Monday, May 27, 2013

ဖတ်မိသမျှ သတင်းများ၊ တွေးမိသမျှ အတွေးများ (မေ ၂၇၊ ၂၀၁၃)


(က)
မြန်မာပြည်မှာ အင်တာနက်သုံးစွဲသူ ၆ သိန်းကျော်ရှိပေမယ့် ဖေ့စ်ဘွတ်ခ်အကောင့်အရေအတွက်က ၇ သိန်းကျော်ရှိတယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို 7Day Daily သတင်းစာမှာ ဖတ်လိုက်ရတယ်။ သတင်းရေးသားသူက ဆွေမွန်တဲ့။ အပေါ်မှာပြောခဲ့တဲ့ အရေအတွက်တွေအတွက် ကိုးကားခြင်းခံရသူက မြန်မာဖွံ့ဖြိုးတိုးတက်ရေးအတွက် အိုင်စီတီ (Mido) က ဒုအမှုဆောင်ဒါရိုက်တာ ဦးညီညီ တဲ့။ ကဲ... ဘာပြောရမလဲ။ မြန်မာပြည်က အင်တာနက်သုံးတဲ့သူတိုင်းဟာ ဖေ့စ်ဘွတ်ခ်အကောင့်ရှိတယ် ဆိုတဲ့ယူဆချက်၊ မြန်မာပြည်မှာ အင်တာနက်သုံးစွဲသူ ၆ သိန်းကျော် ရှိတယ်ဆိုတဲ့အချက်၊ မြန်မာနိုင်ငံ ကိုယ်စားပြုပြီး အကောင့်ပြုလုပ်ထားတဲ့အပေါ်မှာ ရှာဖွေထားပါတယ် ဆိုတဲ့အချက်တွေကို ကျွန်တော်ဖြင့် ဘယ်လိုမှကို နားမလည်နိုင်ပါဘူး။ အခုသတင်းကိုသာ အစိုးရက ထုတ်ပြန်ခဲ့တာဆိုရင်၊ ဥပမာအားဖြင့် ဦးရဲထွဋ် ကသာ ပြောခဲ့တာဆိုရင် ဝေဖန်သံတွေ ပွက်ပွက်ဆူလိုက်မယ့်ဖြစ်ခြင်း။ Mido ဆိုတာ ဘယ်လိုအဖွဲ့အစည်း၊ ဘယ်လိုလုပ်ငန်းတွေ လုပ်တယ်ဆိုတာ မသိပေမယ့် အခုဖတ်ရတဲ့ သတင်းကြောင့် နှာခေါင်းရှုံ့မိတာတော့ အမှန်ပါပဲ။ သတင်းရေးသားသူရဲ့ ရည်ရွယ်ချက်ကရော ဘာများပါလိမ့်။ ဖေ့စ်ဘွတ်ခ်ရဲ့ ရိုက်ချက်ဟာ ပြင်ပကိုပါ သက်ရောက်မှုရှိနေတဲ့အတွက် နှာခေါင်းရှုံ့စရာ၊ ကြောက်စရာတစ်ခုအနေနဲ့ မီးမောင်းထိုးပြချင်တာလား...။ ဘာများပါလိမ့်ဗျာ...။

