Wednesday, June 05, 2013

မိုးရေထဲမှ အတွေးများ


(က)
ကျွန်တော်လက်ရှိနေတဲ့နေရာမှာ အခုလပိုင်းအတွင်း ပိတောက်ပန်းတွေ မကြာခဏပွင့်တာ ကြုံရတယ်။ သင်္ကြန်အခါတုန်းကတော့ တစ်ခက်တစ်လေတောင် မမြင်ခဲ့ရတဲ့ ပိတောက်ပန်းတွေကတော့ အခုများတော့ တစ်ပတ်ကို နှစ်ခါလောက် မိုးရွာတိုင်း ပွင့်နေတာမြင်ရတော့ စိတ်ထဲ သိပ်ပြီး ဘ၀င်မကျချင်ဘူး။ ဒီပိတောက်နှယ် မဟုတ်သေးပါဘူးပေါ့။ ညပိုင်း ဆိုင်ကယ်လေးစီးပြီး သွားတဲ့အချိန်ဆိုရင် ပိတောက်ပန်းရနံ့တွေ တသင်းသင်းရှူရင်း သိပ်ကြည်နူးစရာကောင်းတယ်။ အရပ်ထဲမှာ ပြောသလိုပြောကြမယ်ဆိုရင် ပိတောက်တွေ သစ္စာမရှိတော့ဘူးတဲ့။ သြော်... အပင်တွေကိုတောင် အပြစ်ရှာ လက်ညှိုးထိုးတဲ့အဆင့်ကို ကျွန်တော်တို့ လူသားတွေ ရောက်နေကြပြီကိုးလို့ တွေးမိတယ်။ ကျွန်တော်ကလည်း သူတို့တွေကို ပြန်မေးကြည့်ချင်တယ်။ လူတွေကရော သစ္စာတရားနဲ့ ပြည့်ဝကြရဲ့လားပေါ့။ ဟုတ်တယ်လေ... ပိတောက်တွေ ပွင့်ချိန်မမှန်တော့တာဟာ လူတွေ သစ္စာမရှိလို့၊ အစိုးရမင်းတွေ သစ္စာမရှိလို့၊ နိုင်ငံကြီးတွေ သစ္စာမရှိလို့။ သင်္ကြန်အခါဆိုရင် ပုံမှန်ပွင့်ရမယ့် ပိတောက်ပန်းဟာ မပွင့်နိုင်ရှာဘူး။ မိုးမရွာလို့...။ မိုးကလည်း မရွာနိုင်ရှာဘူး။ ရာသီဥတု မမှန်လို့။ ရာသီဥတုကလည်း မမှန်နိုင်ရှာဘူး။ ကမ္ဘာကြီး ပူနွေးလာလို့။ ကမ္ဘာကြီးကလည်း အလကားပူနွေးရတာ မဟုတ်ဘူး။ အိုဇုန်းလွှာအပေါက်ကြီး ကြီးလာလို့။ အိုဇုန်းလွှာ အပေါက်ကလည်း အလကားကြီးလာတာ မဟုတ်ဘူး။ လူတွေ မဆင်မခြင် အတိုင်းအဆမရှိ သုံးစွဲကြတဲ့ ပစ္စည်းပစ္စယအမျိုးမျိုးနဲ့ စက်ရုံပေါင်းစုံက ထွက်လာတဲ့ မီးခိုးတွေကြောင့်၊ ဓာတ်ငွေ့တွေကြောင့်။ အဲဒါတွေကလည်း ......... ကြောင့်။ စသည် စသည်ဖြင့် အဆင့်ဆင့်လိုက်သွားလိုက်တာ နောက်ဆုံးတော့ လူမှာပဲ ပြန်ဆုံးတာပဲဗျ။

(ခ)
အပြင်မှာတစ်ခါမျှ မတွေ့ဘူးသော်လည်း အွန်လိုင်းမှာ အတော်ခင်မင်ရင်းနှီးမှုရှိတယ်လို့ ပြောရလောက်တဲ့ မိတ်ဆွေတစ်ယောက်နဲ့ တစ်နေ့က ဂျီတော့ခ်မှာ စကားပြောဖြစ်တယ်။ ထုံးစံအတိုင်း နိုင်ငံရေးအကြောင်း ရောက်သွားတာပေါ့။ အကြောင်းအရာအစုံကို ပြောကြဆိုကြပေါ့။ အမြင်တူတာတွေရှိသလို အမြင်မတူတာတွေလည်း အများအပြားပေါ့။ အဲဒီလို ပြောကြဆိုကြရင်း ကျွန်တော်လုံးဝ သဘောမတူနိုင်တဲ့ စကားတစ်ခွန်းနဲ့ သွားတွေ့တယ်။ သူကပြောတယ်။ မြန်မာနိုင်ငံမှာ NLD ထက် ကောင်းတဲ့ပါတီ မရှိဘူးတဲ့။ သူ့အမြင်ဖြစ်တဲ့အတွက် ကျွန်တော်သိပ်မပြောပါဘူး။ ဒါပေမယ့် NLD ပါတီက ဘာတွေကောင်းတာလဲလို့ မေးလိုက်တော့...။ သူဖြေတာတွေက ကျွန်တော်တို့ ကြားဖူးနေကျ ထုံးစံအတိုင်း စစ်အစိုးရရဲ့ ဖိနှိပ်တာကို ခံခဲ့ရတယ်တို့၊ ၁၉၉၀ မှာ ပြည်သူအားလုံးက ထောက်ခံခဲ့တယ်တို့၊ ပါတီဝင်တွေက ထောင်ခဏခဏ ကျတယ်တို့၊ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တယ်တို့ စသည်စသည်ဖြင့်ပေါ့ဗျာ။ အဲဒီလိုတွေ ဖြစ်တာနဲ့ပဲ NLD ပါတီဟာ အကောင်းဆုံး ဖြစ်ရောလားဆိုတော့ ကျေးဇူးရှင်က အငေါ်တူစကား ဆက်ပြောတယ်။ NLD ကိုမထိနဲ့။ လုံးဝမခံဘူးဆိုတဲ့ တစ်ဖက်ပိတ်သမားမို့ ဆက်မပြောဘဲ နှုတ်ဆက်လိုက်ရတယ်။ မြန်မာတစ်နိုင်ငံလုံးနီးပါး NLD ကို ထောက်ခံနေခြင်းဟာ NLD သည် အကောင်းဆုံးပါတီ ဖြစ်ခြင်းကြောင့် ဟုတ်၊ မဟုတ်ဆိုတာ စာဖတ်သူတို့ စဉ်းစားကြည့်စေချင်သည်။ NLD ပါတီကို လူကြိုက်များသည် ဆိုခြင်းကတော့ ကျွန်တော်မငြင်းပါ။ လူကြိုက်များတာနဲ့ အကောင်းဆုံးဖြစ်တာ သဘောသဘာဝ လုံးဝမတူညီသည်ကို သတိပြုကြစေချင်ပါသည်။ လူကြိုက်များခြင်းတွင် အကြောင်းအချက်များစွာ ရှိနိုင်ပါသည်။ သမ္မတအိုဘားမားသည် လူကြိုက်များသူ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် အတော်ဆုံး၊ အကောင်းဆုံး ပုဂ္ဂိုလ် ဟုတ်၊ မဟုတ် ဆိုတာကတော့ မည်သူသေချာ ပြောနိုင်ပါမည်နည်း။ ဆက်၍ ရေခင်းမပြလိုတော့ပါ။ ကမ္ဘာပေါ်တွင် ကိုးကွယ်သူအများဆုံး ဘာသာတရားသည် ဗုဒ္ဓဘာသာမဟုတ်ပါ။ ကျွန်တော်ကိုဉာဏ် ဘာပြောချင်သည်ကို စာဖတ်သူများ နားလည်သိရှိလိမ့်မည်ဟု ယုံကြည်ပါသည်။

(ဂ)
တစ်နေ့က သူငယ်ချင်းတစ်ယောက်အိမ်ကို ထမင်းစားသွားရင်း သူငယ်ချင်းရဲ့ သားဖြစ်သူ ပဉ္စမတန်းကျောင်းသားရဲ့ မြန်မာစာ ဖတ်စာအုပ်ကို ဖတ်ကြည့်ဖြစ်ပါတယ်။ ကျွန်တော် အတော်ကြီးကို မျက်လုံးပြူးသွားပါတယ်။ ဖတ်စာအုပ်ထဲမှာ စာလုံးပေါင်းအမှားတွေ အများကြီး တွေ့ရလို့ပါ။ မြန်မာစာရေးထုံးနဲ့ မညီတာတွေလည်း အများကြီးပါ။ သင်ရိုးတစ်ခုလုံး ပြောင်းတာ၊ မပြောင်းတာကို မပြောလိုပါဘူး။ လက်ရှိ ရှိနေတဲ့ သင်ရိုးလေးကိုတော့ စာလုံးပေါင်းမှန်၊ ရေးထုံးမှန်လေးဖြစ်အောင် လုပ်သင့်ကြတယ်လို့ မြင်မိပါတယ်။

(ဃ)
အဆောင်တွေ၊ လမ်းတွေမှာ မကြာခဏ မြင်တွေ့နေရတဲ့ အမှိုက်တွေနဲ့ပတ်သက်ပြီး စဉ်းစားမိတာ တစ်ခုရှိပါတယ်။ မြို့တွေ၊ ရပ်ကွက်တွေမှာ အမှိုက်ပုံးတွေကို လက်လှမ်းမီတဲ့ နေရာတိုင်းမှာ မထားသေးနိုင်ပါဘူး။ အဲဒီတော့ အမှိုက်ပစ်ချင်တဲ့လူက အမှိုက်ပုံးမရှိတော့ တွေ့တဲ့နေရာမှာ ပစ်လိုက်ကြတယ်။ အဲဒီတော့ အမှိုက်ပုံးတွေကို စနစ်တကျ မထားပေးနိုင်တဲ့ အစိုးရမှာ တာဝန်ရှိသလား။ အသေအချာကို တာဝန်ရှိပါတယ်။ ဟုတ်ပြီ... အမှိုက်ပုံးမရှိတဲ့အတွက် တွေ့တဲ့နေရာမှာ အမှိုက်ပစ်တဲ့ လူကရော မှန်သလား။ မမှန်ပါဘူး။ အမှိုက်ပုံးမရှိလို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ တွေ့ကရာနေရာမှာ စည်းကမ်းမဲ့ အမှိုက်ပစ်တာဟာ လူယဉ်ကျေးတို့ရဲ့ လုပ်ရပ်မဟုတ်ပါဘူး။ အစိုးရက မကောင်းတဲ့အတွက် ငါတို့လည်း မကောင်းနိုင်ဘူးဆိုရင်တော့...။ ကျွန်တော်ဘာဆက်ပြောရမလဲ။

(င)
ဦးသိန်းစိန်ကို တိုက်ခိုက်တာတွေ ပိုများလာသလို ဒေါ်စုကြည်ကို အပုတ်ချတာတွေလည်း ဗုံးပေါလဟော ဖြစ်လာတာကို တွေ့ရပါတယ်။ ၂၀၁၅ ကြောင့်တော့ ဟုတ်ဟန်မတူပါဘူးလေ။ ကိုယ့်ထက်သာရင် မနာလိုကြတာလား၊ အမြင့်ရောက်လို့ လေတိုက်ခံရတာလား တွေးရခက်လှပါတယ်။ ၂၀၁၅ အတွက်ဖြင့် သူတို့ ၂ ဦးကို မတိုက်ခိုက်ကြပါနဲ့လေ။ ဘာကြောင့်လဲဆိုတော့ ၂၀၁၅ မှာ သူတို့ ၂ ဦး ဘာဖြစ်မယ်ဆိုတာ သိကြားမင်းတောင် မသိနိုင်တဲ့ ကိစ္စမို့ပါပဲ။ အခုလက်ရှိအချိန်အထိကတော့ ဒေါ်စုကြည်သည် ၂၀၁၅ မှာ သမ္မတဖြစ်ခွင့် မရှိသေးပါ။ ဦးသိန်းစိန်သည်လည်း ၂၀၁၅ ခုနှစ်မှာ သမ္မတပြန်ဖြစ်ပါမယ်လို့ အခုလက်ရှိ အခြေအနေအထိ သေသေချာချာ မပြောနိုင်သေးပါ။ သမ္မတကို ကျွန်တော်တို့ ပြည်သူတွေက တိုက်ရိုက်ရွေးချယ်ရမည် မဟုတ်သည်ကို သတိချပ်စေလိုပါသည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအဖြစ် ရွေးကောက်တင်မြှောက်ခံရမည့် သူများက သမ္မတကို ရွေးချယ်မည်ဖြစ်ပါသည်။ လောလောဆယ် ဦးသိန်းစိန်ကို ဝေဖန်ခြင်းသည် နိုင်ငံတော် သမ္မတကို ဝေဖန်ခြင်းဖြစ်ပြီး ဒေါ်စုကြည်ကို ဝေဖန်ခြင်းသည် လွှတ်တော်အမတ်တစ်ဦးကို ဝေဖန်ခြင်း ဖြစ်ပါသည်။ ဦးသိန်းစိန်နှင့် ဒေါ်စုကြည်ကို ဝေဖန်ကြသလို ဦးရွှေမန်းကို ဝေဖန်ကြလျှင် ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်အင်မတန် စိတ်ဝင်စားနေမိပါသည်။ ကျွန်တော်ကိုဉာဏ် နှပ်ကြောင်း ပေးနေခြင်းဟု မတွေးထင်ကြစေလိုပါ။ :D

(စ)
မြန်မာနိုင်ငံမှာ ကိုကာကိုလာစက်ရုံ ပြန်ဖွင့်ခွင့်ရခြင်းဟာ ဘာလင်တံတိုင်း ပြိုကျသွားသလိုပဲ ဆိုတဲ့ သတင်းတစ်ပုဒ်ကို Bloomberg သတင်းစာမျက်နှာမှာ ဒီနေ့ ဖတ်ခွင့်ရလိုက်တော့ အတော်သဘောကျသွားမိတယ်။ ရယ်လိုက်ရတာဗျာ။ အဲဒီလောက်တောင်ပဲလားကွယ်လို့ပဲ မေးလိုက်ချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် Welcome Coca-Cola! ယိုးဒယားစာတွေ ရေးထားတဲ့ ကိုကာကိုလာကို မသောက်ချင်တော့ဘူး။ မြန်မာစာရေးထားတဲ့ ကိုကာကိုလာကိုပဲ သောက်တော့မယ်ဗျာ။ ဒါလည်း တိုးတက်လာတဲ့ အချက်တစ်ခု မဟုတ်ဘူးလား။ :D
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇွန်လ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၇ နာရီ ၄၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics