Thursday, June 13, 2013

ဒေါ်အောင်ဆန်းစုကြည် သမ္မတအိမ်တော်ရောက်ရေး ဖြစ်နိုင်ပါသည်… သို့သော်၊ ကျော်ဝင်း



ယခုစာစုမှာ ၂၀၁၃ ခုနှစ် မေလ၂၅ ရက် ထုတ် The Economist မဂ္ဂဇင်း၏ Special Report မှ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။ ကမ္ဘာသိ မဂ္ဂဇင်းကြီးတစ်စောင်၏ မြန်မာ့နိုင်ငံရေး အနာဂတ်နှင့် ပတ်သက်သော သဘောထားအမြင်ဖြစ်၍ ဦးနှောက်မုန်တိုင်းဆင်နိုင်ရန် မူလအာဘော်မပျက်၊ ဘာသာပြန်ဆို ဖော်ပြလိုက်ပါသည်။

လွှတ်တော်နိုင်ငံရေး
နေပြည်တော်တွင် အသစ်ထွက်ပေါ်လာသော ပါလီမန်များမှာ သမ္မတဦးသိန်းစိန် ဦးဆောင်သော ပြုပြင်ပြောင်းလဲမှုများအနေနှင့် ယခင်အစိုးရ အကန့်အသတ်နှင့်သာရှိသော ရည်မှန်းချက်ဖြစ်သည့် “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဆိုသည်ထက် အဆများစွာ ပိုခရီးရောက်နေပြီဖြစ်ကြောင်း အခိုင်အ မာ ဖော်ပြနေသည်သို့ ရှိပါသည်။ ၂၀၁၁ ခုနှစ် ဇန်န၀ါရီ ပထမဆုံး လွှတ်တော်အစည်းအဝေးများ စတင်စဉ်ကမူ အခြေအနေမှာ ယခုလို မဟုတ်သေး။ အငြင်းပွားဖွယ် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှ အနိုင်ရလာကြသော အမတ်များ၊ ၂၅ ရာခိုင်နှုန်းသော တပ်မတော်အစုအဖွဲ့ဝင်များနှင့် ပွဲထွက်လာခဲ့သော လွှတ်တော်များမှာ မူလရည်မှန်းထားသည့်အတိုင်း ရာဘာတံဆိပ်တုံး အင်စတီကျူးရှင်းထက် ပိုလိမ့်မည်ဟု ထင်မထားခဲ့ကြပါ။ သို့နှင့်တိုင် တက်ကြွထက်သန်သော အောက်လွှတ်တော် ပြောရေးဆိုခွင့်ရှိသူ (ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ) သူရဦးရွှေမန်း၏ ခေါင်းဆောင်မှုနှင့်အတူ လွှတ်တော်များမှာ အံ့သြဖွယ်ကောင်းလောက်အောင် 
အသက်ဝင်လာသည်။ သမ္မတကိုပင် မကြောက်မရွံ့ စိန်ခေါ်သည်များ ရှိလာသည်။ (အမှန်စင်စစ် ဦးရွှေမန်း ကိုယ်တိုင်သည်ပင် ဗိုလ်ချုပ်ကြီးဟောင်း တစ်ဦးဖြစ်ပြီး ယခင်တပ်မတော်အစိုးရ လက်ထက်က နံပါတ်သုံး ခေါင်းဆောင်ဖြစ်ခဲ့သည်။)

အခြားအတိုက်အခံပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များလိုပင် လူနည်းစု လူမျိုးစု ပါတီများမှာလည်း မျှော်လင့်သည်ထက် ပိုလှုပ်ရှားခွင့်ရလာသော လွှတ်တော်နိုင်ငံရေးကို သိမှတ်လက်ခံ ကြိုဆိုကြသည်များ ရှိပါသည်။ “ရခိုင်အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ” (RNDP) မှ အထွေထွေအတွင်းရေးမှူး ဦးဦးလှစောက ယခုလိုပြောသည်။ “ပါလီမန်ရဲ့ ကနဦးရက်တွေတုန်းကတော့ ဖက်ဒရယ်စနစ်တို့၊ ဓနခွဲဝေဖြန့်ဖြူးမှုတို့လို ကိစ္စမျိုးတွေ ပြောလို့မရခဲ့ဘူးပေါ့ဗျာ။ အခုတော့ ဒီအကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးလို့ရနေပါပြီ။ အပြုသဘောဆောင်တဲ့ တိုးတက်မှုမို့ ကျွန်တော်တို့ စိတ်ချမ်းသာပါတယ်”

၂၀၁၂ ခုနှစ် ဧပြီ ကြားဖြတ်ရွေးကောက်ပွဲဖြင့် တက်လာသော အင်န်အယ်လ်ဒီပါတီမှ ၀ါရင့် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးဝင်းထိန်ကလည်း “အခုဆိုရင် ပါလီမန်ဟာ တကယ့်ကို အသက်ဝင်လာပြီဗျ” ဟု ဆိုသည်။ ပြောရလျှင် ပါတီဝင် လွှတ်တော်အမတ်များသည်ပင် ပုံမှန်ဥပဒေပြုရေး ဆွေးနွေးပွဲများတွင် တက်တက်ကြွကြွ ပါဝင်လျက်ရှိနေကြသည်။ တပ်မတော်၏ သဘောထားနှင့် သီးခြားကင်းလွတ်စွာ ၎င်းတို့၏ အရည်အသွေး၊ အတွေးအမြင်များအလိုက် ဥပဒေအဆိုပြုချက်များကို လွတ်လွတ်လပ်လပ် ဆွေးနွေးဆုံးဖြတ်နေကြသည်။ ပြည်သူလူထု၏ ရွေးချယ်မှုသည်ကား ဒေါ်အောင်ဆန်းစုကြည်မှ ဒေါ်အောင်ဆန်းစုကြည်ပင် ဖြစ်နေဆဲပင်။ ဤကိစ္စနှင့် ပတ်သက်လျှင်ကား သံသယဖြစ်စရာ မရှိပါချေ။

ယခုအခါ လာဘ်မြင်သော နိုင်ငံရေးပဲ့ကိုင်တစ်ဦးဟု ဆိုကြရမည့် ဦးရွှေမန်းအနေနှင့် ၂၀၁၅ တွင် သမ္မတဖြစ်လာဖို့ မျှော်လင့်ချက် ရှိကောင်းရှိနိုင်ပါသည်။ လာမည့် အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ်တွင် ကျင်းပဖို့ရှိသည်။ ဦးရွှေမန်းမှာ သူ့ကိုယ်ပိုင်လုပ်ငန်းစဉ် ရှေ့ဆက်နိုင်ရေးအတွက် ပါလီမန်ကို “ယာဉ်” တစ်ခုအဖြစ် အသုံးပြုနေသည့် သဘောရှိသည်။ ကိစ္စတော်တော်များများမှာဆိုလျှင် သမ္မတအဖွဲ့မှ တင်သွင်းလာသော အဆိုပြုချက်များကိုပင် ဦးရွှေမန်းဦးဆောင်သော ပါလီမန်က ဖြတ်တောက် ပြင်ဆင်သည်များ ရှိသည်။ မြန်မာနိုင်ငံ၏ လက်ရှိစနစ်အရ သမ္မတကို ပါလီမန်အမတ်များက ရွေးချယ်ကြရပါသည်။

ယခုဆိုလျှင် ဦးရွှေမန်းမှာ လူသိများ အထင်ရှားဆုံး ပါလီမန်အမတ်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ခိုင်ခိုင်မာမာ မဟာမိတ်ဖွဲ့ထားနိုင်သည်။ ထိုမျှမက သူ၏ စိတ်အားထက်သန်မှုနှင့် ဆန့်ကျင်ဘက် အမြင်များကို လက်ခံနားထောင်နိုင်စွမ်း၊ ညှိနှိုင်းဆွေးနွေးနိုင်စွမ်းများကြောင့် အတိုက်အခံပါလီမန် အမတ်များ၏ လေးစားမှုကိုပင် ရနေသည်။ တပ်မတော်နှင့် အတိုက်အခံပါတီများကြား သဘောကွဲလွဲမှုများကို ပေါင်းကူးတံတား ခင်းပေးနိုင်လောက်သူ ဖြစ်နေ၍လည်း အပေးအယူ စေ့စပ်ညှိနှိုင်းမှုများဖြင့် ဦးရွှေမန်းကို သမ္မတလောင်းအဖြစ် လျာထားလာနိုင်စရာရှိသည်။ အထူးသဖြင့် သမ္မတရွေးချယ်ရာတွင် လူထုဆန္ဒကို ထည့်သွင်းစဉ်းစားမှုမျိုး မလုပ်လျှင် ကျန်အလားအလာမှာ ပို၍ပင် ဖြစ်နိုင်ပါသည်။

