Tuesday, April 02, 2013

ဖတ်ရသိရသမျှ သတင်းတိုထွာ (ဧပြီ ၂၊ ၂၀၁၃)


(က)
စင်ကာပူသမ္မတ ဒေါက်တာတိုနီတန်ကင်ယမ်းနှင့်ဇနီး မြန်မာနိုင်ငံကို ချစ်ကြည်ရေးအလည်အပတ်ခရီး ရောက်ရှိနေပါတယ်။ ဧပြီလ ၁ ရက်နေ့က ရောက်ရှိတာပါ။ ခရီးစဉ်အတွင်း သမ္မတကြီးနဲ့ တွေ့ဆုံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပါတယ်။ စင်ကာပူနိုင်ငံက မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာတော့ ဟုတ်ဟန်မတူဘူး။ မြန်မာပြည်ကနေ ဘာတွေများ ရနိုင်မလဲလို့ လာစနည်းနာတာ ဖြစ်မယ်ထင်ပါရဲ့။ ထားဝယ်စီမံကိန်းကို သွားကြည့်ချင်တယ်လို့ မတောင်းဆိုဘူးလား သိချင်မိပါရဲ့။

(ခ)
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံကို ချစ်ကြည်ရေးခရီး သွားရောက်မယ့်အကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။ ဘယ်နေ့ဘယ်ရက်မှာ သွားမယ်ဆိုတာတော့ မသိရသေးကြောင်းပါ။

(ဂ)
ဒီနေ့မနက်ပိုင်းက ရန်ကုန်မြို့၊ ဗိုလ်တထောင်မြို့တယ် ၄၈ လမ်းမှာရှိတဲ့ ကျမ်းစာသင်ကျောင်း ရေကျော်ဗလီမှာ မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။ ၀ါယာရှော့တစ်ခုကနေ မီးလောင်မှုဖြစ်ပွားတာလို့ အစိုးရက သတင်းထုတ်ပြန်ပါတယ်။ ဗလီကျောင်းအိပ်ကျောင်းသား ၇၀ ခန့် ရှိတဲ့အနက် အခုမီးလောင်မှုကြောင့် သေဆုံးသူ ဗလီကျောင်းသား ကလေးငယ် ၁၃ ဦးရှိကြောင်း သိရှိရပါတယ်။ ပျောက်နေတယ်ဆိုတဲ့ ကလေးငယ် ၄ ဦးကိုလည်း အသက်ရှင်လျက် ပြန်တွေ့ရပြီးပါပြီတဲ့။ အင်တာနက်ပေါ်မှာ ထုံးစံအတိုင်း မီးပွားကနေ မီးတောက်ဖြစ်အောင် ဓာတ်ဆီလောင်း၊ လေတိုက် လုပ်ပေးနေကြသူတွေကြောင့် သတင်းမှန်တွေ ထုတ်ပြန်ပေးရာမှာ အခက်အခဲဖြစ်နေရတာကို တွေ့ရပါတယ်။ ရုပ်မြင်သံကြား သတင်းတွေကလည်း ဒီနေ့မနက်က မီးလောင်သွားတဲ့ ဗလီကို ရိုက်ကူးတင်ပြခဲ့ပါတယ်။ အင်တာနက်မှာ ဖွနေကြသလို ရှို့မီးမဟုတ်တဲ့အကြောင်း ဗလီအဆောက်အအုံကို အသေအချာ ရိုက်ပြကြပါတယ်။ အပြင်ပန်းက မီးရှို့ထားတဲ့ ဘာအရိပ်အယောင်မျှ မရှိတဲ့အကြောင်း၊ မီးလောင်မှုဖြစ်တဲ့အချိန်မှာ သော့ခတ်ထားတဲ့ ဗလီဝင်ပေါက် သံပန်းတံခါးကို ဖျက်ပြီးမှ ၀င်ရောက်ငြိမ်းသတ်ခဲ့ရကြောင်း သိရှိရပါတယ်။ ကိုယ်တွေလူမျိုးကလည်း ခက်တယ်... ပြန်ကြားရေး၊ ပြည်ထဲရေး၊ အစိုးရအဖွဲ့ရုံးက သတင်းထုတ်ပြန်တာကို မစောင့်နိုင်ဘူး၊ လက်မခံကြဘူး။ တစ်ဆင့်စကားနဲ့ အင်တာနက်မှာ တင်သမျှသတင်းကို မျက်မိမှိတ် ယုံလိုက်ကြတာပါပဲ။ အဲဒီလို နိုင်ငံသားတွေနဲ့ ဒီနိုင်ငံကြီးကို ရှေ့ဆက်ဖို့ဆိုတာ အတော်စဉ်းစားစရာပါ။ ၄၈ လမ်းဆိုတာလည်း ဘယ်နားမှန်းမသိ၊ ဗလီပုံစံကလည်း ဘယ်လိုမှန်းမသိဘဲ အင်တာနက်ပေါ်ကနေ ချဟ၊ ရှို့ဟ၊ လောင်ဟ၊ သေဟ၊ ကောင်းဟ ဆိုပြီး ဘေးတီးနေသူတွေ၊ လေပင့်နေသူတွေကို အသိဉာဏ်နဲ့စဉ်းစား၊ နှလုံးသားနဲ့ ခံစားပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါလို့ တောင်းပန်လိုပါတယ်။ မြန်မာပြည်ကြီး သွေးချောင်းစီးတာ၊ မီးဟုန်းဟုန်းတောက်တာကို မြင်ချင်ကြည့်ချင်စိတ်ဖြင့် အဆင်အခြင်မဲ့ မလုပ်ကြပါမည့်အကြောင်း တောင်းပန်လိုက်ပါတယ်။

No comments:

Post a Comment

 
Web Statistics