Monday, April 01, 2013

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ရေဒီယိုမိန့်ခွန်း (မတ်လ ၃၁ ရက်)



မိဘပြည်သူများခင်ဗျား…
ကျွန်တော့်အနေနဲ့ လစဉ် ရေဒီယိုမှတစ်ဆင့် ပြည်သူများအား အသိပေး ပြောကြားလိုသည်များကို ပြောကြားလျက်ရှိရာ ရှေးဦးစွာ မိဘပြည်သူများ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေရန် ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ပထမအချက်အနေနဲ့ကတော့ ပြည်သူအများ မျှော်လင့်စောင့်စားနေတဲ့ မိုဘိုင်းတယ်လီဖုန်းကိစ္စ ဖြစ်ပါတယ်။ မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို ယခု ဧပြီလမှစပြီး သက်ဆိုင်ရာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ လိုအပ်တဲ့ အမိန့်ကြော်ငြာစာများ ထုတ်ပြန်ပြီး အသက်သာဆုံး ကျပ်ငွေနှုန်းထားဖြင့် ကျွန်တော်ကတိပေး ပြောကြားထားတဲ့အတိုင်း ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ မိုဘိုင်းတယ်လီဖုန်းဆင်းကဒ် ရောင်းချရာမှာ တည်ဆောက်ပြီးဖြစ်တဲ့ အခြေခံအဆောက်အဦ၊ တပ်ဆင်ထားပြီးဖြစ်တဲ့ လိုင်းအင်အားနဲ့ ၀င်ဆံ့တဲ့ မိုဘိုင်းတယ်လီဖုန်းအရေအတွက်ကို တွက်ချက်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံး မျှမျှတတ ဖြစ်စေရန် ဖြန့်ခွဲရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ ၄င်းအပြင် အခြေခံတယ်လီဖုန်း အဆောက်အဦများနဲ့ တယ်လီဖုန်းလိုင်းများကို ပြည်တွင်းပြည်ပကုမ္ပဏီများနဲ့ လစဉ်တိုးချဲ့ တပ်ဆင်သွားမယ့်အပြင် မိုဘိုင်းတယ်လီဖုန်း ဆင်းကဒ်များကို လစဉ်မှန်မှန် ရောင်းချပေးသွားမှာ ဖြစ်တဲ့အတွက် မြို့ပေါ်ရပ်ကွက်နဲ့ ကျေးလက်ဒေသအထိ ဆက်သွယ်ရေးစနစ်များ တိုးတက်ကောင်းမွန်လာအောင် စီမံချက်ချမှတ်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ လက်ရှိသုံးစွဲနေတဲ့ အော်တိုတယ်လီဖုန်း လိုင်းများကိုလည်း ပိုမိုကောင်းမွန်အောင် စီမံဆောင်ရွက်သွားမှာဖြစ်ကြောင်း ပြောကြားလိုပါတယ်။

ဒုတိယအချက်အနေနဲ့ ၀န်ထမ်းများရဲ့ လစာနဲ့ ထောက်ပံ့ကြေးကိစ္စ ဖြစ်ပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ၊ ရငွေ၊ သုံးစွဲရမည့်ငွေ၊ ဘတ်ဂျတ်အခြေအနေပေါ်မှာ တွက်ချက်ပြီး အခါအားလျော်စွာ တိုးမြင့်ထောက်ပံ့ပေးသွားမှာဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ ယခု ၂၀၁၃ -၂၀၁၄ ဘဏ္ဍာရေးနှစ် ခန့်မှန်းခြေ ရငွေသုံးငွေစာရင်းမှာ ၀န်ထမ်းများအတွက် လစာနှင့်ပင်စင် တိုးမြှင့်ပေးနိုင်ဖို့ တွက်ချက်ပြီး ကျပ်ငွေ (၃၈၅) ဘီလီယံ ထည့်သွင်းပြီး လွှတ်တော်ကို တင်ပြတောင်းခံခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကလည်း ၀န်ထမ်းများရဲ့ အခက်အခဲကို စာနာပြီး ခွင့်ပြုပေးခဲ့ပါတယ်။ ဒါကြောင့် ယခင်ထောက်ပံ့ပေးထားခဲ့တဲ့ ကျပ်ငွေသုံးသောင်းကို ယခင်အတိုင်း ထောက်ပံ့ကြေးငွေအဖြစ် ဆက်လက်သတ်မှတ်ပြီး ယခု ကျပ်ငွေနှစ်သောင်းကို လစာငွေအဖြစ် ဧပြီလမှစပြီး ထပ်မံ၍ တိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

တတိယအချက်ကတော့ တိုင်းပြည်စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ ဖြစ်ပါတယ်။ ရေမြင့်ရင် ကြာတင့်တယ်ဆိုသလို တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရင် တိုးတက်သလောက် ပြည်သူများရဲ့ လူမှုစီးပွားဘ၀ဟာလည်း မြင့်မားလာမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိဖို့အတွက် အလုပ်ရုံစက်ရုံများ ထူထောင်နိုင်ဖို့ ကျွန်တော်တို့ တိုင်းပြည်မှာ ငွေကြေးအရင်းအနှီး၊ နည်းပညာနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ လိုအပ်နေပါတယ်။ ဒီအချက်တွေ မပြည့်စုံသေးချိန်မှာ ပြည်ပမှ အရင်းအနှီးတွေ ဖိတ်ခေါ်ရမှာ ဖြစ်ပါတယ်။ ပြည်ပအရင်းအနှီးတွေ ဖိတ်ခေါ်တဲ့နေရာမှာလည်း တိုင်းပြည်ရဲ့အကျိုး၊ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို မထိခိုက်စေမယ့် မူဝါဒများလည်း ချမှတ်ထားပြီးဖြစ်ပါတယ်။ ပြည်ပအရင်းအနှီးတွေ လာရောက်ရင်းနှီး မြှုပ်နှံကြဖို့အတွက် နိုင်ငံတကာနဲ့ လိုက်လျောညီထွေရှိတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။ ပြည်ပက မိမိတို့နိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့တားဆီးမှုတွေ ဖြေလျော့ပေးနိုင်ဖို့အတွက်လည်း ကြိုးပမ်းဆောင်ရွက်ခဲ့ရာမှာ အောင်မြင်မှုတချို့ ရရှိနေပြီဖြစ်ပါတယ်။ ခေတ်အဆက်ဆက်က တင်ရှိနေတဲ့ နိုင်ငံခြား ကြွေးမြီများအနက်မှ အမေရိကန်ဒေါ်လာ သန်းပေါင်းခြောက်ထောင်ကျော်ကိုလည်း လျှော်ပစ်ပယ်ဖျက်ခွင့် ရရှိခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ အရှဖွံ့ဖြိုးရေးဘဏ်နှင့် ODA တို့မှ အတိုးနှုန်းသက်သာတဲ့ နှစ်ရှည်ချေးငွေများကိုလည်း ရရှိတော့မှာ ဖြစ်ပါတယ်။ တိုင်းပြည်စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ အထောက်အကူများ ရရှိနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အဓိကလိုအပ်ချက်ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။ တိုင်ပြည်တည်ငြိမ်းအေးချမ်းမှုမရှိပဲ ဆူဆူပူပူဖြစ်နေရင်တော့ ကျွန်တော်တို့ တိုင်းပြည်အတွက် အခွင့်အလမ်းတွေ ဆုံးရှုံးသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘပြည်သူများအားလုံးကို တိုင်းပြည်တည်ငြိမ်းအေးချမ်းမှုရှိအောင် ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။

စတုတ္တအချက်ကတော့ ကျွန်တော်တို့ တိုင်းပြည်မှာ အခြေခံအကျဆုံး လူအများစုဖြစ်တဲ့ အလုပ်သမားနဲ့ တောင်သူလယ်သမားများဘ၀ တိုးတက်မြင့်မားရေးဖြစ်ပါတယ်။ တိုင်းပြည်လူဦးရေရဲ့ အများစုဟာ ကျေးလက်မှာ နေထိုင်ကြပြီး လယ်ယာလုပ်ငန်းနဲ့ လယ်ယာလုပ်ငန်းအပေါ်မှာ အခြေခံတဲ့ လက်လုပ်လက်စားသမားများ ဖြစ်ကြပါတယ်။ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ ပြည်သူလူထုရဲ့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ စာရေး၊ ၀တ်ရေးနဲ့ နေရေးတို့ ပြည့်စုံဖူလုံလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လယ်ယာကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများအနေနဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြပြီး လယ်ယာထွက်ကုန်များ ပိုမိုထွက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ကြဖို့၊ မိမိတို့ရဲ့ လယ်မြေများ တန်ဖိုးမြင့်တက်လာအောင် လယ်မြေများကို ပြုပြင်ကြဖို့၊ အထွက်တိုးတဲ့ မျိုးကောင်းမျိုးသန့်တွေကို ရွေးချယ်စိုက်ပျိုးကြဖို့၊ စနစ်တကျ သိပ္ပံနည်းကျ စိုက်ပျိုးကြဖို့နဲ့ စက်မှုလယ်ယာ ကူးပြောင်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ တောင်သူလယ်သမား အလုပ်သမားများအတွက် အဓိက လိုအပ်ချက်ဟာ ငွေကြေးအရင်းအနှီး ဖြစ်တယ်ဆိုတာ ကျွန်တော်အနေနဲ့ သိရှိထားပါတယ်။ ဒါကြောင့် ငွေကြေးအရင်းအနှီးကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အသေးစားငွေစုငွေချေးဘဏ်၊ အသေးစား ငွေစုငွေချေးအသင်းများနဲ့ သမ၀ါယမ ငွေစုငွေချေးအစုအဖွဲ့များ ထူထောင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါတယ်။ ဒါ့အပြင် ပြည်ပအထောက်အပံ့နဲ့ ချေးငွေများကိုလည်း ရယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အသိပေး ပြောကြားလိုပါတယ်။

ပဉ္စမအချက်ကတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ ဥပဒစိုးမိုးရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ရဟန်းရှင်လူ ပြည်သူအများစုဟာ တည်ငြိမ်အေးချမ်းတဲ့တိုင်းပြည်၊ တရားဥပဒေစိုးမိုးတဲ့ တိုင်းပြည်ဖြစ်ဖို့ အလွန်လိုလားကြပါတယ်။ တိုင်းပြည်တည်ငြိမ်းအေးချမ်းမှု မရှိခဲ့လို့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျ ကျန်ရစ်ခဲ့ရတာကို အားလုံး ကြုံတွေ့ခဲ့ကြရပြီး ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့အနေနဲ့ တိုင်းပြည်မှာ နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းမှုရှိအောင်၊ နိုင်ငံသားတိုင်း နိုင်ငံရေးလုပ်ငန်းစဉ်မှာ ပါဝင်ဆောင်ရွက်ခွင့်ရအောင် ဖန်တီးပုံဖေါ်ပေးခဲ့ပြီးဖြစ်ပါတယ်။ အကျဉ်းသားပေါင်း များစွာကိုလည်း အကြိမ်ကြိမ် လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီးဖြစ်ပါတယ်။ နောက်ထပ်လည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်အောင် အကျဉ်းသားစိစစ်ရေး ကော်မတီတစ်ရပ်ကို ကျယ်ကျယ်ပြန့်ပြန့် ဖွဲ့စည်းပြီး စီမံဆောင်ရွက်လျက်ရှိပါတယ်။ နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာညောင်းခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းများကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် အောင်မြင်မှုရလဒ်များလည်း ရရှိနေပြီ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီကနေ့မှာ ကျွန်တော်တို့ ပြည်သူအချို့ဟာ ပြဿနာတစ်ရပ် ကြုံတွေ့လာရင် တရားဥပဒေနည်းလမ်းနဲ့ ဖြေရှင်းကြရမယ့်အစား ဒေါသအလျောက် ဥပဒေကို မျက်ကွယ်ပြုပြီး လူအုပ်စုဖွဲ့ကာ အကြမ်းဖက်သတ်ဖြတ်မှု၊ မီးရှို့မှုများ ကျူးလွန်နေကြတဲ့အတွက် နိုင်ငံတကာမျက်နာစာမှာ မျက်နာပျက်ဖွယ်ရာများ မကြာခဏ ကြုံတွေ့နေရပါတယ်။ ပြဿနာတစ်ခုဖြစ်တိုင်း ကိုယ့်နိုင်ငံအတွင်းမှာ ဖြေရှင်းဆောင်ရွက်ရုံနဲ့မပြီးပဲ ဒေသတွင်းမှာရော၊ နိုင်ငံတကာ နယ်ပယ်မှာပါ ရင်ဆိုင်ဖြေရှင်းနေရတဲ့အတွက် တိုင်းပြည်ရဲ့ဂုဏ်သိက္ခာကို များစွာထိခိုက်စေပြီး တိုင်းပြည်အတွက် အခွင့်အလမ်းများလည်း နစ်နာဆုံးရှုံးစေခဲ့ပါတယ်။ တစ်ချို့ကလည်း ပြဿနာတစ်ခုဖြစ်လာရင် အမြန်ငြိမ်းအေးအောင် ပူးပေါင်းဆောင်ရွက်ကြရမယ့်အစား ပြဿနာ ပိုမိုကြီးထွားအောင် နောက်ကွယ်က သွေးထိုးလှုံ့ဆော်မှုများ ကိုယ်တိုင်ပါဝင် လှုံ့ဆော်မှုများ ရှိနေကြပါတယ်။ ဒီမိုကရေစီကနုနု မုန်တိုင်းကထန်ထန် ဖြစ်နေရင် ပြည်သူအများ လိုလားနေတဲ့ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် အနှောင့်အယှက် အဟန့်အတားတွေ ဖြစ်စေမှာဖြစ်ပါတယ်။ ဒါကြောင့် ရဟန်းရှင်လူ ပြည်သူအပေါင်းတို့က တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုရေးနဲ့ စည်းကမ်းရှိသော ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေးအတွက် ၀ိုင်းဝန်းကူညီကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ကျွန်တော့်အနေနဲ့ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတအား အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်များနဲ့အညီ ပြည်သူများရဲ့ အသက်အိုးစည်းစိမ်ကို အတတ်နိုင်ဆုံး ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

ဆဌမအချက်ကတော့ မတ်လ ၂၇ ရက်နေ့ဟာ ၆၈ နှစ်မြောက် တပ်မတော်နေ့ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ရဲဘော်သုံးကျိပ်နဲ့ စတင်ထူထောင်ခဲ့တဲ့ မြန့်မာတပ်မတော်ဟာ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းမှာ ဖက်စစ်တော်လှန်ရေးကို ပြည်သူများနဲ့အတူ အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်းရာမှာလည်း ပြည်တွင်းပြည်ပ အန္တရာယ်တွေကို တွန်းလှန်တားဆီးနိုင်ခဲ့တဲ့ သမိုင်းအစဉ်အလာကြီးမားတဲ့ တပ်မတော်ဖြစ်ပါတယ်။ ယခုအခါမှာဆိုရင်လည်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်စဉ်များကို ပြည်သူများနဲ့အတူ ပူးပေါင်းပါဝင်ပြီး အရေးကြီးတဲ့ အခန်းကဏ္ဍတွေက ပါဝင်ဆောင်ရွက်နေပါတယ်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရာမှာ တပ်မတော်ရဲ့ ကောင်းမွန်တဲ့ အစဉ်အလာတွေကို အင်အားတွေအဖြစ် အသုံးပြုသွားရဲရမှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ဧပြီလအတွင်းမှာ ကျရောက်မယ့် မြန်မာ့ရိုးရာနှစ်သစ်ကူး သင်္ကြန်ပွဲတော်မှာ မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ မိဘပြည်သူများအားလုံး ကိုယ်စိတ်နှစ်ပါး ရွင်းလန်းချမ်းမြေ့စွာ ပျော်ပျော်ရွှင်ရွှင် ဆင်နွှဲနိုင်ကြပါစေရန်၊ အေးချမ်းသာယာသော၊ မင်္ဂလာရှိသောနှစ်သစ် ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်အပ်ပါတယ်။

မိဘပြည်သူများအားလုံး ဘေးဘယာကင်းဝေးပြီး ကျန်းမာချမ်းသာကြပါစေ…။

No comments:

Post a Comment

 
Web Statistics