Monday, May 06, 2013

ကျွန်တော်သိသမျှ မြန်မာ့နိုင်ငံရေး


(က)
ဥက္ကံမှာ ဖြစ်ခဲ့တဲ့ ပြဿနာကလည်း အတော်ကြီးကို ဆန်းကြယ်လွန်းလှပါတယ်။ ဇာတ်ညွှန်း အကယ်ဒမီများဆုရှင် ဆရာငြိမ်းမင်းကိုတောင် မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်မေးတာတွေ လုပ်သင့်သေးတော့တယ်။ ဟုတ်တယ်လေ... ဘယ်လောက် အကွက်စေ့လိုက်တဲ့ ဇာတ်ညွှန်းဇာတ်ကွက်လဲလို့။ သေချာပြန်စဉ်းစားကြည့်... ကိုရင်လေးက သပိတ်လေး မနိုင့်တနိုင်နဲ့ လမ်းလျှောက်ကြွလာတယ်။ ကိုရင်ဆိုတော့ ကလေးဘာဝ ဟိုငေးဒီငေး၊ ဟိုတွေးဒီတွေးနဲ့ ဖြစ်မှာပေါ့။ အဲဒီအချိန်မှာ အမျိုးသမီးတစ်ဦးက မတော်တဆ အဲဒီကိုရင်လေးကို ၀င်တိုက်မိတယ်။ အဲဒီလိုဖြစ်တော့ ကိုရင့်လက်ထဲမှာ ပါတာဆိုလို့ သပိတ်ပဲရှိတော့ ပါလာတဲ့ သပိတ်လေး အောက်ကိုပြုတ်ကျသွားရှာတယ်။ ဟော... ဖြစ်ချင်တော့ ၀င်တိုက်မိတဲ့လူက ဘာသာခြား အမျိုးသမီးတစ်ဦး ဖြစ်နေတယ်။ အဲဒီမှာတင် ဇာတ်လမ်းထဲကအတိုင်းဆိုရင် အက်ရှင်စတော့တာပေါ့။ ဒါရိုက်တာက ၀မ်း... တူး... သရီး... ဂိုး.... ဆိုတာနဲ့ ထိုးမယ်ကြိတ်မယ် ဆိုတဲ့လူတွေက အသင့်ပဲ မဟုတ်လား။ ဂျက်ကီချန်းတို့၊ ဂျက်လီတို့တောင် ထိုင်ငိုသွားလောက်တယ်။ ဘာဆက်တင်မှ မလိုဘူး။ အစစ်တွေနဲ့ချည်းပဲ သုံးသွားတာ။ မီးလောင်တာလည်း အစစ်၊ ဒဏ်ရာရတာကလည်း အစစ်၊ သေတာကလည်း အစစ်၊ ပျက်စီးဆုံးရှုံးတာတွေကလည်း အစစ်တွေချည်းပါပဲ။ ကဲ... ဒီလောက် အကွက်ကျကျ ဇာတ်ညွှန်းခွဲထားတယ် ဆိုကတည်းက ငြိမ်းမင်း လက်ချက်မဟုတ်ရင် ဘယ်သူဖြစ်နိုင်ဦးမလဲ။ မဟုတ်ဘူးလား။ :D နောင် ၁၀ နှစ်လောက်ကြာလို့ မြန်မာ့သမိုင်းစာအုပ်ကို ပြန်ဖတ်တဲ့အခါ ၂၀၁၃ ၀န်းကျင်နှစ်တွေအကြောင်း အများကြီး ဖတ်စရာမလိုဘူး။ ၃-၄ ကြောင်းလောက်ဆို ရပြီ။
ဘာသာရေး၊ လူမျိုးရေး ပြဿနာများဖြင့် မြန်မာတစ်နိုင်ငံလုံး မီးခိုးနံ့မွှန်သည်၊ လူသေသည်၊ ဒဏ်ရာရသည်၊ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်။ မြန်မာနိုင်ငံသားအများစု ကိုယ့်အိမ်မှာကိုယ် မနေကြ။ လမ်းပေါ်ထွက်၍ လမ်းလျှောက်ကြသည်၊ ငုတ်တုတ်ထိုင်ကြသည်၊ ပစ္စည်းအစုံအလင်ဖြင့် ညအိပ်ညနေ စုဝေးကြသည်၊ လယ်ကွင်းထဲတွင် ဆိုင်းဘုတ်ထောင်၍ သွားအိပ်ကြသည်။ တစ်ချိန်က အမျှဝေသံ၊ ကြေးစည်သံတို့ဖြင့် စီစီညံခဲ့သော နိုင်ငံသည် ကြွေးကြော်သံ၊ ဒေါသသံ၊ တက်ခေါက်သံတို့ဖြင့် အပူလျှံခဲ့ရလေသည်။

(ခ)
ရခိုင်အရေး အစီရင်ခံစာနှင့် ပတ်သက်၍ ဟိုကဒီက ပြောကြဆိုကြတာကို ကြားရဖတ်ရတော့ နတ်ရွှေအိုး ဇာတ်ကားကို သွားသတိရမိသည်။ ကြည့်ဖူးသူတို့ အမှတ်ရကြမည်ထင်သည်။ စိုးမြတ်သူဇာက ကလေးအမြွှာပူးတွေ မွေးရင်းနဲ့ ဘာမှမဖြစ်သလို တစ်ခုပြီးတစ်ခု စားသောက်နေသည်။ ရန်အောင်က မဆီမဆိုင် ကလေးတစ်ခါမွေးတိုင်း တစ်ခါဆိုသလို အလူးလူး အလိမ့်လိမ့်နဲ့ နာကျင်အော်ဟစ်နေတဲ့ ဇာတ်ဝင်ခန်းဖြစ်သည်။ အခုလည်း တကယ်မွေးပြီး နာရမှာကတစ်ယောက်၊ ပါးစပ်က အသံကျယ်ဟစ်ပြီး မနေထိုင်လောက်အောင် နာပြနေသူက တစ်ယောက်ဖြစ်နေသည်။ အခြားသူတွေအတွက်တော့ မည်သို့ ရှိသည်မသိ။ ကျွန်တော်ကိုဉာဏ်ကတော့ ရယ်လိုက်ရတာမှ ဟက်ဟက်ပက်ပက်။

(ဂ)
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌရာထူးအတွက် လူအပြောင်းအလဲ လုပ်တယ်/မလုပ်ဘူး၊ ဟုတ်တယ်/မဟုတ်ဘူး၊ ပြောင်းသွားပြီ/မပြောင်းသေးဘူး စတဲ့စတဲ့ သတင်းကလည်း လှုပ်ခတ်နိုင်လွန်းလှသည်။ ခက်သည်က ဘယ်သူကမျှ ဒါနဲ့ပတ်သက်လို့ တိတိကျကျ မပြောနိုင်တာဖြစ်သည်။ တကယ်ပြောင်းလိုက်ပြီ ဆိုလျှင်လည်း ဘာလျှို့ဝှက်စရာ ရှိသလဲ။ ပြောလိုက်ပေါ့။ မပြောင်းဘူးဆိုရင်လည်း တိတိကျကျ မပြောင်းဘူးပေါ့။ အခုတော့ စဉ်းစားရင်း တွေးရင်း ရူးချင်လာသည်။ ကျွန်တော့်သဘောကတော့ လက်ရှိပါတီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဦးသိန်းစိန် အနေဖြင့် ပါတီအတွက် မည်သည့်တာဝန်မျှ ထမ်းဆောင်နိုင်ခြင်း မရှိမည့်အတူတူ ဥက္ကဋ္ဌရာထူးကိုလည်း စွန့်လွှတ်သင့်သည်ဟု မြင်သည်။ အများပြောဆိုစရာ ဖြစ်နေသည့် ကိစ္စရပ်တစ်ခုသည် ပါတီအတွက်၊ မိမိအတွက် ထိခိုက်စေနိုင်လောက်တာ မဟုတ်သည့်အတွက် သူများအပြောအဆိုခံပြီး ဥက္ကဋ္ဌရာထူးတွင် ရှိမနေသင့်ဟု မြင်ပါသည်။

