Friday, July 19, 2013

၆၆ နှစ်မြောက် အာဇာနည်နေ့ (၁၉-၇-၂၀၁၃)


ယနေ့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့သည် ၆၆ နှစ်မြောက် အာဇာနည်နေ့ ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့က ရန်ကုန်မြို့ အတွင်းဝန်ရုံးတွင် မသမာသူလူတစ်စု၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အသက်ပေးသွားရသည့် ဗိုလ်ချုပ်အောင်ဆန်းနှင့် အခြားသောအာဇာနည်များကို ဂုဏ်ပြုသည့်အနေဖြင့် အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ကြခြင်း ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း ဇူလိုင် ၁၉ ရက်နေ့ရောက်တိုင်း နိုင်ငံတော်အလံကို တိုင်ဝက်လွှင့်ထူခြင်းဖြင့် ၀မ်းနည်းခြင်း အထိမ်းအမှတ်ကို ပြသကြပါသည်။ ရန်ကုန်မြို့ရှိ အာဇာနည်ဗိမာန်သို့ သွားရောက်၍ လွမ်းသူ့ပန်းခွေ၊ ပန်းခြင်းများဖြင့် ကန်တော့ခြင်း၊ ဂါရ၀ပြုခြင်းများ ပြုလုပ်ကြပါသည်။ မြန်မာတို့အိမ်တိုင်းတွင် အာဇာနည်နေ့ အမှတ်တရ သီချင်းများ၊ ဗိုလ်ချုပ်အောင်ဆန်း သီချင်းသံများ၊ ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းသံများဖြင့် လွှမ်းခြုံနေလေ့ရှိပါသည်။ အာဇာနည်နေ့ ဟူသည့်စကားလုံးကို ကြားလိုက်ရတိုင်း ရင်ထဲတွင် ၀မ်းနည်းစိတ်၊ နာကျင်စိတ်တို့ ဖြစ်လာရစမြဲ ဖြစ်ပါသည်။ မြန်မာ့လွတ်လပ်ရေးမရမီ လမ်းခုလတ်တွင် တိုင်းပြည်အတွက် အသက်ပေးသွားခဲ့သည့် အာဇာနည် ၉ ဦး အပါအ၀င် အခြားသော အာဇာနည်ပုဂ္ဂိုလ်အပေါင်းကို ဦးညွတ် အလေးပြုပါကြောင်းနှင့် ၎င်းတို့ အသက်ပေး၍ ရယူပေးခဲ့သော လွတ်လပ်ရေးကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရင်း အသက်ပေးသွားခဲ့ကြသည့် ပုဂ္ဂိုလ်အပေါင်းကိုလည်း လေးစားဂုဏ်ယူစွာဖြင့် ဦးညွတ်အလေးပြုပါကြောင်း။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်၊ သောကြာနေ့။
၆၆ နှစ်မြောက် အာဇာနည်နေ့။
နံနက် ၁၀ နာရီ ၂၉ မိနစ်။

No comments:

Post a Comment

 
Web Statistics