လူထုခေါင်းဆောင်မှ နိုင်ငံတော်သမ္မတသို့
လူထု၏ ရွေးချယ်မှုသည်ကား အငြင်းပွားဖွယ်ရာ မရှိလောက်အောင်ပင် ဒေါ်အောင်ဆန်းစုကြည်သာ ဖြစ်သည်။ သူမနှင့် သူမ၏ပါတီ အင်န်အယ်လ်ဒီတို့မှာ မြန်မာ့ဒီမိုကရေစီအဖွင့်တွင် အကျိုးအများဆုံး ရနေသည်မှာ အထင်အရှားပင်ဖြစ်သည်။ သူမနှင့် သမ္မတဦးသိန်းစိန်တို့၏ ပုဂ္ဂိုလ်ရေး အဆင်ပြေမှု၊ မကြာသေးမီကမှ ပို၍ သိသာထင်ရှားလာသော သူမနှင့် ဦးရွှေမန်းတို့ကြား ပိုမိုနီးစပ်လာမှုများမှာ ဒီမိုကရေစီဖြစ်စဉ် မြန်မြန်ဆန်ဆန် ရွေ့နိုင်ရေးအတွက် ဆုံချက်အကျဆုံး ဖြစ်နေသည်။ ပြုပြင်ပြောင်းလဲရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီကို ရယူနိုင်ရန် ဦးသိန်းစိန်က အတုံ့အလှည့်အနေဖြင့် အင်န်အယ်လ်ဒီ တရားဝင်ပါတီ ဖြစ်စေရေးအတွက် အဟန့်အတား အမှောင့်ပယောဂများကို ဖယ်ရှားပေးခဲ့သည်။ ၂၀၁၂ ခုနှစ် ဧပြီတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲကိုလည်း လွတ်လပ်ပြီး တရားမျှတမှု ရှိစေရမည်ဟု အာမခံချက် ပေးခဲ့သည်။ အင်န်အယ်လ်ဒီမှာ အဆိုပါ ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၉၀ ပြည့်နှစ် နောက်ပိုင်း ပထမဆုံး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်လာခဲ့သည်။ ဆိုခဲ့ပါ ကြားဖြတ်ရွေးကောက်ပွဲ အဖြေမှာ “မြန်မာ့ဒီမိုကရေစီအိုက်ကွန်” အနေနှင့် ဆယ်စုနှစ်အချို့ကြာ ၎င်းအပေါ် သိက္ခာချဖို့ ကြိုးစားမှုများနှင့် ရင်ဆိုင်ခဲ့ရသည့်တိုင် လူထုအပေါ် စွဲဆောင်နိုင်စွမ်း အနည်းငယ်မျှ လျော့ပါးမသွားကြောင်း လှစ်ပြလိုက်သည့် သာဓကပင် ဖြစ်သည်။ အင်န်အယ်လ်ဒီက အမတ်နေရာ ၄၄ နေရာ ယှဉ်ပြိုင်ခဲ့ရာ ၄၃ နေရာ အနိုင်ရခဲ့သည်။ နေရာအတော်များများတွင် အပြတ်အသတ် အနိုင်ရခဲ့သည်လည်း ဖြစ်ပါသည်။ ယူအက်စ်ဒီပီ အနေနှင့်ကား မရှုမလှပင် ရှုံးနိမ့်ခဲ့သည်ဟု ဆိုရပါလိမ့်မည်။ လွှမ်းမိုးထားသော အစိုးရ၀န်ထမ်း အများစုရှိရာ နေပြည်တော်မဲဆန္ဒနယ် လေးခုမှာပင် အနိုင်မရခဲ့ပါ။

အင်န်အယ်လ်ဒီကို ထောက်ခံခဲ့ကြသူများမှာ ယေဘုယျအားဖြင့် ဒီမိုကရေစီအတွက် မဲပေးခဲ့ကြခြင်း ဖြစ်ပါလိမ့်မည်။ အခိုင်အမာကျကျ ဆိုရလျှင်မူ ဒေါ်အောင်ဆန်းစုကြည်ကို မဲပေးကြခြင်းသာ ဖြစ်သည်။ ပြည်သူလူထု၏အမြင်တွင် သူမမှာ မိသားစုဘ၀နှင့် လွတ်လပ်မှုကို တိုင်းပြည်အတွက် စတေးခဲ့ရသူ ဖြစ်သည်။ ဤစွန့်လွှတ်မှုအတွက် လူထုက သူမကို အသည်းကြားမှ မဲပြားများဖြင့် ထောက်ခံခဲ့ကြခြင်း ဖြစ်သည်။ ထို့ထက် သူမမှာ၊ ခေတ်သစ်မြန်မာနိုင်ငံကို အုတ်မြစ်ချပေးခဲ့သူ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သမီးလည်းဖြစ်လေရာ တပ်မတော်ထဲမှာပင် သူမကို လိုလားသူတွေ မနည်းမနော ရှိနေသည်။

ပြောရလျှင် အာရှနိုင်ငံရေးမှာ မင်းဆက်သဘောနှင့်လည်း ကင်းတတ်သေးသည်မဟုတ်ရာ သူမ၏ မိဘမျိုးရိုးကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြိုင်ဘက်များထက် နှာတစ်ဖျားမက အဆများစွာ ကွာစေသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံဆိုလျှင် လူထုအချစ်တော် သူမဖခင်ကြီး၏ စစ်ဝတ်စုံအကျ ဖိုးရိုးဖားရားကြီး ၀တ်ထားသော ဓာတ်ပုံနှင့် ယှဉ်တွဲချိတ်ဆွဲလေ့ ရှိကြသည်။ ဤဓာတ်ပုံကို မြန်မာ့လွတ်လပ်ရေးအတွက် ဗြိတိသျှအစိုးရနှင့် ဆွေးနွေးရန် လန်ဒန်သွားစဉ် ၁၉၄၇ ခုနှစ်က ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ ထိုအချိန်က ဒေါ်အောင်ဆန်းစုကြည်မှာ အသက် ၂ နှစ်အရွယ် ကလေးငယ်မျှသာ ရှိပါသေးသည်။ ထိုနှစ်မှာပင် ဗိုလ်ချုပ်အောင်ဆန်းမှာ နိုင်ငံရေးပြိုင်ဘက်များ၏ လုပ်ကြံသတ်ဖြတ်မှု ခံခဲ့ရသည်။

မည်သို့ပင်ရှိစေ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ လုံးဝဥဿုံ အောင်ပွဲဆင်နိုင် ခဲ့သည်မှာ ထူးခြားလှသော အလှည့်အပြောင်းဟု ဆိုရပါလိမ့်မည်။ အကြောင်းမူ ယခင်တပ်မတော်အစိုးရ လက်ထက်တစ်လျှောက်လုံးလောက်ပင် အင်န်အယ်လ်ဒီမှာ ဘာတစ်ခုမှ လှုပ်ရှားလို့မရအောင် အတားအဆီး ခံခဲ့ရသည်။ အင်န်အယ်လ်ဒီခေါင်းဆောင် အားလုံးလောက်မှာလည်း အကျဉ်းထောင်ထဲ ရောက်ခဲ့ရသည်။ အချို့ဆိုလျှင် ဆယ်စုနှစ်များနှင့်ချီပြီး အကျဉ်းစံ ဖြစ်ခဲ့ရသည်။ အကျဉ်းကျချိန် တစ်လျှောက်လုံး သီးခြားခွဲပြီး တိုက်ပိတ်ခံခဲ့ရသည်များပင် ရှိသည်။