(ဃ)
မြန်မာနိုင်ငံကို ဂျီဟဒ်စစ်ပွဲဆင်နွှဲမယ်ဆိုတဲ့ သတင်းစကားကလည်း ပြောစရာအဖြစ်ဆုံး နိုင်ငံရေးသတင်းတစ်ပုဒ် ဖြစ်လို့နေခဲ့ပြန်တယ်။ တစ်ချိန်တုန်းကတော့ မြန်မာနိုင်ငံအကြောင်း ပြင်ပကမ္ဘာက ဘာပြောပြော ကျွန်တော်တို့တွေ သိလည်းမသိခဲ့ဘူး၊ သိခွင့်လည်း မရှိခဲ့ဘူး။ နိုင်ငံခြားမှာ ပညာသင်နေတဲ့လူတွေ၊ အလုပ်လုပ်နေတဲ့လူတွေနဲ့ ပြည်တွင်းက အင်တာနက်သုံးစွဲတဲ့ လူတချို့လောက်သာ မြန်မာပြည်ကို ဘယ်သူကတော့ ဘယ်လိုပြောတယ်၊ ဘယ်အဖွဲ့အစည်းက ဘယ်လိုအပုပ်ချနေတယ် စသဖြင့် သိခွင့်ရကြတယ်။ ဒီနေ့ခေတ်များတော့ လမ်းဘေးက သူတောင်းစားက သမ္မတကြီးကို ထဆဲရင်လည်း ဂျာနယ်တွေရဲ့ ကျေးဇူးကြောင့် တခမ်းတနား၊ ဝေေ၀ဆာဆာနဲ့ကို ဖတ်ခွင့်ရနေတော့တာပဲ။ အကောင်းနဲ့အဆိုးကတော့ ကိုယ့်ဆင်ခြင်ဉာဏ်နဲ့ ကိုယ်သာ ချင့်ချိန်ကြပါလေ။ ပြောတော့သာ မြန်မာပြည်သူလူထုဟာ ရှင်ငယ်ဝမ်းတွေရော၊ ရှင်ကြီးဝမ်းတွေရော၊ ရှင်လတ်ဝမ်းတွေရော ၀င်ခဲ့ဖူးတယ်တဲ့။ အပတ်စဉ် ဂျာနယ်တစ်စောင်လောက် ၀ယ်ဖတ်ပြီး အဲဒီဂျာနယ်က ရေးသမျှကို ဘုရားဟောလိုမှတ်၊ ငါနဲ့မတူ ငါ့ရန်သူဆိုပြီး လဘက်ရည်ဆိုင်မှာ၊ အရက်ဆိုင်မှာ၊ ဘတ်စ်ကားပေါ်မှာ၊ ရထားပေါ်မှာ၊ အလုပ်ခွင်မှာ ဖင်ပိတ်ငြင်းနေတဲ့ကောင်တွေက ရာခိုင်နှုန်းများနေသေးတယ်။ မဆီမဆိုင် တွေးမိတာက သေသွားတဲ့ လူထုစိန်ဝင်းအုတ်ဂူကိုသွားပြီး ဆရာပြောတဲ့ နိုင်ငံရေးပါးဝတယ်ဆိုတဲ့ ပြည်သူတွေထဲမှာ ဒီလူတွေပါလား၊ ဒီလူတွေပါလားဆိုပြီးတော့သာ အုတ်ဂူကို ထုထုပြီး မေးလိုက်ချင်တော့တာပါပဲ။ ဂျီဟဒ်ဆင်နွှဲတော့ရော ဘာသောက်ဂရုစိုက်စရာလိုလဲ။ ကိုယ်ခံအားကောင်းနေရင်၊ ကျန်းမာရေးနဲ့အညီ နေထိုင်ရင် ဘယ်ရောဂါကိုမျှ ကြောက်စရာမလိုဘူး။ ဗုဒ္ဓဘာသာဆိုတာ ဘယ်ဘာသာကိုမျှ ပုတ်ခတ်ပြီးတော့ ရပ်တည်ရတဲ့ ဘာသာမဟုတ်ဘူး။ ဗုဒ္ဓတရားဆိုတာ လူသိမခံဝံ့တဲ့၊ အဝေဖန်မခံဝံ့တဲ့ တရားမဟုတ်ဘူး။ ကမ္ဘာပေါ်မှာ အဲဒီလို အစမ်းသပ်ခံဝံ့၊ မှတ်ကျောက်အတင်ခံဝံ့၊ သမိုင်းမှတ်တမ်း ရေရေရာရာရှိပြီး သဘာဝအကျဆုံး ဘာသာတရားဆိုတာ ဗုဒ္ဓဘာသာတစ်ခုပဲရှိတယ်။ အဲဒီလို ဘာသာတရားကို ယုံကြည်သက်ဝင်ကြတယ် ဆိုတဲ့လူတွေက ဂျီဟဒ်ကို ဘာလို့ကြောက်နေကြတာလဲ။ မြန်မာပြည်လူဦးရေရဲ့ ၅၀ ရာခိုင်နှုန်း ငါးပါးသီလ မြဲမြံနေသ၍ မြန်မာပြည်ကို ဂျီဟဒ်မှမဟုတ်ဘူး၊ အိပ်ခ်ျဟဒ်လည်း မလုပ်နိုင်ဘူး၊ အိုင်ဟဒ်လည်း မလုပ်နိုင်ဘူး။ ဘယ်နှယ့်ဗျာ... ကိုယ်က စင်ပေါ်ကနေ လက်ပိုက်ပြီး အခန့်သား နေရမယ့်ဥစ္စာ အလကားနေရင်း သူများစကားကြားပြီး မျောက်သစ်ကိုင်းလွတ် ဖြစ်နေတာကတော့ သိပ်မဟန်ဘူး ထင်ပါရဲ့ဗျာ။

(င)
၁၅၀၀ ကျပ်တန် တယ်လီဖုန်းဆင်းကဒ်တွေ ချပေးပြီးတဲ့နောက် ပြန်ကြားရတဲ့ ပြဿနာတွေကလည်း အထူးအဆန်းတွေချည်းပါပဲလေ။ တယ်လီဖုန်းဆင်းကဒ်ကို တန်းစီပြီး မဲနှိုက်ရတယ်... ထားတော့ မပြောလိုတော့ဘူး... မြန်မာပြည်ကိုး။ တာဝန်ယူရတဲ့ အုပ်ချုပ်ရေးမှူးအချို့ မသမာမှုရှိတယ်တဲ့... ထားတော့ မပြောလိုတော့ဘူး... မြန်မာပြည်ကိုး။ ၁၅၀၀ ကျပ်တန် ဆင်းကဒ်ကို ပြင်ပဈေးကွက်မှာ အဆပေါင်းများစွာ ဈေးတင်ပြီး အရောင်းအ၀ယ်ဖြစ်ကြသတဲ့... ထားတော့ မပြောလိုတော့ဘူး.... မြန်မာပြည်ကိုး။ ဆင်းကဒ်တစ်ခုကို သိန်း ၄၀-၅၀ ပေးဝယ်ရတဲ့ ခေတ်တုန်းကလည်း ၀ယ်ကိုင်ခဲ့လူတွေ၊ ဖုန်းကဒ်တစ်ခုကို ၁၅-၂၀ သိန်း ပေးဝယ်ရတော့လည်း အပို ၂-၃ ခု ခါးမှာချိတ်ခဲ့တဲ့လူတွေ၊ ဖုန်းကဒ်တွေ ၅ သိန်းလောက်အထိ ဖြစ်သွားတော့လည်း ပိုက်ဆံမနှမြောဘဲ ၀ယ်ထားခဲ့တဲ့လူတွေ၊ ၂ သိန်းတန် ဖုန်းကဒ်တွေ ချပေးတော့လည်း ထပ်ဝယ်ပြန်တဲ့လူတွေ၊ ဟော... အခု အောက်ခြေလူတန်းစားတွေ အဆင်ပြေအောင် ၁၅၀၀ ကျပ်တန် ဆင်းကဒ်တွေ ချပေးတော့လည်း လိုချင်ကြပြန်တာပဲ၊ ရအောင်လုပ်ကြပြန်တာပဲ၊ ငါရသင့်တယ်လို့ ခံယူပြီး ရအောင်ကြံစည်ကြပြန်တာပဲ၊ ပိုက်ဆံနဲ့ပစ်ပြီး မတန်တဆပေးပြီး ၀ယ်ကြပြန်တာပဲ။ ဒါကိုတော့ ထားလို့မရတော့ဘူး၊ နားလည်းမလည်တော့ဘူး။ ကျွန်တော်ကိုဉာဏ် ဘာပြောရမှန်းကို မသိတော့ပါခင်ဗျား။

(စ)
သမ္မတကြီး ဦးသိန်းစိန် အမေရိကန်ပြည်ထောင်စုကို သွားမယ်တဲ့။ နိုင်ငံ့ခေါင်းဆောင်တစ်ဦး အခြားနိုင်ငံတစ်ခုကို ချစ်ကြည်ရေးခရီးသွားတာ ဘာမျှအထူးအဆန်းလုပ်ပြီး ပြောရမယ့်ကိစ္စ မဟုတ်ဘူး။ အင်းပေါ့လေ... တစ်ချိန်က သွားလေ့မရှိခဲ့တဲ့နိုင်ငံ၊ သွားခွင့်လည်း မရှိခဲ့တဲ့နိုင်ငံကို အခုလို သွားမယ်ဆိုတော့လည်း သတင်းလုပ်ချင်သပဆို လုပ်ကြပေါ့လေ။ သို့သော်... ဦးသိန်းစိန် သူ့ဟာသူ အမေရိကန်သွားမယ့်ကိစ္စကို မဆီမဆိုင် ဟိုလူနဲ့နှိုင်း၊ ဒီလူနဲ့နှိုင်း၊ ဟိုနိုင်ငံကိုစိုးရိမ်သလို၊ ဒီနိုင်ငံက မကျေနပ်သလို ရေးသားပြောဆိုနေကြတာတွေကိုတော့ အံ့သြမိတယ်ဗျ။ မဟုတ်တမ်းတရားတွေ မတွေး၊ မရေး၊ မပြော၊ မဆိုကြဖို့ တောင်းပန်လိုက်ပါရစေ။