(ခ)
သမ္မတကြီးက အချို့သော ဆန္ဒပြတဲ့သူတွေဟာ နေ့စားခနဲ့ ဆန္ဒပြကြတယ်လို့ မှတ်ချက်ပြုပြောကြားခဲ့တာကို မကျေနပ်တဲ့အတွက် ရန်ကုန်မှာ ဆန္ဒပြကြသတဲ့။ အင်း... ခက်တော့ ခက်ချေပြီ အစည်းအဝေးများ လျှော့ချရေးအတွက် အစည်းအဝေးကျင်းပသည် ဆိုတာထက်တောင် ပိုဆိုးနေသလား မသိချေဘူး။ ဆန္ဒပြခြင်းသည် အခကြေးငွေယူ၍ ဆောင်ရွက်ခြင်းမဟုတ်ဘဲ မိမိသဘောဆန္ဒအလျောက် ဆန္ဒပြခြင်းဖြစ်ကြောင်း ဆန္ဒပြခြင်း ဆိုတဲ့ခေါင်းစဉ်နဲ့ သတင်းရေးရမလိုတောင် ဖြစ်နေပြီ။ ကောင်းပါတယ်လေ။ တစ်ချိန်တုန်းက လူစုမှာကိုတောင် ကြောက်ခဲ့ရတဲ့ ဘ၀ကနေ ဒီနေ့များတော့ တန်းစီလမ်းလျှောက်တာ၊ ဟိုဆိုင်းဘုတ်ကိုင် ဒီဆိုင်းဘုတ်ကိုင် ဆန္ဒဖော်ထုတ်တာဟာ ဘာမျှထူးဆန်းတဲ့ကိစ္စ မဟုတ်တော့ချေဘူး။ ဒါပေမယ့် တကယ်နစ်နာလို့ ဆန္ဒဖော်ထုတ်ချင်တဲ့ သူတွေအတွက် အခုလိုဖြစ်ရပ်တွေကြောင့် ဘယ်သူကမျှ အလေးမထားတော့မှာ၊ ဂရုမမူကြတော့မှာကိုတော့ စိုးရိမ်မိတာ အမှန်ပါပဲ။ အဲဒါကြောင့် အမှန်တကယ် နစ်နာကြမှသာ ဆန္ဒပြကြပါလို့ ကျွန်တော်ကိုဉာဏ်က ဒီနေရာကနေ ဆန္ဒဖော်ထုတ်လိုက်ပါတယ်။ :D

(ဂ)
ဂျပန်ဝန်ကြီးချုပ်ရဲ့ မြန်မာပြည်ခရီးစဉ်ဟာလည်း ပြောစရာဖြစ်ခဲ့တဲ့ သတင်းတစ်ပုဒ်ပါပဲ။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တာ၊ စာသင်ကျောင်းတစ်ခုက ကလေးသူငယ်တွေနဲ့ လွန်ဆွဲပွဲကျင်းပခဲ့တာ၊ သမ္မတကြီးရဲ့ တွေ့ဆုံခဲ့တာ၊ ကြွေးမြီတွေ လျှော်ပေးခဲ့တာ စတဲ့စတဲ့ ပြောစရာအဖုံဖုံနဲ့ပါပဲ။ အချို့သော အဆိုးမြင်တွေရဲ့ မြန်မာနိုင်ငံကို အခြားနိုင်ငံက ဘယ်အကြီးအကဲမျှ မလာသင့်သေးဘူး၊ မြန်မာနိုင်ငံအပေါ် ကြွေးမြီတွေ မလျှော်ပစ်သင့်သေးဘူး၊ လက်ရှိအစိုးရကို မယုံကြည်သင့်သေးဘူး၊ ဦးသိန်းစိန်အစိုးရနဲ့ မဆက်ဆံသင့်ဘူး၊ စတဲ့အမြင်တွေအတွက် အံ့သြမိရပါတယ်။ ကိုယ့်အမြင်နဲ့ကိုယ် ကွဲလွဲခွင့်ရှိပေမယ့် ကိုယ့်နိုင်ငံအကျိုးကို မမြင်လောက်အောင်တော့ မဖြစ်သင့်ဘူးလို့ သုံးသပ်မိကြောင်းပါ။