သို့နှင့်တိုင် သူတို့ထဲမှ အများစုမှာ တစ်ခါက ရန်သူဟောင်းများအပေါ် ပြောစမှတ်ပြုလောက်အောင် ခွင့်လွှတ်နိုင်ခဲ့ကြပါသည်။ ယခုအခါ ပါလီမန်အမတ် တစ်ယောက်အဖြစ် ယခင်ရန်ဘက်ဟောင်းများနှင့် လက်တွဲအလုပ်လုပ်နေကြပြီဖြစ်သော ဦးဝင်းထိန်ဆိုလျှင် အနှစ် ၂၀ မျှ နံရံတံတိုင်းများကြားတွင် နေခဲ့ရသူဖြစ်သည်။ “ဗုဒ္ဓဘာသာဝင် တစ်ယောက်ပီပီ၊ ဒေါသတွေ အာဃာတတွေကို ရင်ထဲမှာ မထားတော့ပါ။ လက်စားချေဖို့ အတွေးဆို၍လည်း စိတ်ထဲမှာမရှိပါ” ဟု သူက ဆိုပါသည်။ သူ့စကား “ဒေါသဆိုတာ မီးလိုပဲလေ။ လောင်မြိုက်တတ်တာပေါ့။ ပူလောင်တာပေါ့”

စည်းကမ်းတကျ ပါတီတစ်ရပ် အမြဲတမ်းဖြစ်စေရေးအတွက် ယခုအခါ အင်န်အယ်လ်ဒီမှာ ယခင် မြေအောက်အတိုက်အခံ လှုပ်ရှားမှုအဖြစ်မှ အစိုးရဖွဲ့နိုင်လောက်သည့် ပါတီတစ်ရပ် ဖြစ်လာစေရန် ပြောင်းလဲတည်ဆောက်လျက် ရှိနေသည်။ ပြီးခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ အတွေ့အကြုံအရဆိုလျှင် လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော “မဲအများဆုံးရသူ အနိုင်ရ” ရွေးကောက်ပွဲစနစ် (First-post -the-post) အရ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အေးအေးသက်သာ အနိုင်ရဖို့ များပါလိမ့်မည်။ လက်ရှိအာဏာရ ယူအက်စ်ဒီပီ ပါတီအနေနှင့်မူ အမတ်တစ်နေရာရဖို့ပင် ခက်ခဲကောင်း ခက်ခဲနိုင်သည်။

အင်န်အယ်လ်ဒီအနေနှင့် ပြီးခဲ့သော မတ်လက ပထမဆုံးအကြိမ် ပြည်လုံးကျွတ် ကွန်ဂရက်ကြီးကို ကျင်းပခဲ့ပါသည်။ ပါတီ၏ အင်အားကို စနစ်တကျ စုစည်းနိုင်ရန်နှင့် ပါတီခေါင်းဆောင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးချယ်ရာတွင် ထိရောက်ထက်မြက်သော လုပ်ငန်းစဉ် ဖြစ်လာစေရန် ရည်ရွယ်ကျင်းပခဲ့သော ကွန်ဂရက်ဖြစ်သည်။ သို့တစေ အင်န်အယ်လ်ဒီ ကွန်ဂရက်မှာ အပြည့်အ၀ အောင်မြင်သည်ဟူ၍ကား မဆိုနိုင်ပါ။ ယခင်က မရှိခဲ့ဖူးသော ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်မှုများပင် ရှိသလောက် ရှိလာသည်။ အထူးသဖြင့် သူမ၏ အော်တိုကရက်စတိုင် ခေါင်းဆောင်မှုနှင့် သွေးသစ်များ၊ အိုင်ဒီယာသစ်များကို လက်ခံဖို့ စိတ်အားထက်သန်မှုမရှိ စသဖြင့် ဝေဖန်ကြသည်။

ဤသို့ ဝေဖန်ခဲ့ကြသူများအနက် တစ်ယောက်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် နီးနီးကပ်ကပ် အလုပ် လုပ်ခဲ့ဖူးသော ဒေါ်ခင်လေး ဖြစ်သည်။ ၎င်းက ပါတီတွင်းအခြေအနေကို ယခုလို ညည်းညည်းညူညူ ပြောပြသည်။ “ဒေါ်စုက တစ်ခုခုပြောလိုက်ရင် အဲဒါ ပေါ်လစီပဲ။ အိုင်ဒီယာသစ်တွေနဲ့ ပတ်သက်ရင် တကယ့်အစစ်အမှန် ဒီဘိတ် လုပ်နိုင်ဖို့ အခွင့်အလမ်းက မရှိသလောက်ကို နည်းတယ်။ တစ်ခါတလေ ကျွန်မတို့က ဒေါ်စုကို ဝေဖန်မိရင် ပါတီအပေါ် သစ္စာမရှိဘူး အပြောခံရတယ်”

အင်န်အယ်လ်ဒီကို ကျယ်ပြန့်သော အခြေခံပေါ်မှာ စုစည်းညီညွတ်သော ပါတီတစ်ရပ်အဖြစ် ပြောင်းလဲနိုင်ဖို့ လိုပါသည်။ သဘောကွဲလွဲမှုများ မဖြစ်စေဘဲ စီးပွားရေး၊ နိုင်ငံခြားရေးနှင့် နယ်ပယ်တိုင်းတွင် ခိုင်မာသော ပေါ်လစီများ ချမှတ်ဆောင်ရွက်နိုင်ဖို့ လိုသည်။ ဤအရာများကို ဆောင်ရွက်နိုင်ရန် အချိန်အများကြီး ရှိတော့သည်လည်း မဟုတ်။ ၂ နှစ်မျှသာ ကျန်တော့သည်။ ဤလုပ်ငန်းတာဝန်များသည်ပင် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်မှုအတွက် စမ်းသပ်မှုတစ်ခု ဖြစ်ပါလိမ့်မည်။

အမြော်အမြင်နှင့် အပေးအယူ
အကယ်၍ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီ အနိုင်ရလျှင်ပင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာလိမ့်မည်ဟု ဆိုနိုင်ဦးမည် မဟုတ်ပါချေ။ လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေအရ သူမကို သမ္မတဖြစ်မလာစေရန် တားဆီးထားသည့် ပြဋ္ဌာန်းချက်တစ်ခုရှိသည်။ အထူးသဖြင့် သူမကို ရည်ရွယ်ပြီး သတ်မှတ်ထားသော ပြဋ္ဌာန်းချက်ဟူ၍ပင် ဆိုနိုင်သည်။ (ပုဒ်မ ၅၉၊ ပုဒ်မခွဲ - စ- ဖြစ်ပါသည်) ဤပြဋ္ဌာန်းချက်အရ ဇနီးခင်ပွန်းဖြစ်စေ၊ သားသမီးဖြစ်စေ၊ နိုင်ငံခြားသားဖြစ်လျှင် အဆိုပါပုဂ္ဂိုလ်အနေနှင့် သမ္မတ (သို့မဟုတ်) ဒုတိယသမ္မတ ဖြစ်ခွင့်မရှိပါချေ။ ဒေါ်အောင်ဆန်းစုကြည်မှာ အင်္ဂလိပ်လူမျိုး မိုက်ကယ်အဲရစ် (၁၉၉၉ ခုနှစ်က ကွယ်လွန်) နှင့် လက်ထပ်ခဲ့ပြီး ဗြိတိသျှပတ်စ်ပို့ ကိုင်ထားသော သားနှစ်ယောက် ထွန်းကားခဲ့သည်။

အင်န်အယ်လ်ဒီ အနေနှင့်မူ အဆိုပါ ၂၀၀၈ ခုနှစ် အခြေခံဥပဒေကို ဘယ်တုန်းကမှ လက်မခံခဲ့သလို ဤဥပဒေ ပြင်ဆင်နိုင်ရေးအတွက်လည်း ရွေးကောက်ပွဲ မဲဆွယ်ကာလကတည်းက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး ဖြစ်သည်။ သို့နှင့်တိုင် တပ်မတော်ဘက်ကမူ မည်သို့သော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိုမဆို ပယ်ချမည့်သဘော ရှိနေသည်။ သို့တစေ ယခုနောက်ပိုင်း စိတ်ဝင်စားဖို့ ကောင်းလာသည်မှာ တပ်မတော်ကိုယ်တိုင်က စိတ်ပြောင်းချင် ပြောင်းလာနိုင်သည့် အနေအထား ဖြစ်ပါသည်။

တပ်မတော်ကိုယ်ပွားတစ်ခုဟု ဆိုနိုင်သော ဦးရွှေမန်း ဦးဆောင်သည့် ယူအက်စ်ဒီပီ အနေနှင့်မူ ၂၀၁၅ ခုနှစ်တွင် အရှိန်အဟုန်နှင့် မောင်းနှင်လာတော့မည့် အင်န်အယ်လ်ဒီ ယန္တရားကြီးကို တားဆီးနိုင်လောက်မည့် တစ်ခုတည်းသော နည်းလမ်းမှာ လက်ရှိရွေးကောက်ပွဲစနစ်ကိုပြောင်းပြီး “အချိုးကျကိုယ်စားပြုစနစ်” (PR စနစ်) နှင့် အစားထိုးဖို့သာ ဖြစ်လိမ့်မည်ဟု သဘောပေါက် နားလည်လာကြဟန်ရှိသည်။ ဤနည်းဖြင့်သာလျှင် ယူအက်စ်ဒီပီမှာ လုံးဝဖယ်ရှားခံရနိုင်သည့် အန္တရာယ်မှ (အနိမ့်ဆုံးအားဖြင့်) ရှောင်ရှားနိုင်စရာ ရှိပါလိမ့်မည်။ ထို့ထက် ပီအာရ်စနစ်၏အောက်တွင် လူနည်းစု ပါတီများအတွက်လည်း ပိုအခွင့်သာနိုင်စရာ ရှိသည်။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေက မည်သို့သော ရွေးကောက်ပွဲစနစ် ကျင့်သုံးရမည်ဆိုသည်ကို တိတိပပ သတ်မှတ်ထားသည်တော့ မရှိပါ။ တစ်ခုပဲ ရှိသည်။ အောက်လွှတ်တော်ကို မဲဆန္ဒနယ်တစ်ခု၊ ကိုယ်စားလှယ် တစ်ယောက်ဖြင့် ဖွဲ့စည်းရမည်ဟု ဆိုထားရာ ပီအာရ်စနစ်ကို ကျင့်သုံးတော့မည်ဆိုလျှင် လက်ရှိ အခြေခံဥပဒေကို တစ်စုံတစ်ရာ ပြင်ဖို့လိုပါလိမ့်မည်။ ပြီးခဲ့သည့် မတ်လက ပါလီမန်တွင် ယူအက်စ်ဒီပီက အခြေခံဥပဒေကို ပြန်လည်စိစစ်ရန် လွှတ်တော်ကော်မရှင်တစ်ရပ် ဖွဲ့စည်းဖို့ အဆိုပြုခဲ့ပါသည်။ ဘာကြောင့် 
ဤသို့ စိစစ်ဖို့လိုသည် ဆိုသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပါ။ ယူအက်စ်ဒီပီ အနေနှင့် လက်ရှိအခြေခံဥပဒေကို ပြင်လိုလျှင် လွှတ်တော်တွင် နေရာအများစု ရထားသော လက်ရှိအချိန်သာ အကောင်းဆုံး ဖြစ်သည်ကိုမူ လူတိုင်းရှင်းရှင်းလင်းလင်း သိနိုင်ပါသည်။

လူမျိုးစု ပါတီများဖြစ်သော ကရင်၊ ချင်းနှင့် ရှမ်းပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များနှင့် အခြား ပါတီငယ်များကလည်း ပီအာရ်စနစ်ကို ထောက်ခံမည့်ပုံရှိသည်။ လူမျိုးစုပါတီ တော်တော်များများအနေနှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ယူအက်စ်ဒီပီ အပြတ်နိုင်ခဲ့သလို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင်လည်း အင်န်အယ်လ်ဒီ အပြတ်နိုင်သွားနိုင်မည်ကို စိုးရိမ်မကင်း ဖြစ်နေကြဟန်ရှိသည်။ သူတို့အမြင်တွင် အဆိုပါ ပါတီကြီး နှစ်ခုလုံးမှာ ဗမာလူမျိုးစု အကျိုးစီးပွားကိုသာ ကိုယ်စားပြုကြသည်ဖြစ်ရာ အပြည့်အ၀ မယုံကြည်နိုင်ကြပါချေ။ လူမျိုးစုပါတီများ စုပေါင်းပြီး ဖက်ဒရယ်ပါတီကို ပါတီသစ်တစ်ရပ် ဖွဲ့စည်းဖို့ ညှိနှိုင်းပြောဆို နေကြသည်များလည်း ရှိသည်။ ဤသို့သော တပ်ပေါင်းစုမျိုးဖြင့်သာ အင်န်အယ်လ်ဒီနှင့် ယူအက်စ်ဒီပီတို့ကို စိန်ခေါ်နိုင်မည်ဖြစ်သလို ပီအာရ်စနစ်အောက်တွင် ပို၍ အောင်မြင်မှုရလိမ့်မည်ဟု ယူဆထားကြဟန် ရှိပါသည်။

ပြောရလျှင် အခြေအနေမှာ ဘာတစ်ခုမျှ ကံသေကံမ မဆိုသာသည့် စွန့်စားမှုနှင့် အရင်းတည်ကြရမည့် အနေအထားဟု ဆိုကြရမည့် သဘောရှိသည်။ အကယ်၍ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေးအတွက် တားဆီးပိတ်ပင်ထားသော ပြဋ္ဌာန်းချက်ကိုသာ ဖယ်ရှားပေးလျှင် အင်န်အယ်လ်ဒီဘက်မှလည်း အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပီအာရ်စနစ်ကို လက်ခံကောင်း လက်ခံပါလိမ့်မည်။ နေပြည်တော်တွင် “လိမ္မာပါးနပ်သော နိုင်ငံရေးအပေးအယူ” တစ်ခု ရှိလာလေမည်လား မှန်းဆရပါသည်။

စာညွှန်း- Suu Kyi for President? (The Economist; May 25 th, 2013)

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -  - - -
ဇွန်လ ၁၁ ရက်နေ့ထုတ် 7Day Daily ကို ဖတ်ချိန်ကတည်းက ဆရာကျော်ဝင်းရဲ့ အထက်ပါဆောင်းပါးကို သဘောကျပြီး ပြန်လည်ဝေမျှချင်ခဲ့သည်။ သို့သော် အချိန်အား လုံးဝပင် မရခဲ့သည်မို့ စိတ်ထဲရှိသည့်အတိုင်း မလုပ်နိုင်ခဲ့။ သို့သော် ဒီနေ့ညနေ 7Day ရဲ့ Facebook စာမျက်နှာမှာ ဒီဆောင်းပါကို ဖတ်လိုက်ရတော့ အရမ်းပျော်သွားသည်။ ကျွန်တော်ဖတ်ပြီးတော့ အတွေးပွားခဲ့ရတဲ့ စာတစ်ပုဒ်ကို အခြားသူတွေကိုလည်း ဖတ်စေချင်တဲ့ ကျွန်တော့်ရဲ့ စိတ်ကလေး အခုတော့ ကျေနပ်သွားရပါပြီ။ ဦးနှောက်မုန်တိုင်းဆင်ခဲ့တဲ့ ဆရာကျော်ဝင်းနဲ့ ပြန်လည်ဖော်ပြပေးခဲ့တဲ့ 7Day ကို ကျေးဇူးတင်ပါတယ်။ မူရင်းအင်္ဂလိပ်ဘာသာနဲ့ ဆောင်းပါးကို ဖတ်ချင်သူများအနေဖြင့် ဤလင့်ခ်သို့ သွားကြပါကုန်။ တစ်လက်စတည်း အဲဒီဆောင်းပါးအောက်မှာ ဖော်ပြထားတဲ့ ဓာတ်ပုံလေးကိုလည်း သဘောကျလို့ အောက်မှာ တင်ပေးလိုက်ပါတယ်ဗျာ။


No comments:

Post a Comment

 
Web Statistics