(ဆ)
ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ယူတယ်တဲ့။ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်အမှတ် (၁/၂၀၁၃) ကို အတည်ပြုဖို့အတွက် ဖြစ်ပါတယ်။ မေလ ၂၀ ရက်နေ့မှာ စတင်ကျင်းပသွားမယ်လို့ သိရတဲ့အတွက် တစ်ရက်တည်း ကျင်းပမှာမဟုတ်ဘဲ တစ်ပတ်ခန့် ကြာမြင့်မယ်လို့ ခန့်မှန်းရကြောင်းပါ။ ဒါနဲ့... စကားမစပ်... ဆိတ်ဖွားကိစ္စလေးများ အခုအထူးအစည်းအဝေးမှာ ထူးလေမလား မပြောတတ်ဘူး။ ဆိတ်ဖွားကို ဘယ်သူဘယ်ဝါဆိုတာ သူတို့သိပြီလို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုထားတာကိုး။ စိတ်ဝင်စားမိပါရဲ့။ ဦးရွှေမန်း ပြောပြောနေတဲ့ ပွင့်လင်းမြင်သာမှုဆိုတာကို စောင့်ကြည့်ရမှာပဲ။ ဆိတ်ဖွားကို စုံစမ်းစစ်ဆေးတုန်းကတော့ တိုင်းသိပြည်သိ လှုပ်လှုပ်ခတ်ခတ်ဖြစ်အောင် လုပ်ခဲ့ပြီးတော့ ဆိတ်ဖွားကို သိပြီဆိုတော့မှ ဟိုလိုလိုဒီလိုလို လုပ်သွားမှာကိုလည်း စိုးရိမ်မိသား။ စောင့်ကြည့်ကြပါစို့ရဲ့။

စာကြွင်း
စာမရေးဖြစ်တာကြာတော့ စာရေးရတာ အင်မတန် ခက်ခဲလှသည်။ ရေးရမှာလည်း ပျင်းရသည်။ ဒီပို့စ်ကို ၃ ရက် ရေးလိုက်ရသည်။ အခုအချိန်အထိ စိတ်ကို စုစည်းလို့ မရသေး။ ခရီးက ပြန်လာကတည်းက စိတ်တွေက ဟိုရောက်ဒီရောက်။ စာရေးဖို့ အကြောင်းအရာ ပေးထားသူတွေကိုလည်း တောင်းပန်ချင်သည်။ လောလောဆယ် ကျွန်တော်ကိုဉာဏ် စာရေးချင်စိတ် ပြန်မွေးနေရပါသည်။ ခရီးသွားလိုက်ရသည့်အတွက် လောလောဆယ် ကျွန်တော်စိတ်အ၀င်စားဆုံးက စာဖတ်ခြင်းအလုပ် ဖြစ်နေသည်။ စာအုပ်တွေ လှိမ့်ဖတ်ဖြစ်နေသည်။ ထို့ကြောင့် စာရေးနည်းနေသေးသည်။ အရင်ကထက် စာတွေပိုရေးဖို့ လိုသည်ကိုတော့ ကိုယ်တိုင်လည်း သိပါသည်။ ရေးစရာတွေလည်း ရှိပါသည်။ ရေးဖြစ်အောင်လည်း ရေးပါမည်။ အထူးသဖြင့် ကျွန်တော့်ဘလော့ဂ်ကို ပုံမှန်လာဖတ်နေတဲ့ မိတ်ဆွေတွေအတွက် ကျွန်တော်စာတွေ ကြိုးစားရေးပါမည်။ ဝေဖန်အကြံပြုမှုများအတွက်လည်း အားလုံးကို ကျေးဇူးတင်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ မေလ ၆ ရက်၊ တနင်္လာနေ့။
နံနက် ၂ နာရီ ၃၉ မိနစ်တွင်ပြီး၏။ 

1 comment:

  1. Anonymous12:48 PM



    အမှန်တွေကို ရေးတတ်တဲ့ အတွက် လေးစားတယ်
    share လိုက်ပြီ

    ReplyDelete

 
Web Statistics