(ဃ)
သမ္မတကြီးရဲ့ အမေရိကန်ခရီးစဉ်နဲ့ပတ်သက်တဲ့ နောက်ဆက်တွဲ မှတ်ချက်တွေ၊ ဆောင်းပါးတွေ၊ သတင်းတွေ၊ ဝေဖန်မှုတွေကလည်း ဖတ်လို့ကောင်းမှကောင်းပါပဲ။ ကျွန်တော်ကိုဉာဏ်ကတော့ ပြိန်းတယ်ပဲပြောပြော၊ အ,တယ်ပဲပြောပြော၊ အမြင်မကျယ်ဘူးပဲဆိုဆို ဦးသိန်းစိန်ရဲ့ အမေရိကန်ခရီးစဉ်မှာ သဘောအကျဆုံးက အိမ်ဖြူတော်မှာ အိုဘားမားနဲ့ နှစ်ယောက်အတူထိုင်ပြီး ဆွေးနွေးကြတဲ့ မြင်ကွင်းကို သဘောအကျဆုံးပဲ။ သြော်... တစ်ဆက်တည်း ကျွန်တော့်နှမလေးတစ်ယောက် ပြောတဲ့စကားကိုလည်း သဘောကျမိသလို အတွေးလည်း ပွားမိတယ်။ သူကမေးပြောလေး ပြောရှာတယ်။ သူတို့သမ္မတကြီး မြန်မာနိုင်ငံကို လာတုန်းကကျတော့ ရန်ကုန်တက္ကသိုလ်က စကားပြောစင်မြင့်ကို အမေရိကန်တံဆိပ်ကြီးတွေ တပ်ထားပြီးတော့ မြန်မာသမ္မတကြီး သူတို့ဆီသွားပြီး မိန့်ခွန်းပြောတော့ ဘာဖြစ်လို့ မြန်မာနိုင်ငံတံဆိပ်တွေ မတပ်ထားတာလဲတဲ့။ ကျွန်တော်ကိုဉာဏ်တော့ မဖြေတတ်တာ အမှန်ပါဗျာ။ ဖြေနိုင်သူတွေများရှိရင် ကွန်းမန့်တွေမှာ ရေးသားပေးကြစေလိုပါတယ်။ အင်း... တချို့ဟာတွေမှာ ကျွန်တော်တို့လို သာမန်နလပိန်းတုံးတွေ နားမလည်နိုင်တာတွေ အများကြီးရှိသေးတယ်လို့ မေးခွန်းမေးတဲ့ နှမလေးကို အခုလောလောဆယ် ဖြေထားပါတယ်ဗျာ။

(င)
နေပြည်တော်က လမ်းတစ်ခုမှာ ကားတွေ၊ ဆိုင်ကယ်တွေ ဂီယာမထိုးဘဲ ဖရီးထားရင် နောက်ကို အလိုလို ပြန်တက်တယ်ဆိုတဲ့ သတင်းကလည်း အွန်လိုင်းမှာ ပြောစရာဖြစ်နေပါရောလား။ ဗီဒီယိုဖိုင်တွေနဲ့ ကြည့်ရတာဆိုတော့ ပြောဖို့တော့ အတော်ခက်သား။ စိတ်ဝင်စားမိကြောင်းပါ။ တစ်ရက်လောက် ကိုယ်တိုင် သွားကြည့်လိုက်ပါဦးမယ်။

(စ)
အကော်ဒီယံအုန်းကျော် သေဆုံးသွားတဲ့သတင်းကိုလည်း ၀မ်းနည်းစွာ ဖတ်ရှုခဲ့ရပါတယ်။ ကျွန်တော်တို့ အသက်အရွယ်တွေရဲ့ ငယ်ဘ၀တွေမှာ ရုပ်မြင်သံကြားကနေတစ်ဆင့် အမြဲလိုလို မြင်တွေ့ကြည့်ရှု ခံစားခဲ့ရတဲ့ အဆိုတော်တစ်ယောက်မို့ သံယောဇဉ်ရှိတာ အမှန်ပါပဲ။ အားကစားပွဲသီချင်းတွေ၊ တိုင်းကျိုးပြည်ပြု သီချင်းတွေ အများအပြား ရေးသွားခဲ့သလို ရေးခဲ့သမျှ သီချင်းတွေကလည်း သူ့အတိုင်းအတာနဲ့သူ အောင်မြင်ပေါက်မြောက်ခဲ့တယ်လို့ မြင်မိပါတယ်။ သျှောင်ပေစူး သီချင်းကတော့ ဘယ်တော့မျှ မရိုးတော့မယ့် ဂန္ထ၀င်သီချင်းတစ်ပုဒ် ဖြစ်ပါလိမ့်မယ်။ မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေရမည် ဆိုတဲ့ အသံသြသြကြီးကို ပြန်ပြီးတော့ ကြားယောင်မိကြောင်းပါ။ ကောင်းရာမွန်ရာ ရောက်ပါစေ။

(ဆ)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ဖြစ်ပွားခဲ့တဲ့ မှန်လုံအမြန်ယာဉ် တိမ်းမှောက်တဲ့ သတင်းကလည်း စိတ်မကောင်းစရာပါ။ သတင်းနဲ့ပတ်သက်လို့ ဘာမျှပြောဆိုလိုခြင်း မရှိပေမယ့် မြင်တွေ့နေရတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ အဲဒီလောက်အထိ ဖြစ်သွားရအောင် ယာဉ်မောင်းအနေနဲ့ ဘယ်လိုများ မောင်းနှင်ခဲ့သလဲ၊ အခုလို တိမ်းမှောက်မှုဟာ ဘာကြောင့်များ ဖြစ်ခဲ့ရသလဲ ဆိုတာကိုတော့ စိတ်ဝင်စားမိတာ အမှန်ပါပဲ။ သတင်းစာမှာ ဖတ်ရတာက ဘီးပေါက်ပြီး တံတားနှစ်စင်းကြားက လမ်းလယ်ကွန်ကရစ်တုံးတွေကို တိုက်မိတယ်တဲ့။ နိုင်ငံခြားကားတွေထဲမှာ ကားတွေဘာတွေ ဗုံးပေါက်ကွဲတာတို့၊ ချောက်ထဲကျတာတို့ ရိုက်ပြတာတောင် ဒီလောက်မဆိုးရွားဘူးဗျာ။ အခုဟာက ကားပေါ်က ပါလာတဲ့ ခရီးသည်တွေကို မပြောနဲ့ ကားကိုယ်ထည်ကိုတောင် ကြည့်ရက်စရာမရှိဘူး။ နောက်ပြီးတော့ သတင်းစာထဲမှာ ယာဉ်မောင်း ညွန့်ဝေ (စုံစမ်းဆဲ) ဆိုတာကို နားမလည်ဘူးဗျ။ အဲဒီယာဉ်မောင်းရဲ့ အသက်လည်းမသိဘူး၊ အဘအမည်လည်း မသိဘူး၊ နေရပ်လိပ်စာလည်း မသိဘူးဆိုတဲ့ သဘောသက်ရောက်တယ်လို့ ထင်ပါတယ်။ ကျွန်တော်ပြောချင်တာက အဲဒီခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီဆိုတာနဲ့ အဲဒီယာဉ်လိုင်းက တာဝန်ရှိသူတွေကို ယာဉ်မောင်းဘယ်သူ၊ ယာဉ်နောက်လိုက်ဘယ်သူ၊ ကားပေါ်မှာ ခရီးသည်ဘယ်နှဦးပါတယ်၊ ဘယ်သူဘယ်ဝါတွေပါ၊ မှတ်ပုံတင်နံပါတ်တွေက ဘယ်လောက်ပါ စတဲ့အချက်အလက်တွေ မပေးနိုင်ဘူးလား။ ဒါဆိုရင် ကျွန်တော်တို့တွေ ခရီးသွားတိုင်း မှတ်ပုံတင်နံပါတ်တွေ၊ ဖုံးနံပါတ်တွေ ပေးနေရတာ ဘာကြောင့်လဲ။ လမ်းမှာရှိတဲ့ လုံခြုံရေးဂိတ်တွေကို ပေးဖို့သက်သက်ပဲလား။ ကဲပါဗျာ.. .ထားလိုက်ပါတော့။ အဲဒါက နည်းနည်းရှုပ်နေပါသေးတယ်။ အခုဟာက ဒီခရီးသည်တင် ကားတစ်စင်းလုံးကို မောင်းတဲ့ယာဉ်မောင်းရဲ့ အချက်အလက်တွေကို မသိရလောက်အောင် အဲဒီယာဉ်လိုင်းနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေ ညံ့ဖျင်းရသလား ဆိုတာကို တွေးနေမိပါတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မေလ ၂၇ ရက်၊ တနင်္လာနေ့။
မွန်းလဲ ၁၂ နာရီ ၁၉ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics