Tuesday, April 02, 2013

ကျွန်တော်တွေးမိသမျှ မှတ်စုသက်သက်သာ


(က)
ဒီနေ့ ဧပြီလ ၁ ရက်နေ့ကစပြီး ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာတွေ ထုတ်ဝေခွင့်ရပါတယ်။ ကျွန်တော်တစ်စောင်မျှ ဖတ်ခွင့်မရသေးဘူး။ ဂျာနယ်လာပို့တဲ့ ကျေးဇူးရှင်က တစ်စောင်ချင်းရောင်းဖို့ အစီအစဉ်မရှိပါဘူးတဲ့။ လွှတ်တော်ထဲမှာ ၀န်ကြီးတွေ၊ ဒုဝန်ကြီးတွေ မေးခွန်းတွေ ဖြေကြတာကိုတောင် ပြေးမြင်လိုက်မိသေးတယ်။ တစ်လလုံးယူမှ မှာပေးမယ်တဲ့။ နောက်ဆက်တွဲ ဆက်ပြောသေးတယ်။ နေ့စဉ် မရဘူးနော်တဲ့။ တစ်ရက်တော့ နောက်ကျမယ်တဲ့။ ဆိုလိုတာက ဒီနေ့သတင်းစာကို နက်ဖြန်ကျမှ ဖတ်ရမယ်ဆိုတဲ့သဘော။ ဈေးနှုန်းမေးကြည့်တော့ ၂၀၀ ကျပ် ၀န်းကျင် ရှိပါသတဲ့။ ကျွန်တော်တွက်ကြည့်တယ်၊ တစ်စောင်ချင်းကလည်း မှာလို့မရဘူး.. ဖတ်ချင်တာကလည်း ၃-၄ စောင်လောက် မြည်းစမ်းပြီး ဖတ်ကြည့်ချင်တယ်။ တစ်လကို သတင်းစာဖိုးချည်းပဲ ၂သောင်းခွဲနီးပါးလောက် သုံးရမှာကိုတော့ စဉ်းစားမိတာ အမှန်ပါပဲ။ သတင်းစာပို့တဲ့လူကို အားမကိုးဘဲ စာအုပ်ဆိုင်ရောက်မှပဲ ကိုယ်စိတ်ဝင်စားတာလေးတွေကို တစ်စောင်ချင်းဝယ်ဖတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုထက်ထိတော့ အွန်လိုင်းပေါ်မှာ ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာတွေ PDF ဖိုင်နဲ့ ရောက်လာတာ မတွေ့ရသေးပါ။ ဖတ်လို့ရတဲ့နေရာများ သိတဲ့လူရှိရင်လည်း လက်တို့လိုက်ကြပါဦးကွယ်ရို့။

(ခ)
အခုရက်ပိုင်း တီဗီရှေ့ကနေ မခွာနိုင်ဘူးဖြစ်နေတယ်။ ဟိုတစ်နေ့က စိုးသူရှိုးပွဲ၊ နောက် ဘောလုံးပွဲ၊ ဒီနေ့လည်း MLTR ရှိုးပွဲကို ပြန်လွှင့်ပေးနေလို့ စောင့်ကြည့်ရတယ်။ နောက်တစ်ခုက သံချပ်တွေ။ ဟော ဒီနေ့ရောဆိုရင် လူထုပဲ့တင်သံဆိုတဲ့ မြန်မာ့ရိုးရာမဟာသင်္ကြန် သံချပ်ပြိုင်ပွဲဆိုပြီး SKY Net MYANMAR ARTS ကနေ လွှင့်ပေးနေတာ ၃ ရက်ရှိပြီ။ စိတ်ဝင်စားဖို့တော့ ကောင်းပါတယ်။ ဒါပေမယ့် အဖွဲ့တွေအားလုံးခမျာ သံချပ်တိုင်စရာ အကြောင်းအရာ ရှားပါးမှုနဲ့ ကြုံနေရတယ် ထင်ပါရဲ့။ တက်လာသမျှ သံချပ်အဖွဲ့ အားလုံးနီးပါးလောက် မလွတ်တမ်း သံချပ်တိုင်ကြ၊ ဖောက်ကြတာက -
လွှတ်တော်နဲ့ ဒေါက်တာဆိတ်ဖွား
လက်ပံတောင်း
အဘနဲ့ အစ်မ
မော်တော်ပီကယ်
စည်ပင်သာယာ
လမ်းတံတား
အစိုးရ
ယခင်စစ်အစိုးရ
ဦးပိုင်
တရုတ်
နိုင်ငံရေးအကျဉ်းသား
ဖုန်းဆင်းကဒ်
မီးပျက်တဲ့ကိစ္စ
ထမင်းတစ်နပ်ကိစ္စ
ကချင်ပြည်နယ်ကိစ္စ
စတာတွေပဲ ဖြစ်ပါတယ်။ သံချပ်အဖွဲ့မှာ ကျွန်တော်သိတဲ့ လူရွှင်တော်တွေ ပါပြီဆိုရင် အဲဒီအဖွဲ့က မကောင်းတာ အသေအချာပဲ။ ဘယ်သူတွေမှန်းလည်း မသိ၊ ဘယ်ကမှန်းလည်း မသိတဲ့လူတွေဆိုရင် တော်တော်စိတ်ဝင်စားဖို့ကောင်းတာ တွေ့ရပါတယ်။ ကိုယ်သိတဲ့အထဲက မေတ္တာဦးဆောင်တဲ့ အဖွဲ့တစ်ခုပဲ ကြည့်ပြီးတဲ့အထိ မဆိုးဘူးလို့ ပြောနိုင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော်တို့ ဟိုရှာဒီရှာ နားထောင်ခဲ့ရတဲ့ အိန္ဒိယနိုင်ငံရောက် ဒီမိုကရေစီအင်အားစုတွေ နှစ်စဉ်ရေးစပ်ခဲ့တဲ့ သံချပ်တွေက အပုံကြီးသာတယ်။ သူတို့တွေက ICRC လည်းပါတယ်၊ ကိုဖီအာနန်လည်းပါတယ်၊ အထူးကိုယ်စားလှယ်ကြီးလည်း မလွတ်ဘူး၊ တရုတ်လည်းပါတယ်၊ ထိုင်းလည်းပါတယ်၊ ပြည်ပရောက် အင်အားစုတွေကိုလည်း ကစ်တယ်၊ အဲဒီတုန်းက အစိုးရကတော့ ပြောမနေနဲ့တော့... ရစရာကိုမရှိဘူး။ အင်း.. ဘာပဲပြောပြော ကာလအတန်ကြာ မမြင်၊ မကြားခဲ့ရတဲ့ သံချပ်တွေကို ပြန်လည်ခံစားရတဲ့အတွက် ကျေနပ်မိပါတယ်။ သံချပ်ပြိုင်တဲ့နေရာကို နိုင်ငံရေးစင်မြင့်အဖြစ် ခုတုံးလုပ်ပြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာတွေ၊ ပါတီကြော်ငြာတာတွေ၊ သွေးခွဲတာတွေကိုတော့ လက်မခံနိုင်ပါကြောင်း ပြောလိုပါတယ်။

(ဂ)
ရာသီဥတု ပူချက်ကတော့ ပြောကိုမပြောချင်လောက်အောင်ပါပဲ။ ပြင်ဦးလွင်လို၊ ကလောလို၊ တောင်ကြီးလို နေရာမျိုးမှာ သွားနေချင်စိတ် ပေါက်မိပါရဲ့။ ဘယ်မှမသွားဘဲ ထိုင်နေတာတောင် အလကားနေရင်း ချွေးတွေထွက်ပြီး ရေတွေငတ်၊ တစ်နေကုန် ရေထိုင်သောက်တာက ၅-၆ လီတာလောက် ရှိတယ်။ ဗိုက်ထဲမှာလည်း ရေတွေချည်းပဲ၊ တစ်ခါတစ်လေ လမ်းလျှောက်တဲ့အခါ ဗိုက်ထဲမှာ လှုပ်နေတဲ့ရေသံက ပလုပ်၊ ပလုပ်နဲ့ အတိုင်းသားကြားနေရတယ်။ အင်း... ကျွန်တော်တို့နိုင်ငံမှာက သစ်တောတွေ ခုတ်လို့ကောင်းတုန်း၊ တောမီးတွေ ရှို့လို့ကောင်းတုန်း၊ မနက်မိုးလင်းတိုင်း အမှိုက်ပုံလေးတွေစုပြီး မီးရှို့တုန်း၊ ပလတ်စတစ်အိတ်တွေ ဖောဖောသီသီ အသုံးပြုတုန်း၊ ............။ အဲလိုကိစ္စတွေကျတော့ အွန်လိုင်းမှာ အုတ်အော်သောင်းနင်းဖြစ်အောင် ဘယ်သူမှ မလုပ်ကြဘူး။ ဘယ်သူကမှလည်း မလှုံ့ဆော်ကြဘူး။ အင်း... နောက်ထပ် ၅ နှစ်လောက်ဆိုရင် ကျုပ်တို့တွေ ကျောက်ခေတ်ကို ပြန်ရောက်ပြီ။ ဘယ်သူမှ အ၀တ်အစား ၀တ်နိုင်တော့မှာ မဟုတ်ဘူး။ ပူလွန်းလို့။

(ဃ)
တယ်လီဖုန်းဆင်းကဒ်ကိစ္စကို သမ္မတကြီးဦးစီးပြီး အစည်းအဝေးလုပ်ရတာကို နားမလည်နိုင်ဘူး။ ကျွန်တော် ဉာဏ်မမီတာလည်း ဖြစ်မှာပါ။ ဒီ တယ်လီဖုန်းဆင်းကဒ်ဆိုတဲ့ ကိစ္စဟာ ဒီနိုင်ငံရဲ့ အကြီးအကဲကိုယ်တိုင် အစည်းအဝေး လုပ်ရလောက်အောင် ကြီးကျယ်နေသလား။ ထားပါတော့... ကြီးကျယ်တယ်လို့ပဲ။ သမ္မတကိုယ်တိုင် အစည်းအဝေးလုပ်ပြီးသွားတာသာ ရှိတယ်။ ဘာအချက်အလက်မျှလည်း တိတိကျကျ မသိရဘူး။ ကိုယ်တွေရောင်းမယ့် ဆင်းကဒ်ကို ဘယ်လောက်တန်ဖိုးနဲ့ ရောင်းမယ်ဆိုတာကိုတောင် မပြောနိုင်လောက်အောင် ခက်ခဲနေသလား။ ဘယ်နေ့မှာ စရောင်းမယ်ဆိုတာကိုတောင် မပြောနိုင်လောက်အောင် ပြဿနာတစ်ရပ် ဖြစ်နေသလား။ ဟုတ်တော့ မဟုတ်သေးပါဘူးဗျာ။ အခက်အခဲတွေ၊ ပြဿနာတွေ ရှိနေရင်လည်း ပွင့်ပွင့်လင်းလင်း ရှင်းလင်းပြောကြားသင့်တယ် ထင်ပါတယ်ဗျာ။ ဘယ့်နှယ်... လူကြားလို့ရယ်မှ မကောင်းဘူး။ တန်ဖိုးနည်းဖုန်းဆင်းကဒ်ကို ဟိုနေ့ ရောင်းနိုးနိုး၊ ဒီနေ့ ရောင်းနိုးနိုးနဲ့ ကံစမ်းမဲဖောက်သလို၊ မျှော်လင့်ချက်ပေးသလိုလို၊ ဘာမှန်းကို မသိဘူး၊ နားလည်းမလည်နိုင်ဘူး။ မြန်မာအစိုးရအဖွဲ့က ဘယ်သူကမျှလည်း တိတိကျကျ၊ ရေရေရာရာ မပြောနိုင်ဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနက ပိုဆိုးသေးတယ်... သူတို့ကကို မပြောရဘူး၊ မဆီမဆိုင် အခြားလူတွေကချည်းပဲ ၀င်ဝင်ပြောနေတာ..။ ကဲ... ကျွန်တော်ကိုဉာဏ်ကပဲ ဆင်းကဒ်နဲ့ ပတ်သက်ပြီး အတိအကျ ပြောလိုက်ပါ့မယ်။ တန်ဖိုးနည်း တယ်လီဖုန်းဆင်းကဒ်တွေကို ကြိုက်တဲ့ဈေးနဲ့ ကြိုက်တဲ့အချိန်မှာ စတင်ရောင်းချပါမည်။ ကဲ... ဒါ့ထက် သေချာတာ ဘာရှိသေးလဲ။ :D

(င)
ရခိုင်အရေး အစီရင်ခံစာတင်ဖို့ ရက်ရွှေ့ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး အခြားလူတွေနဲ့ လုံးဝကို မတူကွဲပြားစွာပဲ ကျွန်တော်ကိုဉာဏ်က နားလည်ပေးမိပါတယ်။ ရခိုင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ရဲ့ အစီရင်ခံစာ နောက်ကျနေတာ၊ ဟိုရွှေ့ဒီရွှေ့ လုပ်နေတာအားလုံးကို ကျွန်တော်ကိုဉာဏ် အပြည့်အ၀ နားလည်မိပါတယ်။ ကော်မတီမှာပါတဲ့ လူတွေအားလုံးနေရာက ၀င်ခံစားမိတာရော၊ ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လူတစ်ယောက်အနေနဲ့ရောပါ။ အွန်လိုင်းပေါ်မှာ မဟာမျိုးချစ်တွေ ပြောနေသလောက် ရခိုင်အရေးဟာ မလွယ်ပါဘူးဗျာ။ ကိုယ်တိုင်သာ အဲဒီကော်မရှင်မှာ ၀င်လုပ်ကြည့်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။ နောက်တစ်ခုက ဆရာကျော်ဝင်းတို့၊ ဆရာမောင်စူးစမ်းတို့ အမြဲတမ်း ထောက်ပြပြောဆိုခဲ့တဲ့ Win-Win ဆိုတာကို သတိရစေချင်ပါတယ်။ ကိုယ်ကိုယ်တိုင် သမ္မတကြီးနေရာ၊ ကော်မရှင်အဖွဲ့ဝင်တွေနေရာကို ၀င်ရောက်ခံစား၊ စီမံခန့်ခွဲကြည့်ပါလို့ ပြောချင်ပါတယ်။ စိတ်ကူးနဲ့ စီမံခန့်ခွဲတာတောင် ဘယ်လောက်ခက်ခဲသလဲဆိုတာ သိလာပါလိမ့်မယ်။ ဖြစ်လာနိုင်တာတွေကို စိတ်ကူးနဲ့ ကြိုတွေးမိတာနဲ့တောင် ဘယ်လောက်ရင်လေးစရာ ကောင်းတယ်ဆိုတာ သိလာပါလိမ့်မယ်။

မြန်မာ့သွေးမိတ်ဆွေများအားလုံး စိတ်ဝမ်းနှလုံး ရွှင်ပြုံးနိုင်ကြပါစေ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဧပြီလ ၂ ရက်၊ အင်္ဂါနေ့၊
နံနက် ၀၀ နာရီ ၀၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics