Tuesday, June 11, 2013

အွန်လိုင်းပေါ်က လူပြောအများဆုံး အကြောင်းအရာများ


(က)
စေ့စေ့တွေးလျှင် ရေးရေးပေါ်သည်။ မတွေးတွေးအောင်လည်း ရိုက်ပြထားသည်။ ဒါရိုက်တာ၊ ဇာတ်ညွှန်း၊ မင်းသား၊ မင်းသမီး အကုန်လုံးကို မျက်နှာချင်းဆိုင်တွေ့ပြီး အဲဒီဇာတ်ဝင်ခန်း ရိုက်တဲ့အချိန်မှာ၊ ရိုက်ပြီးတဲ့အချိန်မှာ၊ အခုလိုပြန်ကြည့်တဲ့အချိန်မှာ ဘယ်လိုခံစားရသလဲလို့ အင်တာဗျူးလုပ်ကြည့်ချင်သည်။ တကယ်ပီပြင်တာလည်းမဟုတ်ဘဲ၊ ကြည့်သူတွေကို တကယ်ခံစားရအောင်လည်း လုပ်နိုင်တာမဟုတ်ဘဲ အလကားနေရင်း အဆဲခံဖို့၊ အပြောအဆိုခံဖို့ အဲဒီဇာတ်ဝင်ခန်းကို ထည့်ရိုက်ထားတယ်လို့ပဲ မြင်မိပါတယ်ဗျာ။ အနုပညာမောင်နှမတွေ ဘယ်လောက်ချစ်သလဲဆိုတာ နေမင်းနဲ့ သဉ္ဇာနွယ်ဝင်းကို ကြည့်ရှုကြပါကုန်။ ဒေါ်သဉ္ဇာနွယ်ဝင်းရေ... အသက်ကလေး ရလာတဲ့အခါ သားတွေ၊ သမီးတွေကို ဒါ... မေမေငယ်ငယ်တုန်းက အပီအပြင် သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပေါ့ကွယ်လို့ ကြွားလို့ရတာပေါ့နော်။ :D


(ခ)
ကြည့်သောသူမြင်၏။ မြင်သောသူ မှတ်တမ်းတင်၏။ ထိုမှတ်တမ်းကို အင်တာနက်ပေါ်ဖြန့်၏။ ဓာတ်ပုံထဲမှ အဆိုပါကာယကံရှင် သိသည်၊ မသိသည် ကျွန်ုပ်မပြောတတ်။ သေချာသည်ကတော့ အင်တာနက်ပေါ်မှာ ကြည့်စရာ၊ ပြောစရာ၊ ဝေဖန်စရာ တစ်ပုံတစ်ပင်ကြီး ကျန်ရစ်ခဲ့ခြင်းပင်။ အများသူငါ မြင်ကွင်းထဲကို ဒီလိုမျိုး ထွက်လာရဲတဲ့ သတ္တိကတော့ ခေဟန်မတူဘူး။ မင်းကိုကြည့်ပြီး ရေငတ်လိုက်ပါဘိ ခေတ်နှမငယ်ရယ်။ ပွင့်လင်းမြင်သာမှု ရှိတဲ့နေရာမှာတော့ ငါ့နှမက နံပါတ်တစ်ပါကွယ်။ ဘယ်ဝန်ကြီးဌာနမှ သူ့ကိုမမီဘူး။ အဲဒီလို ပွင့်လင်းမြင်သာမှုရှိတာ.... :D

(ဂ)
ဦးရွှေမန်းကြီးက သူလည်း သမ္မတလုပ်ချင်သတဲ့။ အင်း... ကောင်းပေတာပေါ့။ ငယ်ငယ်တုန်းက ဘ၀တွေကိုတောင် ပြန်သတိရမိသေး။ လူဆိုးဖမ်းတမ်း ကစားတဲ့အခါ အားလုံးက ရဲလုပ်မယ်ဆိုတာချည်းပဲ။ ရုပ်ရှင်ရိုက်တမ်း ကစားတော့လည်း အားလုံးက မင်းသားလုပ်ချင်တယ်။ ဟော... အခုကြည့်၊ အားလုံးက သမ္မတလုပ်ချင်သူတွေချည်းပဲ။ ဥပဒေပြုလွှတ်တော်မှာ ဥက္ကဋ္ဌလုပ်ချင်သူ မရှိဘူး။ ဘယ်ဝန်ကြီးဌာနမှာ ၀န်ကြီးလုပ်ချင်ပါတယ်ဆိုတဲ့လူ မရှိဘူး။ တိုင်းရင်းသားတွေအကျိုးကို ဆောင်ရွက်ပေးချင်တဲ့အတွက် ဘယ်ပြည်နယ်မှာ ၀န်ကြီးချုပ် လုပ်ချင်ပါတယ်ဆိုတဲ့လူ မရှိဘူး။ အားလုံးက သမ္မတလုပ်ချင်သူချည်းပဲ။ အေးလေ.. လူဆိုတာ အမြင့်ဆုံးကို မျှော်မှန်းမှလည်း ရည်မှန်းချက်ကြီးသူ ဖြစ်တော့ပေမပေါ့။ ဒီမယ် မိတ်ဆွေ... အခုအချိန်များ ကျွန်တော်ကိုဉာဏ်ကို ဘာဖြစ်ချင်လဲလို့ လာမမေးပါနဲ့လေ။ ဖြေလိုက်မယ် ပျော်ပျော်ကြီး သမ္မတကြီးလုပ်ချင်တယ်လို့။ အလကားနေရင်း စဉ်းစားမိတာ တစ်ခုရှိတယ်။ ၂၀၁၅ မှာ ဦးရွှေမန်းက သမ္မတလုပ်ချင်တယ်ဆိုတော့ ကျွန်တော်ကလည်း ဦးသိန်းစိန်နားကို အသာကပ်ပြီး ၂၀၁၅ မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်ချင်တယ်လို့ ကြေညာလိုက်ဗျာ သမ္မတကြီးရာလို့ ပြောလိုက်ရင် ကောင်းမလားလို့။ မိတ်ဆွေတို့ရော ဘယ်လိုသဘောရသလဲဗျ။ ဦးရွှေမန်း သမ္မတဖြစ်ချင်တယ်လို့ ပြောတဲ့စကားကို သာမန်ပဲ မတွေးကြပါနဲ့။ တွေးစရာတွေ အများကြီးရယ်ပါ။ ကျွန်တော်သာ သူ့နေရာမှာဆို လက်ရှိသမ္မတကြီးကို နောက်သက်တမ်းအတွက် ထပ်မံအရွေးခံစေချင်တယ်လို့ ပြောမိမလားပါပဲ။ စိတ်ထဲမပါရင်တောင် ပါတီတွင်းကိစ္စကို လူမသိတော့ဘူးပေါ့။ အခုတော့ ဦးရွှေမန်းက ဦးသိန်းစိန်ကို ကွက်ကျော်ရိုက်သွားသလို ခံစားရတယ်။ ကျွန်တော့်အတွေးသက်သက်ရယ်ပါ။ အတည်အခန့်တွေ မမှတ်ယူကြပါနဲ့နော်။ :D

(ဃ)
မြန်မာပြည်မှာ ၉၆၉ အောင်မြင်သလား၊ မအောင်မြင်သလား သေချာမသိပါ။ အဲဒီရဲ့ ဂယက်ကတော့ မလေးရှားမှာ အတော်ကြီးကို ရိုက်ခတ်သွားတာ တွေ့ရသည်။ ကိုယ့်ဆီမှာ အဆင်မပြေလို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားပြီး သွားအလုပ်လုပ်ရတဲ့ မြန်မာတွေအတွက် စိတ်မကောင်းပါဘူး။ ခက်တာက ပြည်တွင်းမှာ ရဲရဲတောက်တရားတွေဟော၊ ရဲရဲတောက် လက်စွမ်းပြနေသူတွေက မလေးရှားက ကိုယ့်လူမျိုးတွေအတွက် ဘာတစ်ခုမျှ မယ်မယ်ရရ ကူညီစောင်မနိုင်မှု မရှိတာပါပဲ။ ပြည်တွင်းမှာ မီးရှို့တော့ သူတို့၊ ပြည်ပမှာ လောင်တဲ့မီးကိုကျတော့ အစိုးရကငြှိမ်းတဲ့။ မလေးရှားမှာရှိတဲ့ မြန်မာတွေကို တိုက်တွန်းလိုက်ချင်တယ်၊ အကုန်လုံး မြန်မာပြည်သာပြန်လာခဲ့ကြ၊ ပြီးရင် ဦးဝီရသူကျောင်းမှာ သွားနေကြ။ မွတ်စလင်ဆိုတာနဲ့ တစ်စက်ကလေးမျှ ကောင်းတဲ့လူ မဟုတ်ဘူးလို့ အထင်ရောက်နေကြရင်တော့ဖြင့် အင်တာနက်ထဲက ကိုကို၊ မမတွေ၊ သူရဲကောင်းကြီးတွေကို ကမ္ဘာ့လူဦးရေစာရင်း၊ ဘာသာလိုက် လူဦးရေစာရင်း၊ ဘာသာလိုက် နိုင်ငံစာရင်း နည်းနည်းပါးပါး ရှာဖွေဖတ်ရှုကြပါလို့ အကြံပြုချင်ပါတယ်။ မလေးရှားမှာ ဖြစ်နေတဲ့ကိစ္စတွေ အမြန်ဆုံး ငြိမ်းချမ်းပါစေလို့ပဲ ဆုတောင်းနေရုံကလွဲလို့ အခုလောလောဆယ် ကျွန်တော်တတ်နိုင်တာ ဘာမျှမရှိသေးပါကြောင်းဗျာ။

(င)
ကျိုက္ကမီ-ရန်ကုန် ပြေးဆွဲနေတဲ့ ရာဇာမင်း ကားတစ်စင်းကို ရုပ်ရှင်ဆန်ဆန် ဓားပြတိုက်သွားတာကလည်း အတော်ကြီးကို ပြောစရာဖြစ် ကျန်ရစ်ခဲ့ပါတယ်။ ကားပေါ်မှာ အသင့်လိုက်ပါလာပြီး သူတို့သတ်မှတ်ထားတဲ့ နေရာအရောက်မှာ ကြိုတင်စီစဉ်ထားတဲ့အတိုင်း လုပ်သွားပုံရပါတယ်။ သတင်းတွေဖတ်ရင်း ကျွန်တော်သတိပြုမိတာတွေကတော့ ဓားပြတွေဟာ ကားပေါ်မှာ အသင့်လိုက်လာတယ်၊ ဘယ်နားကို မောင်းသွားရမယ်ဆိုတာ အသင့်ပြင်ဆင်ထားတယ်၊ တချို့ဆိုရင် ခေါင်းစွပ်တွေစွပ်ပြီး မျက်နှာကို မမှတ်မိအောင် လုပ်ထားတယ်၊ ခရီးသည်တွေရဲ့ ဆက်သွယ်နိုင်တဲ့ တယ်လီဖုန်းတွေကို ဦးစားပေးသိမ်းတယ်၊ ပါလာတဲ့ လက်ဝတ်လက်စားတွေကို တောင်းယူတယ်၊ ကလန်ကဆန်လုပ်တဲ့ ယာဉ်နောက်လိုက်ကို သေနတ်နဲ့ အေးအေးဆေးဆေးပဲ ပစ်သတ်တယ်၊ ယာဉ်မောင်းကို သေနတ်နဲ့ ထပ်ပစ်တယ်၊ ကားကို မီးရှို့ဖို့လုပ်တယ်၊ ကဲ... ဘယ်လောက်အစီအစဉ် ကျလိုက်သလဲ။ တွေ့ရှိတဲ့ ကျည်ခွံတွေအရ သုံးတဲ့သေနတ် ကျည်ဆန်တွေက ဘရာဇီးလ်နိုင်ငံထုတ်တွေတဲ့။ အံ့သြစရာပဲ။ ရာဇာမင်း ယာဉ်လိုင်းပိုင်ရှင်ဟာ မွတ်စလင်မလို့ မကျေနပ်လို့ လုပ်တာဆိုတဲ့ သတင်းတွေကလည်း ပျံ့နှံ့လို့နေတယ်။ မဆိုင်ဘူးထင်တာပါပဲ။ ဒါဆိုရင် ကားပေါ်မှာ လိုက်ပါလာတဲ့ ခရီးသည်တွေဆီက ပစ္စည်းတွေ၊ ငွေတွေ ဘာလို့ယူသလဲ။ မကောင်းတာလုပ်တဲ့ ဓားပြ၊ လူသတ်သမားတွေကို ဘာသာရေးခေါင်းစဉ်အောက်မှာ သူရဲကောင်းဖြစ်အောင်များ လုပ်ကြဦးမလို့လားကွယ်ရို့။ တရားခံတွေ အမြန်ဆုံးမိပါစေ၊ မကောင်းမှု ဒုစရိုက် လုပ်ဆောင်သူများ အမြန်ဆုံးကျဆုံးပါစေ။

(စ)
အလဲဗင်းမီဒီယာဂရု(ပ်)က ဒေါက်တာသန်းထွဋ်အောင် ပြင်သစ်နိုင်ငံက ပေးတဲ့ဆုဆိုလား၊ ဘာဆိုလား ရတယ်လို့ ဖတ်လိုက်ရတယ်။ ဒါပေမယ့် အခြားသတင်းဌာနတွေက ဘာဖြစ်လို့ အဲဒီဆုရတာကို အရေးတယူ ဖော်ပြခြင်း မပြုကြတာလဲဗျ။ တကယ်ဆိုရင် ကိုယ့်နိုင်ငံသားတစ်ယောက် ပြည်ပကပေးတဲ့ဆု ရတယ်ဆိုတာ ဂုဏ်ယူစရာ မဟုတ်ဘူးလား။ အခုတော့ ကျန်တဲ့လူတွေက အရေးတယူလုပ်ပြီး သတင်းမထည့်ပေးတဲ့အတွက် သူပိုင်တဲ့၊ သူလုပ်နေတဲ့၊ သူစီမံတဲ့ သူ့ဂျာနယ်မှာသူပဲ သတင်းပြန်ရေးရတော့ အောက်တာပေါ့ကွယ်။ ကျန်တဲ့လူတွေဟာ သူ့အပေါ်ကို မနာလိုစိတ်တွေ များနေတဲ့အတွက်၊ မုဒိတာ မပွားနိုင်တဲ့အတွက် အခုလို ဖြစ်နေကြတာပေါ့လို့များ ပြောပြချင်ပါတယ် စီးရီးသစ်မှာ ထည့်ရေးဦးမလား မပြောတတ်ပါဘူး။ အလဲဗင်းက သူ့ကိုယ်သူ ဘာဖြစ်လို့ နံပါတ်တစ်လို့ ပြောသလဲဆိုတာ အခုမှ နည်းနည်း သဘောပေါက်တယ်။ ဟုတ်တယ်ဗျ၊ အလဲဗင်းဟာ နံပါတ်တစ်ပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူက တစ်ဦးတည်း ဖြစ်နေလို့ပဲ။ ကိုယ်တစ်ဦးတည်းဆိုတော့ ကိုယ်ပဲ နံပါတ်တစ်ပေါ့ဗျာ။ အခြားဂျာနယ်တွေဆိုတာက အလဲဗင်းလို တတ်လို့ လုပ်စားကြတာမှ မဟုတ်တာပဲ။ ငါးပွက်ရာ ငါးစာချကြတာလေဗျာ။ ဟုတ်တယ်မလား။ အဟက်ဟက်။ ကျွန်တော်သာ ဆုရွေးချယ်ရေးအဖွဲ့က ပညာရှင်ဆိုရင် ဒီဆုကို ပေးမိလေခြင်းဆိုပြီး နောင်တတွေ တစ်ပွေ့တစ်ပိုက်ကြီးနဲ့ ထိုင်ငိုမိမလား မပြောတတ်ဘူး။ ဘယ့်နှယ်ဗျာ သူများနိုင်ငံက တလေးတစား ပေးလိုက်တာကို ကျွန်တော်တို့နိုင်ငံက မီဒီယာတွေက မသိသလို လုပ်နေတာကတော့ ခံရခက်လှသဗျာ။ (ဒေါက်တာသန်းထွဋ်အောင်ကိုယ်စား ပြောပေးခြင်းဖြစ်ပါသည်) တစ်ကောင်တည်း ဒါပေမယ့် အလဲဗင်း....။

(ဆ)
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ဇွန်လ ၂၅ ရက်နေ့မှာ ပြန်လည်စတင် ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဘာတွေများ တိုင်းပြည်အတွက် ဆွေးနွေးကြဦးမလဲ စောင့်ကြည့်ရမယ်။ ဦးသိန်းညွန့် ဝေဖန်သလိုပဲ ဒေါ်စုကြည်အနေနဲ့ အပြင်မှာလျှောက်မပြောဘဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လွှတ်တော်ထဲမှာ အဆိုပြု၊ တင်ပြ၊ ဆွေးနွေး၊ တိုင်ပင်ညှိနှိုင်းမှုတွေ လုပ်သင့်တယ်တဲ့။ စိတ်ဝင်စားစရာပဲ။ ဒေါ်စုကြည်က တင်မှာလား၊ မေးမှာလား၊ ဆွေးနွေးမှာလား၊ ဥက္ကဋ္ဌကြီးကရော ခွင့်ပြုမှာလား။ ဦးသိန်းညွန့်နဲ့ ဒေါ်စုတော့ ကောင်းကောင်းတွေ့ကြပြီ။ တကယ်လိုအပ်တဲ့ ဥပဒေတွေ ဘယ်လောက်ထပ်ထွက်လာမလဲဆိုတာ စောင့်ကြည့်ရပါဦးမယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇွန်လ ၁၁ ရက်၊ အင်္ဂါနေ့။
မွန်းလွဲ ၁ နာရီ ၃၁ မိနစ်တွင်ပြီး၏။

1 comment:

  1. Anonymous2:42 PM

    ပြည်ခိုင်ဖြိုး အများစုနိုင်ရင် ဦးရွှေမန်းကိုသမ္မတတင်မယ်လို့ ဦးဌေးဦးကVOICE ကိုပြောပါတယ်၊You too;Brutus?"ဌေးဦး!မင်းလဲပါသကိုး" လို့commentပေးလိုက်ပါတယ်၊တစ်ခုတော့ကောင်းပါတယ်၊၂၀၀၈ အခြေခံဥပဒေက မဲဆန္ဒရှင်ပြည်သူတွေသမ္မတကို တိုက်ရိုက်ရွေးလို့မရဘူး၊ပါတီတွေက သူတို့အများစုနိုင်ရင်ဘယ်သူ့ကိုသမ္မတတင်မယ်ဆိုတာ၇ှင်းရှင်းလင်းလင်းအသိပေးရင် ပြည်သူတွေက သမ္မတရွေးခွင့်ရသွားတာပေါ့။လက်ရှိသမ္မတဦးသိန်းစိန်ကို ထောက်ခံတဲ့သူမနည်းလှတော့ ခုလိုပြည်ခိုင်ဖြိုးက သူ့ကို ပ ထုတ်တဲ့အချိန်မှာ ဦးသိန်းစိန်အုပ်စု(ပါတီအသစ်လဲဖြစ်နိုင်)နဲ့ညှိနှိုင်းဆောင်ရွက်ဖို့ ပါတီအချို့အနေနဲ့ကြိုးပမ်းသင့်တယ်လို့ထင်ပါတယ်။

    ReplyDelete

 
Web Statistics