Tuesday, June 11, 2013

အရှက်ကိုလုံစေရန် အလို့ငှာ


(တစ်)
လူသားတို့ အဘယ်ကြောင့် အ၀တ်အစား ၀တ်ပါလိမ့်။ ဟုတ်ကဲ့ အကြောင်းတရား နှစ်ရပ်အပေါ်၌ အခြေတည်ကာ အ၀တ်အစား ၀တ်ကြပါ၏ဟု အကျွန်ုပ် ဂျက်ကွမ်းခြံကုန်း အဖြေထုတ်လိုပါရဲ့ သပ္ပူရိသအနွယ်ဝင် သူတော်စင် စာရှုသူငဲ့လေ။

မဆွက အကျွန်ုပ်တို့သည် မိမွေးတိုင်း ဖမွေးတိုင်း အနေအထားဖြင့် လောကကို အံတုတုံ့ပြန်ခဲ့ကြသည်ကို တရားအရှိ အများအသိပင် ဖြစ်ကြပါသည် တမုံ့။ ကျောက်ခေတ်လူသားတို့မှာ အဘယ်ဘဇာသော အ၀တ်အထည် ရှိပါလိမ့်မတုန်း အရပ်ကတို့ငဲ့လေ။ သို့ပါ၍ လူမှာအ၀တ် တောင်းမှာအကွပ်ဆိုသော စကားပုံလည်း ကျောက်ခေတ်၌ ဘယ်မှာ ပေါ်ပေါက်ပါလိမ့်မတုန်း အဆွေစာရှုသူ။

အသို့နှင့် နောင်သော် သစ်ရွက်သစ်ခက်ကလေးများဖြင့် မိမိကိုယ်မိမိ ဖုံးကွယ်ကြရပါ၏။ အနို့နောက် ကျွဲသားရေ၊ နွားသားရေ၊ ကျားသားရေ၊ ဆိတ်သားရေများကို ခုတ်ကာထစ်ကာ ဖြတ်တောက်ကာဖြင့် ကိုယ့်ဥစ္စာကိုယ် ၀ှက်သိုလာကြရပြန်ပါ၏။ နောင်တွင်ကား ၀ါဂွမ်းကို ရက်လုပ်ခြင်းအတတ်ကို တတ်မြောက်လာပြီးသည်၏ သကာလ၌၀ယ်မူ အင်္ကျီလုံချည်၊ ဘောင်းဘီပုဆိုး၊ ထဘီအမျိုးမျိုးတို့ကို ရက်လုပ်ပြီးသည့်သကာလ ၀တ်စားလာကြသည်မှာ ယနေ့ထိတိုင်အောင်ပင်။

မှန်၏။ ကျွန်ုပ်၏စကားကို ပြန်ကောက်ရချေရသော် အ၀တ်အစားဝတ်ခြင်း၌ အကြောင်းနှစ်ရပ်တို့ ပေါင်းစပ်ပါဝင်နေ၏။ ပထမ အကြောင်းရပ်မှာကား အရှက်ကို ဖုံးကွယ်လိုခြင်း ဖြစ်ချေ၏။ အနို့နောက် ဒုတိယ အကြောင်းရပ်မှာကား ရာသီဥတု ပူမှုအေးမှု အစုစုကို အံတုလိုခြင်းပင် ဖြစ်ဘိတော့ချေသည် မဟုတ်တုံသလော။

(နှစ်)
ကျွန်ုပ် အထက်တွင် တင်ပြဘိသကဲ့သို့ အ၀တ်အစားဝတ်ခြင်း၌ အရှက်ကို ကာကွယ်ရန်၊ ရာသီဥတုကို အံတုရန် စသည့် အကြောင်းနှစ်ရပ်တို့ ပေါင်းစပ်ပါဝင်နေချေလင့်ကစား ယခုတစ်မူ တစ်မျိုးဖြစ်ရပြန်ချေပြီတမုံ။

စကတ်တွေကို ဖြဲကြပါ၏။ ထဘီတွေကို ခွဲကြပါ၏။ ဘောင်းဘီကလေးတွေ တကယ့်မှ တိုနန့်နန့်ကလေးတွေ။ အင်္ကျီနှင့် ဘောင်းဘီကြား၌ ဗိုက်သားကြီးတွေ ၀င်းမွတ်နေပုံမှာ တုလွတ်ကင်းသည့် ဘောလုံးကွင်းကြီးများ ပမာနှယ်တကား။

အချို့မိန်းကလေးတို့ကား စွပ်ကျယ်ချိုင်းပြတ်ကလေးတွေနှင့်။ အချို့ကမူ ထဘီရင်ရှားထားသည့်နှယ် ကြိုးပျောက်ဆိုလား ဘာဆိုလား ကျောသား ရင်သား မခွဲခြားသည့် ဒီဇိုင်းတွေနှင့်။ အကုန်လုံး ပေါ်တော့မတတ် ကွင်းခနဲ၊ ရှင်းခနဲ ၀တ်ဆင်ကြသည့် ယနေ့ကမ္ဘာဝယ် အရှက်ကိုလည်း ဖုံးကွယ်ရန် စိတ်ကူးရှိကပုံ မရကြရှာတော့။ ပူမှုအေးမှု ရာသီနှင့်ဥတုကိုလည်း ဂရုမထားကြရှာတော့။ ဘယ့်နှာကြောင့် အ၀တ် ၀တ်ဆင်နေကြသေးသနည်း။

သို့စဉ်အခိုက် နိုင်ငံတကာသတင်းတစ်ပုဒ်က ကျွန်ုပ် ဂျက်ကွမ်းခြံကုန်း၏ စာဖတ်စားပွဲခုံပေါ်သို့ လာဆိုက်၏။

(သုံး)
မှုတ်ဆေးအင်္ကျီဟူသတည်း။
မှန်ချေ၏။ မှုတ်ဆေးအင်္ကျီ ကိုယ်လုံးအလှ ကွက်တိကြွရွနေစေရန်အလို့ငှာ မှုတ်ဆေးအင်္ကျီ ထွင်လိုက်ပြန်ပြီတဲ့။ အင်ပီးရီးယဲကောလိပ်က ဒေါက်တာ မာနယ်တောရက်စ်ဆိုသူက ၁၀ နှစ်တိုင်တိုင် အချိန်ယူပြီးသည်ရှိသော် ၎င်းမှုတ်ဆေးအင်္ကျီကို တီထွင်လိုက်သည်ဟူသတတ်။

အကြင်လူပုဂ္ဂိုလ်တစ်ဦးသည် မှုတ်ဆေးအင်္ကျီဝတ်လိုသော် ရှေးဦးစွာ ကိုယ်တုံးလုံးချွတ်။ ၎င်းနောက် မှုတ်ဆေးဗူးဖြင့် ခန္ဓာကိုယ် အထက်ပိုင်းကို လိုက်ဖျန်း။ ဖိုင်ဘာအရည်များ ထွက်လာပြီးနောက် ကိုယ်ခန္ဓာ စွတ်စို၍ သွားသည်ရှိသော် ခေတ္တခဏ စောင့်ဆိုင်း။ အတန်ငယ်အကြာ၌ ဖိုင်ဘာအရည်များ ခြောက်သည်နှင့် အင်္ကျီဖြစ်သွားချေပြီ။ ရှိုက်ကြီးဖိုငယ် အသွယ်သွယ်ကား ပလတ်စတစ် လောင်းထားသည့်နှယ် အတိအကျ အမိအရပါပေ။ တစ်ခါဖျန်းသော် ၁၀ ဒေါ်လာ ကျသင့်လေသတဲ့။ ရေခဲတုံးများ ကပ်ထားသည့်သဖွယ် အေးမြ၍နေလေသတဲ့။

နောင်သော် မှုတ်ဆေးဘောင်းဘီပါ ထွက်ပေါ်၍ လာတော့ချေမည်။ အောက်ပိုင်းကို မှုတ်ဆေးနှင့် လိုက်ဖျန်းရမည့်ကိစ္စ။

အနို့သော် အရှက်လုံဖို့ကိစ္စ။
မှုတ်ဆေးဖျန်းနေစဉ် ကာလမှာတော့ ရှက်တော်မမူနဲ့လေပေါ့။ အပေါ်လည်းဖျန်း၊ အောက်လည်းဖျန်း ဖိုင်ဘာအရည်နဲ့ ပန်းပေးမယ့်ဥစ္စာ။ တစ်ခါဖျန်းလျှင် ၁၀ ဒေါ်လာဆိုတော့ ခဏခဏတော့ ဖျန်း၍ မဖြစ်ချေလေဘူးပေါ့။

ကဲ.... ခေတ်မီနည်းစနစ်နှင့် အရှက်ကို ကာကွယ်ရန်အလို့ငှာ ပထမဦးစွာ တစ်ကိုယ်လုံး ချွတ်ချလိုက်ကြပါစို့ရဲ့။
[ကူးတို့ဆိပ်က မှို့အိတ်၊ ဂျက်ကွမ်းခြံကုန်း မှ ပြန်လည်ကူးယူဖော်ပြပါသည်။]

No comments:

Post a Comment

 
Web Statistics