်းထွန်း ထိုင်ငိုသွားလောက်သည်) အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်လိုက်သည်။ ကဲ... တော်လောက်ပါပြီ။ ကျန်တာတွေက စာဖတ်သူလည်း သိနှင့်ပြီး အကြောင်းအရာများ ဖြစ်ပါသည်။ ကျွန်တော်ပြောခဲ့ပါသကော... မြန်မာဇာတ်လမ်းတွေက သိပ်ကိုရိုးစင်းလွန်းတယ်လို့။ ဘာဇာတ်ကွက်ပြီးရင် ဘာဖြစ်တော့မယ်ဆိုတာ ကြိုတင် သိနိုင်သည်၊ ခန့်မှန်းနိုင်သည်။ ကျွန်တော်ရေးခဲ့တဲ့ စာတွေထဲမှာ မကြာခဏ ထည့်ရေးခဲ့ဖူးသည်။ ဘယ်သူပဲ ဥက္ကဋ္ဌလုပ်ပြီး စုံစမ်းစစ်ဆေးပါစေ၊ သူတို့အလိုကျ ရလဒ်မထွက်လာလျှင် ကန့်ကွက်မှာပဲလို့ ပြောတဲ့လူတွေက ကော်မရှင်ဖွဲ့စကတည်းက ရှိနေခဲ့တယ်ဆိုတာလေ။ ကျွန်တော်က မြန်မာဇာတ်ကားတွေ အင်မတန်ကြိုက်သူဆိုတော့ အဲဒီကတည်းက ဒီဇာတ်လမ်းဟာ ဘယ်လိုဖြစ်လာတော့မယ်ဆိုတာ ကြိုသိပြီးသားဗျ။ အဲဒါကြောင့် ဒီဇာတ်လမ်းကြီးကို စိတ်ကိုမ၀င်စားတာ။ ပြောရတာတော့ အားနာတယ်ဗျာ... ဇာတ်လမ်းတွေက ရိုးနေပြီမို့ ပြင်ပါဦးလို့ နောက်ကွယ်က ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းဆရာတွေကို ဒီနေရာကနေ ပြောလိုက်ပါရစေ....။
အပြီးသတ် အစီရင်ခံစာထွက်ပါပြီ
အဲဒီလို အစီရင်ခံစာထွက်ခဲ့ရင် အဲဒီလို ဆက်ဖြစ်မယ်ဆိုတာ အားလုံးက သိပြီးသား။ ဘယ်လိုလဲ ဟုတ်တယ်မလား၊ စာဖတ်သူလည်း သိတယ်မဟုတ်လားဗျ။ ဒီအစီရင်ခံစာကို ဆင်ဆာ ခွင့်ပြုလိုက်ပြီဆိုတာနဲ့ ဒီဇာတ်လမ်းကို ဒီလိုဆက်ရိုက်ကြမယ်ဆိုတာ အားလုံးက သိပြီးသားဗျ။ အစီရင်ခံစာကိုတော့ ဖတ်ကြည့်သင့်ပါတယ်။ ကော်မရှင်ရဲ့ အားထုတ်ကြိုးပမ်းမှုနဲ့ အမြော်အမြင်ကို ချီးကျူး အသိအမှတ်ပြုပါတယ်။ ဒီဆေးနဲ့ ဒီဆေးသောက်ရင် စိတ်ညစ်လောက်အောင် ခါးမယ်ဆိုတာ လူနာရော၊ ဆရာဝန်ရော သိတယ်ဗျ။ လူနာက မသောက်ချင်ဘူးပေါ့၊ ဆရာဝန်ကလည်း ဒီဆေးတွေသောက်မှ ရောဂါပျောက်မယ်ဆိုတာ သိနေတာကိုး။ အပြင်လောကမှာလည်း အဲဒီလိုပါပဲ။ တချို့အကြောင်းအရာတွေကို စိတ်ခံစားမှုနဲ့ချည်း ဆုံးဖြတ်လို့မရဘူး။ ခါးလို့ မသောက်ချင်တာ စိတ်ခံစားမှုဗျ။ ဒါသောက်မှ ရောဂါပျောက်မှာက ပကတိအမှန်တရား၊ ပညာရပ်သဘောတရား။ နားလည်ကြစေချင်တယ်။ အစီရင်ခံစာကို ဒီနေရာမှာ Download ယူပါဗျာ။ အောက်မှာတော့ ဦးပိုင်နဲ့ ၀မ်ဘောင်တို့ရဲ့ ထုတ်ပြန်ချက်တွေကို ဖော်ပြထားပါတယ်။
အစီရင်ခံစာ၏ နောက်ဆက်တွဲဇာတ်ကွက်များ
စကားလုံးတွေနဲ့ မဖော်ပြလိုတော့ပါဘူး။ အောက်မှာသာ တစ်ခုချင်းဆီ ရှုစားတော်မူကြပါခင်ဗျား။ စကားလုံးတွေထက်စာရင် အရုပ်အသံတွေက ပိုကောင်းတယ်မဟုတ်လား။ ကိုယ့်ဘာသာကိုယ် ဝေဖန်ကြ၊ ဆန်းစစ်ကြ၊ စဉ်းစားကြပါဗျာ။ Facebook က နာမည်ကြီးတစ်ယောက်ရဲ့ လေသံနဲ့ ပြောရမယ်ဆိုရင်တော့ လက်ပံတောင်းမှာ ဖြစ်တဲ့ကိစ္စက ဘာဖြစ်လို့ ရန်ကုန်မှာ ဆန္ဒပြကြရသလဲ ဆိုတာကတော့ ကျွန်တော်လည်း မဖြေတတ်ဘူးနော်။ ကိုယ့်ဘာသာကိုယ် တွေးကြပေါ့။ လွတ်လွတ်လပ်လပ်ပါပဲ။ :D
ညောင်းဦးကမ်းပါးပြိုတာနဲ့ နွားမပေါင်ကျိုးတာက ဘာဆိုင်လဲ မေးတတ်တဲ့လူတွေအတွက် သူတို့က အဖြေပေးသွားပါပြီ။ လက်ပံတောင်းမှာ ဖြစ်နေတာဟာ ရန်ကုန်မှာလည်း ဆန္ဒပြလို့ ရနေတာမင့်ဟာ။ ဟုတ်ဘူးလား။ စီးပွားရေးစကားနဲ့ ပြောရမယ်ဆိုရင် အကွက်မြင်တယ်၊ လာဘ်မြင်တယ်လို့ ခေါ်တယ်ဗျ။ အဲဒီလိုလူတွေကို ကပ်ထားကြ၊ ဘယ်တော့မှ ခေတ်မတိမ်ဘူး။ သူတို့က ဂွင်ကို သိတယ်၊ မိအောင်ဖမ်းတတ်တယ်။ သိပ်တော်တဲ့ ဆရာကြီး၊ ဆရာမကြီးတွေပေါ့ဗျာ။ ထွီ... (ဆောရီးပါဗျာ... စာရိုက်နေရင်း ပါးစပ်ထဲကို ခြင်ဝင်သွားလို့ ထွေးလိုက်မိတာပါ၊ တကယ်ပါဗျာ...) :D
တို့တွေရဲ့ သာသနာ့အာဇာနည်တွေကတော့ တကယ့်ကို ရဲရဲတောက်ပဲဟေ့။ လျှောက်ထားကိုယ်တော် ဆက်လျှောက်။ ရင်ကို ဒီထက်နည်းနည်းလောက် ထပ်ဖွင့်လိုက်ပါဦး။ အဲဒါဆို ပိုပြီးတော့ ခန့်ညားသွားမှာပါ ဘုရား...။ :D
လူတန်းစားပေါင်းစုံဆိုတာကို အခုမှပဲ သေသေချာချာ နားလည်တော့တယ်။ ကလေးလည်းပါတယ်၊ လူကြီးလည်းပါတယ်၊ မိန်းမလည်းပါတယ်၊ ယောက်ျားလည်းပါတယ်၊ ဘုန်းကြီးလည်းပါတယ်၊ လူဝတ်ကြောင်လည်းပါတယ်၊ စက်ဘီးစီးလည်းပါတယ်၊ ဆိုင်ကယ်စီးလည်းပါတယ်။ ကဲ... ဒီလောက် လူတန်းစားစုံတာ ဘယ်မှာရှိဦးမှာလဲဗျာ။ :D
ခမောက်တွေဆင်တူ၊ အလံတွေတလူလူနဲ့ ကြိုးစားထားလိုက်စမ်းပါ ကြီးတော်တို့ရဲ့။ တောသူမတွေ ဘယ်လောက် ပါးရည်နပ်ရည် ရှိတယ်ဆိုတာကို ပြလိုက်စမ်းပါ။ တစ်နိုင်ငံလုံး ဆန္ဒပြနေတဲ့ခေတ်မှာ ကြီးတော်တို့ တောသူတောင်သားတွေလည်း ခေတ်မီတဲ့အကြောင်း ကမ္ဘာသိအောင် ကြွေးကြော်လိုက်စမ်း။ နောက်ဆိုရင် နောင်လာနောက်သားတွေကို အမေတို့တုန်းကလေ... အဘွားတို့တုန်းကလေ... ဆိုပြီးတော့ ညအိပ်ရာဝင်ပုံပြင်အဖြစ် တစ်ထောင့်တစ်ည ပြောပြလို့ရတာပေါ့။ နော့....။ :D
အင်း... တစ်ချိန်းတုန်းက လူဖြူလူမည်းပြဿနာ၊ ကျားမပြဿနာတွေ တက်ခဲ့ဖူးတယ်။ တန်းတူညီမျှရေးဆိုပြီး ကမ္ဘာနဲ့အ၀န်း တိုက်ပွဲသံတွေ ညံခဲ့ဖူးတယ်။ ကျုပ်တို့မြန်မာပြည်များ ဘာမှကို တိုက်ယူစရာမလိုဘူး။ လူနဲ့ဘုန်းကြီး၊ ဘုန်းကြီးနဲ့လူ အားလုံးသာတူညီမျှပဲ။ ဘယ်လောက်မိုက်သလဲ။ ရတနာသုံးပါးဂိုဏ်းဝင်မို့၊ အနန္တောအနန္တငါးပါးမှာ တစ်ပါးအပါအ၀င်မို့ဆိုတဲ့ မာန်မာနတွေ မရှိပေါင်ဗျာ။ မြင်တယ်မလား။ လူတွေနဲ့ လက်ရည်တစ်ပြင်တည်းပဲ။ လမ်းအတူလျှောက်တယ်၊ ကြွေးကြော်သံ အတူအော်တယ်၊ ဆန္ဒအတူပြတယ်၊ သပိတ်စခန်းဖွင့်တော့လည်း အတူနေပေးတယ်၊ ရဲကဖြိုခွင်းခံရတော့လည်း အတူတူပဲ၊ ဒါကိုများ မြန်မာပြည်မှာ လူတန်းစားခွဲခြားမှု သိပ်များသလေး၊ ဘာလေးနဲ့ ပြောရက်ကြသေးတယ်။ အတော်မသိတတ်တဲ့ လူတွေကသာ အဲဒီလို ပြောတာဗျ။ အဲဒီလို ပြောတဲ့လူတွေများတွေ့ရင် နားရင်းတောင် အုပ်လိုက်ချင်သေးတယ်။ :D
ကလေးကလည်း မခေဘူးဗျ။ ကျောင်းပိတ်ရက်မှာ အပိုဝင်ငွေ ရှာတတ်ပါပေတယ်။ ဂုဏ်ယူစရာမရှိ ကြံဖန်ပြီး ဂုဏ်ယူလို့ရတာပေါ့။ သူများနိုင်ငံတွေမှာ နိုင်ငံရေးဆိုတာ အတော်ကြီး အသိဉာဏ်ရင့်ကျက်မှ လုပ်ကြကိုင်ကြတာကိုး။ ကျွန်တော်တို့ မြန်မာပြည်မှာတော့ မြင်တဲ့အတိုင်းပဲ ၃-၄ တန်းလောက်ကတည်းက အလံကိုင်ပြီး ဆန္ဒပြတတ်နေပြီ။ အဲဒီကလေးက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို သိသလား၊ အစီရင်ခံစာကို သိသလား၊ ဦးပိုင်ဆိုတာကို သိသလား၊ ဒေါ်အောင်ဆန်းစုကြည်ကိုရော သိသလား၊ စဉ်းစားစရာပေပ။ မုန့်ဖိုးရလို့ လုပ်တာဆိုရင်တော့ ကျွန်တော်ကိုဉာဏ်က အဲဒီကလေးအတွက် ၀မ်းသာပေးလိုက်ပါတယ်။ ဒါလည်း အလုပ်အကိုင် အခွင့်အလမ်းတစ်ခုပဲလေ။ :D
သင်္ကန်းဝတ်ထားတဲ့ ကိုယ်တော်ကလည်းလေ... အနေမတတ်၊ အထိုင်မတတ် လူတွေနဲ့ပေါင်းပြီး မဆိုင်တဲ့ လောကီရေးရာတွေမှာလည်း ၀င်ပါသေးတယ်။ ပြီးတော့ သူ့ကိုယ်သူပဲ သတင်းထောက်များ အောက်မေ့နေသလား မသိပါဘူး။ ဓာတ်ပုံရိုက်ချင်ရတာနဲ့... အသံဖမ်းချင်ရတာနဲ့။ ဟုတ်တော့ ဟုတ်နေပြီ။ အဲဒီဖုန်းကို ဘယ်ဒကာ၊ ဒကာမက ပဋိပက္ခတွေမှာ သတင်းဓာတ်ပုံ ရိုက်လို့ရအောင် ကပ်လှူထားသလဲ မသိဘူး။ ကြုံမှပဲ အဲဒီကိုယ်တော်ကို မေးလျှောက်ကြည့်ရမှာပ။ ခက်ပါ့... ခက်ပါ့... မင်းသားတွေက လူရွှင်တော်လုပ်ပြီး အငြိမ့်ကတယ်၊ လူရွှင်တော်တွေက စာပေဟောပြောပွဲ ဟောပြောတယ်၊ စာရေးဆရာတွေက သီချင်းဆိုတယ်၊ ဇာတ်ထုပ်ခင်းတယ်၊ တရားဟောတဲ့ ဆရာတော်တွေက နိုင်ငံရေးတရာဟောတယ်၊ သင်္ကန်းဝတ်တွေက ဓာတ်ပုံရိုက်တယ်၊ ဗီနိုင်းကိုင်ပြီး စီတန်းလှည့်လည်တယ်၊ ဆန္ဒဖော်ထုတ်တယ်၊ ညအိပ်ပြီး ဆန္ဒပြတယ်၊ ကဲ... ကျုပ်တို့က ဘာလုပ်ရမှာလဲ။ မထူးပါဘူး။ ကျွန်တော်ကိုဉာဏ်လည်း နောက်နေ့ကစပြီး အင်တာနက်မှာ နိဗ္ဗာန်ရောက်ကြောင်း တရားပဲ ဟောတော့မယ်။ ဘုန်းကြီးတစ်ထမ်း၊ လူတစ်ရွက်ပေါ့ဗျာ၊ တက်ညီလက်ညီပေါ့။ ဟုတ်တယ်မလား။ ခေတ်ကြီးကိုက အဲဒီလို ဖြစ်နေတာကိုး၊ ဘယ်တတ်နိုင်မတုန်း။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဖျက်သိမ်းပေးရေးဆိုပြီး တောင်းဆိုတာကို မပြောလိုပါဘူး။ အဲဒီအပေါ်က တံဆိပ်က ဘာတံဆိပ်ကြီးတုန်း။ လက်ပံတောင်းဝန်းကျင်က ကျေးရွာတွေရဲ့ ကိုယ်ပိုင်ရွာတံဆိပ်လား၊ ဘာလဲဗျ။ ဉာဏ်မမီတော့ဘူး။ သိပ်တော့ မပြောချင်တော့ဘူးနော်။ :D
ရေးထားတာတွေကို ဖတ်ပြီးရင်၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ကြည့်ပြီးရင် ခံစားချက်တစ်ခုခုတော့ ဖြစ်လာမှာ အသေအချာပါပဲ။ အကယ်၍များ စာဖတ်သူ၏ ရင်ထဲတွင် ကျွန်တော်ကိုဉာဏ်အား ဆဲချင်စိတ်၊ ဆိုချင်စိတ်၊ သတ်ချင်စိတ်များ၊ အမှုန့်ချေချင်စိတ်များ ဖြစ်ပေါ်လာသည်ဆိုငြားအံ့၊ ကွန်းမန့်တွင်လည်းကောင်း၊ စီဘောက်တွင်လည်းကောင်း လွတ်လပ်စွာ ပေါက်ကွဲဆဲဆိုနိုင်ပါသည်။ ကျွန်ုပ်၏လွတ်လပ်ခွင့်အတိုင်း စိတ်ထဲရှိသမျှ ရေးထားသည်များနှင့်ပတ်သက်၍ သင်၏လွတ်လပ်ခွင့်အတိုင်း စိတ်ထဲရှိသမျှ ဆဲဆိုပြောဆိုခြင်းများကို ပိတ်ပင်ထားခြင်း မရှိသကဲ့သို့၊ အချို့သော မီဒီယာကြီးများကဲ့သို့ ဖျက်ပစ်ခြင်း၊ ဘန်းခြင်းများလည်း ပြုလုပ်လိမ့်မည် မဟုတ်ပါကြောင်း ၀မ်းမြောက်ဝမ်းသာ အသိပေးအပ်ပါသည်။ ဖတ်ရှုသူအားလုံးကို လေးစားလျက်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မတ်လ ၁၄ ရက်၊ ကြာသပတေးနေ့။
မွန်းလွဲ ၁ နာရီ ၁၃ မိနစ်တွင်ပြီး၏။
I like your post
ReplyDeleteကိုဉာဏ် ရေးထားတာတွေကြိုက်တယ်ဗျာ။ အရမ်းအလုပ်ရှုပ်တယ်ဆိုတာ ဒါတွေရေးနေလို့ထင်တယ်။
ReplyDeleteတစ်နေ့တစ်ပုဒ်လောက်တော့ ရေးပါဗျာ။
ရေးတာလဲရေးတာပေါ.လေ။ ဒါပေမယ်. လူပြိန်းနားလည်အောင်တော. “ဒဲ.” ရေးစေချင်တယ်။
ReplyDeleteခနဲ.သလိုလို၊ ရွဲ.သလိုလိုတွေများနေပြီးတော. ၊တခါတလေ အဓိက ပြောချင်တာဘာမှန်းတောင် မနည်းပြန်ဖတ်ယူရတယ်။
ဘယ်သူ.ကိုပြောချင်တာလဲ၊ဘာပြောချင်တာလဲဆိုတာ ရိုးရိုးလေးဘဲရေးပါ၊ အားပေးပြီးဖတ်မှာပါ။
BRAVO!!!!!
ReplyDeleteမှန်လိုက်လေခြင်း
လူတိုင်း မိုးခါးရေ သောက်နေတဲ့ ကာလမှာ မိုးခါးရေး ခါးမှန်းသိတဲ့ လူတွေရှိနေသေးတာ ပြောမပြတတ်လောက်အောင်ကို ဝမ်းသာတယ် ����
BRAVO!!!!!
ReplyDeleteမှန်လိုက်လေခြင်း
လူတိုင်း မိုးခါးရေ သောက်နေတဲ့ ကာလမှာ မိုးခါးရေး ခါးမှန်းသိတဲ့ လူတွေရှိနေသေးတာ ပြောမပြတတ်လောက်အောင်ကို ဝမ်းသာတယ် ����