အင်တာနက်ပေါ်မှာ ဖတ်ရတဲ့သတင်းတွေအရ ကျွန်တော်စိတ်အ၀င်စားဆုံးနဲ့ အတွေးဖြစ်ဆုံး အကြောင်းအရာက မကြာခဏ ဖြစ်ပွားနေတဲ့ ဘာသာရေးအခြေခံတဲ့၊ တစ်နည်း ဘာသာရေးဆက်နွှယ်တဲ့၊ တစ်နည်း ဘာသာရေးအမည်ခံတဲ့ ပြဿနာတွေဖြစ်တယ်။ မြန်မာနိုင်ငံ ဒေသအနှံ့အပြားမှာ အဲဒီပြဿနာဟာ တကယ့်ကို ကိုင်တွယ်ရခက်တဲ့ ပုစ္ဆာတစ်ပုဒ် ဖြစ်လာနေပါတယ်။
အကြောင်းပြချက်အမျိုးမျိုး၊ သုံးသပ်ချက်အမျိုးမျိုး၊ ဝေဖန်ချက်အမျိုးမျိုးကို ဖတ်ရှုရပါတယ်။ အဲဒီထဲက လူပြောအများဆုံး အသုံးအနှုန်းက "ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နောက်ကြောင်းပြန်လှည့်လိုတဲ့ လူပုဂ္ဂိုလ်တွေ၊ တစ်နည်း အဖွဲ့အစည်းတွေ၊ တစ်နည်း အာဏာရှိသူတွေ၊ တစ်နည်း ပါတီတွေက နောက်ကွယ်ကနေ ဖန်တီးနေတယ်" ဆိုတာပါပဲ။ ဖြစ်နိုင်၊ မဖြစ်နိုင်၊ ဟုတ်၏၊ မဟုတ်၏ ဒီနေရာမှာ မပြောလိုပါ။
ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သေချာပေါက် လက်ခံရမှာတစ်ခုကတော့ ဦးသိန်းစိန် အစိုးရမတိုင်မီ နယက လက်ထက်အခါတုန်းက အခုလို ဘာသာအချင်းချင်းအကြား ပြဿနာဖြစ်ပွားတယ်ဆိုတာ မရှိသလောက် ဆိုတာပါပဲ။ ဒါဟာ တစ်ချိန်က တပ်မတော်အစိုးရကို တမ်းတနေတာ မဟုတ်ဘူး၊ လွမ်းဆွတ်နေတာ မဟုတ်ဘူး၊ ချီးကျူးနေတာ မဟုတ်ဘူး။ အဲဒီတုန်းက အုပ်ချုပ်တဲ့လူဟာ ဘယ်သူဖြစ်တယ်ဆိုတာ ပြည်သူက သေချာသိတယ်။ အဲဒီတော့ ဘာဖြစ်ရင် ဘယ်လိုဖြစ်မယ်ဆိုတာ အားလုံးက သိပြီးဖြစ်တယ်။ ပြောရရင်တော့ အကြောက်တရားက အားလုံးကို ဟန့်တားထားခဲ့တယ်။ ဒီနေ့ခေတ်ရောက်တော့ အရာအားလုံးဟာ ပြောင်းလဲသွားတယ်။ ဆန္ဒပြတာဟာ ဒီမိုကရေစီ၊ စီတန်းလှည့်လည်တာဟာ ဒီမိုကရေစီ၊ ကိုယ့်သဘောနဲ့ မကိုက်ညီရင် ဝေဖန်တာ၊ ဆန့်ကျင်တာဟာ ဒီမိုကရေစီ၊ လမ်းဘေးနံရံတွေပေါ်မှာ တွေ့ရာအရုပ်ရေးတာဟာ ဒီမိုကရေစီ၊ ဗီနိုင်းတစ်ခုထုတ်ပြီး လမ်းလယ်မှာ ငုတ်တုတ်ထိုင်နေတာလည်း ဒီမိုကရေစီ၊ စသည်စသည်ဖြင့် ကိုယ့်အယူအဆနဲ့ကိုယ် အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ များလာခဲ့တယ်။ ကိုယ်လုပ်ချင်တာလုပ်ဖို့အတွက် အရာအားလုံးကို ဒီမိုကရေစီ၊ လူ့အခွင့်အရေး စတဲ့ခေါင်းစဉ်တွေအောက်ကို ဆွဲသွင်းလိုက်ကြတယ်။ လွတ်လပ်ပွင့်လင်းလာတာကိုး။ ကျွန်တော်တို့ လိုချင်တဲ့ လွတ်လပ်ပွင့်လင်းမှု ဟုတ်၊ မဟုတ်တော့ သိပ်မသေချာဘူး။
ကုလားတစ်ယောက်က အခြားကုလားတစ်ယောက်ကို သတ်လိုက်တယ်။ ဒါဟာ လူသတ်မှုပဲ။ တည်ဆဲဥပဒေအရ အရေးယူအပြစ်ပေးရမယ်။ ကုလားတစ်ယောက်က ဗမာတစ်ယောက်ကို သတ်လိုက်တယ်။ ဒါလည်း လူသတ်မှုပဲ။ တည်ဆဲဥပဒေအရ အရေးယူအပြစ်ပေးရမယ်။ အဲ... လက်တွေ့မှာ အဲလိုမဟုတ်ဘူး။ ကုလားတစ်ယောက်က ဗမာတစ်ယောက်ကို သတ်ဖို့ဝေးစွ၊ ကုလားတစ်ယောက်က ဗမာတစ်ယောက်ကို အမှတ်တမဲ့ ၀င်တိုက်မိရင်တောင် ကုလား-ဗမာ အဓိကရုဏ်းဖြစ်ဖို့ အကြောင်းပြချက် လုံလောက်နေတယ်။ အခြားအရာတွေ ဆက်မပြောလိုဘူး။ အားလုံးသိပြီးသားဖြစ်တယ်။
ကျုပ်တို့ကိုးကွယ်ဆည်းကပ်တဲ့ မြတ်စွာဗုဒ္ဓဆိုတာ သူ့ရဲ့တရားဓမ္မတွေကို စော်ကားတာ၊ သူ့ရဲ့ ကိုယ့်ကျင့်သိက္ခာကို ပုတ်ခတ်တာ၊ စတဲ့လုပ်ရပ်တွေ အသာထားဦး၊ သူ့အသက်ကို အသေသတ်ဖို့ ကြံစည်တဲ့လူကိုတောင် လက်သီးတစ်ချက် ပြန်ထိုးခဲ့သူ မဟုတ်ဘူး၊ ဒေါသတစ်ချက် ပြန်ထွက်ခဲ့သူ မဟုတ်ဘူး၊ ငါတော့ အဲဒီကောင်ကို မကျေနပ်ဘူးလို့ နောက်ပါသံဃာတွေကို တစ်ချက်မိန့်ခဲ့သူ မဟုတ်ဘူး။ အဲဒီလို ကြီးမြတ်တဲ့ပုဂ္ဂိုလ်ရဲ့ တရားဓမ္မတွေကို ယုံကြည်သက်ဝင် ကျင့်ကြံနေကြပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင်တွေက မျက်လုံးတစ်လုံးဆို မျက်လုံးတစ်လုံး၊ လက်ချောင်းတစ်ချောင်းဆို လက်ချောင်းတစ်ချောင်း လုပ်နေကြတာဟာ သင့်လျော်၏ မသင့်လျော်၏ စဉ်းစားဖို့သင့်တယ်။
ဘာသာရေးဟာ သူ့ချည်းဖြူဖြူစင်စင်ဆိုရင် ဘာပြဿနာမှ မရှိပါဘူး။ နိုင်ငံရေးနဲ့ ဆက်နွှယ်သွားရင်တော့ အင်မတန်မှ အန္တရာယ်ကြီးပါတယ်။ ရှင်အရဟံနဲ့ မင်းမြတ်အနော်ရထာ ပထမဆုံး ရင်ဆိုင်ခဲ့ရတာက အရည်းကြီးတွေပါ။ သူတို့တွေကို ကျွန်တော်မြင့်ခဲ့ဖူးတာလည်း မရှိပါဘူး၊ တွေ့ခဲ့ဖူးတာလည်း မရှိပါဘူး။ စာတွေထဲမှာ ဖော်ပြထားချက်တွေအရ၊ လူကြီးသူမတွေ လက်ဆင့်ကမ်း ပြောပြချက်တွေအရ ကျွန်တော်ပုံဖော်ထားမိတာက အရည်းကြီးဆိုတာ သင်္ကန်းဝတ်ထားပြီး လူလိုနေတဲ့ လူတွေပါပဲ။ သဘောကတော့ သာမန်လူနဲ့ မတူတာက သင်္ကန်းဝတ်ထားမယ်၊ ကျန်တာက လူလိုပဲ အိပ်၊ စား၊ ကာမ ပေါ့။ ကျွန်တော့်ယူဆချက် ဧကန်အမှန်လို့ ကျွန်တော်မပြောလို၊ မှားလျှင် ပြင်ပေးကြပေါ့။ ပြောချင်တာက ကျွန်တော်တို့တွေ ဒုတိယအနော်ရထာကို မျှော်ရတော့မှာလား၊ ဒုတိယရှင်အရဟံကို တောင့်တရတော့မှာလား ဆိုတာပါ။
လူအများအပေါ်မှာ သြဇာလွှမ်းမိုးတဲ့ ပုဂ္ဂိုလ်တွေ (ဆရာတော်ကြီးတွေ၊ စာရေးဆရာတွေ၊ ရုပ်ရှင်မင်းသား မင်းသမီးတွေ၊ အဆိုတော်တွေ၊ နိုင်ငံရေးသမားတွေ၊ စတဲ့) ဟာ လူထုကို လမ်းမှားမရောက်အောင် ထိန်းပေးဖို့လိုတယ်လို့ ကျွန်တော်ကတော့ တွေးမိတယ်။ သူတို့ကိုယ်တိုင်က ကိုယ်ပိုင်ခံယူချက်မရှိဘဲ ဟိုနားစုစုဆို ပါလိုက်၊ ဒီနားစုစုဆို ပါလိုက် လုပ်နေကြတာ မြင်နေရတော့ စိတ်မကောင်းဖြစ်ရတယ်။ အထူးသဖြင့် စာရေးဆရာတွေ ဒီကိစ္စမှာ ကလောင်တွေ ၀ှက်ထားကြတယ်၊ ကလောင်တွေကို သိမ်းထားကြတယ်။ လူထုက မှားရင်မှားတယ်၊ မှန်ရင်မှန်တယ် ပြောပြရမှာပေါ့။ အခုဖြစ်နေတဲ့ ဘာသာရေးပြဿနာတွေဟာ မဖြစ်သင့်ဘူးဆိုရင် မဖြစ်သင့်ကြောင်း ရေးပြ၊ ပြောပြသင့်တယ်။ ဖြစ်သင့်တယ်၊ မှန်တယ်ထင်ရင်လည်း အကြောင်းအကျိုးနဲ့ ရေးပြသင့်တယ်။ အခုတော့ နှာစေးနေလိုက်ကြတယ်။ သာမန်လူပြိန်းတွေး တွေးကြည့်လိုက်တယ်။ အခုဖြစ်နေတာတွေသာ မှန်နေတယ်ဆိုရင်တော့ ဘယ်သူကမျှ မရေးရဲစရာ အကြောင်းမရှိဘူး။ သေချာပေါက် ၀မ်းသာအားရနဲ့ ချီးကျူးပြီး ရေးကြမှာပဲ။ အခုလို နှုတ်ဆိတ်နေတယ်ဆိုတော့....။ ဒါလည်း စဉ်းစားသင့်တယ်။
တစ်နေရာမှာ ဘာဖြစ်လို့တဲ့ဆိုရင် မှန်လား၊ မှားလား မစဉ်းစားအားဘူး။ လူစုစု၊ လက်နက်စုစုနဲ့ သွေးဆူဖို့၊ ဒေါသထွက်ဖို့က အရင်။ ရပ်ကွက်၊ မြို့နယ်၊ ခရိုင်၊ တိုင်း စတဲ့ အုပ်ချုပ်ရေးအာဏာပိုင် တာဝန်ရှိသူတွေက ဘာပြောပြော ဘယ်သူကမျှ အရေးမလုပ်တော့တာလည်း မြန်မာထုံးတမ်းတစ်ခု ဖြစ်သွားပြီ။ အဲဒီအတွက် တာဝန်အရှိဆုံးက မီဒီယာတွေပဲ။ အုပ်ချုပ်သူဆိုရင် ဆန့်ကျင်ပုန်ကန်ရမယ် ဆိုတဲ့အတွေး၊ တာဝန်ရှိသူဆိုတာ မဟုတ်တာလုပ်နေတဲ့လူတွေ ဆိုတဲ့အတွေး၊ ငါတို့က လူအများစုဆိုရင် အုပ်ချုပ်သူ လူနည်းစုက လိုက်လျောရမယ်ဆိုတဲ့ အတွေး စတဲ့စတဲ့ အတွေးတွေကို ပြည်သူတွေခေါင်းထဲရောက်အောင် ထည့်ပေးခဲ့တာက မီဒီယာတွေပဲ။ အခု ဘာသာရေးပြဿနာတွေမှာ မီဒီယာတွေ ဘာတွေတာဝန်ကျေသလဲ စောင့်ကြည့်ကြစေချင်တယ်။
ပြဿနာတစ်ခုခုဖြစ်လို့ သံသယရှိသူ၊ သို့မဟုတ် ဆက်နွှယ်သူ၊ သို့မဟုတ် ပတ်သတ်သူကို တာဝန်ရှိသူတွေက ထိန်းသိမ်းတဲ့အခါ၊ တစ်နည်း ရဲစခန်းတွေမှာ ချုပ်နှောင်ထားတဲ့အခါ လူအုပ်နဲ့ဝိုင်းပြီး သူ့ကိုအပ်ပါတို့၊ သူ့ကို ထုတ်ပေးပါတို့ဆိုတာ ဘယ်ဥပဒေနဲ့အညီ တောင်းဆိုကြ၊ လုပ်ကြတာလဲ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း တရားစီရင်ခွင့်၊ စစ်ဆေးခွင့်၊ အရေးယူခွင့်ကို ပြည်သူတွေထံ ပေးအပ်ထားတယ်လို့ မဖတ်မိပါဘူး။ ဘာလဲကွ... ဒီမိုကရေစီနိုင်ငံသား၊ လူအုပ်စုနဲ့ ရဲစခန်းဝိုင်းပြီး ဖမ်းထားတဲ့ တရားခံကို သူတို့လက်အပ်ပါဆိုတာ။ အဲဒါ မင်းမဲ့စရိုက် မဟုတ်လို့၊ ဘာတုန်း။ စာရေးဆရာတွေ၊ မီဒီယာတွေ ပြောကြလေဗျာ။ ကိုယ့်ဂျာနယ် မရောင်းရမှာကြောက်လို့ ပြည်သူမှားတာကို ထောက်မပြရဲတာတော့ သိပ်မနိပ်လှပါဘူးဗျာ။
မီဒီယာဆရာကြီးတွေ၊ နိုင်ငံရေးသမားတွေပြောတဲ့ နောက်ကြောင်းပြန် လှည့်လိုသူတွေဆိုတာ ဘယ်သူ့ကို ဆိုလိုမှန်းကို ကျွန်တော်ကိုဉာဏ်ဖြင့် တကယ်မသိရပါဘူးဗျာ။ ကိုယ်က အရမ်းကို ပြိန်းလွန်းတော့ ဉာဏ်မမီတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်သိတာကတော့ ဘာသာရေးပဋိပက္ခတွေဟာ သူဖြစ်ချင်တဲ့နေရာမှာ သူဖြစ်ချင်တဲ့အချိန် ဘာမဟုတ်တာလေး တစ်ခုနဲ့လည်း ဖြစ်နေတာပါပဲ။ ဖြစ်ချင်တဲ့နေရာမှာ ဖြစ်ချင်တဲ့အချိန်ဖြစ်တဲ့ ဘာသာရေးပဋိပက္ခတွေကို နောက်ကြောင်းပြန် လှည့်လိုသူတွေက ဖန်တီးတယ်ဆိုတာ ဘယ်လိုမှကို ဆက်စပ်လို့မရဘူး။ အဲဒီတော့ ဘာသာရေးပဋိပက္ခတွေ ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရာတွေကို ပြောတဲ့သူ၊ ရေးတဲ့သူ၊ ဖြန့်တဲ့သူ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲဖြစ်ဖြစ် မှတ်တမ်းတင်ထားမှ ဖြစ်ချေတော့မယ်။ အဲဒီအခါ ကျွန်တော်မသိသေးတဲ့ နောက်ကြောင်းပြန် လှည့်လိုသူတွေရဲ့ အမည်စာရင်း ရလာလိမ့်မယ်လို့ ထင်မိတာပါပဲ။
ကျွန်တော်တွေးမိသမျှပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မေလ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၂ နာရီ ၀၂ မိနစ်တွင်ပြီး၏။
....
ReplyDelete၁။ မိတ္ထိလာမြို့တွင် အပြစ်ရှိသူ ရွှေဆိုင်ပိုင်ရှင်နှင့် ဘုန်းကြီးသတ်သူများအား အပြစ်ဒဏ်စီရင်ပြီး သကာလ ... ကျန်ရှိသော လူဆယ်ဂဏန်းအထိ သေကြေအောင် တိုက်ခိုက် အကြမ်းဖက်သူများ၊ မီးရှို့အကြမ်းဖက်သူများကို ... ဘယ်အတိုင်းအတာအထိ ဖမ်းဆီး အရေးယူရန် ပြုလုပ်နေသည်ကို ရှင်းရှင်းလင်းလင်း မသိရ။ အကြမ်းဖက်သူ ရာဇဝတ်သားများ အားလုံး ဖမ်းမိတာ ဟုတ်သလား ဆိုသော နောက်ဆက်တွဲ သတင်းလည်း မကြားရ။
ReplyDelete၂။ ဥက္ကံမြို့တွင် လူသေသည်အထိ ရိုက်နှက်သူ၊ သူများအိမ်ယာများကို မီးရှိုဖျက်စီးသူ လူရမ်းကားများကို ဖမ်းဆီးမိထားသည် ဆိုသော သတင်းမကြားရ။ လွတ်မြောက်နေသော အကြမ်းဖက်သူများကို ဖမ်းဆီးရန် ကြိုးပမ်းနေသည်ဟူသော သတင်းလည်း မကြားရ။
၃။ ပဲခူးတိုင်း အနောက်ခြမ်းက အကြမ်းဖက်သူများကို ဖမ်းဆီးအရေးယူသည်ဟူသော သတင်းများ လုံးဝ မကြားရ။
၎။ လားရှိုးတွင် မြို့နေလူထုအား အန္တရာယ်ပေးနိုင်ပြီး တမြို့လုံးရှိ မြို့သူ မြို့သားများ အားလုံး မီးဘေးသင့်နိုင်သည့်အထိ အန္တရာယ်ပေးသူများကို ဖမ်းဆီးရန်၊ တားမြစ်ရန် ကြိုးပမ်းနေသည်ဟု ... အသံ တစ်ခုမှ မကြားရသေး။
အစိုးရ၏ တာဝန်မှာ ပုဒ်မ ၁၄၄ ထုတ်လျှင် ပြီးပြီဟု ထင်မှတ်နေပုံရ၏။ မြန်မာအစိုးရ၏ ထူးခြားသော တာဝန်ကျေအောင် ထမ်းဆောင်ပုံ မှာ မှတ်တမ်းတင်ရလောက်၏။
အလားတူ ... သတင်းသမားများကလည်း အရေးအခင်း ဖြစ်နေသည်ဟူသော "ဖြစ်ကြောင်းပြ" သတင်းများ ရေးတာကို တာဝန်ကျေသော သတင်းသမားများဟု ထင်မှတ်နေကြပုံရသည်။ နောက်ဆက်တွဲ သတင်းများ၊ အကြမ်းဖက်သမားများကို ဖေါ်ထုတ်မှုများ၊ အစိုးရတာဝန်ရှိသူများ၏ အကြမ်းဖက်မှုများကို ကိုင်တွယ်ရာတွင် ညံ့ဖျင်းချက်များကို ဖေါ်ထုတ် ရေးသားမှုများအား လုံးဝ မတွေ့ရ။
အမေရိကန်မှာ သမ္မတ နစ်ဆင်ကို ရာထူးက ထွက်သွားအောင်အထိ လုပ်နိုင်ခဲ့တဲ့ ဝါးတားဂိတ် အရှုပ်တော်ပုံကို ဖေါ်ထုတ်ခဲ့တဲ့ သတင်းသမား ဆိုတဲ့ အလေ့အကျင့်တွေကို တန်ဖိုးထားကြပါလို့သာ ... သတင်းမီဒီယာများကို တိုက်တွန်း နှိုးဆော်ပါရစေ။
(ကိုထိုက်)
(ကိုထိုက်) ရေ... ကွန်းမန့်အတွက် ကျေးဇူးတင်ပါတယ်။ တွေးစရာတွေ ကျန်ရစ်ခဲ့ပါတယ်။
ReplyDelete