Wednesday, October 30, 2013

အဘနဲ့ အဘရွာ၊ တင်မိုး


ပြောင်းတစ်တင်းကို
ခေါင်းရင်းအိမ်က ပေးခဲ့တယ်။
ဟင်းရွက်တစ်ဆုပ်၊ ထင်းတစ်ခုတ်ကို
ကျုပ်မြေးတွေက ပေးခဲ့တယ်။

လျှာပွတ်ဆေးနဲ့
ဆေးခါးကြီးစ၊ လျက်ဆားစသည်
ကျောင်းကဘုန်းကြီး ပေးခဲ့တယ်။

သမီးအငယ်၊ အိမ်ထောင်သည်က
နေ့လယ်နေ့ခင်း၊ ခံတွင်းချဉ်ပြေ
အပျင်းပြေအောင်
အဖေလည်းဝါး၊ ဧည့်လည်းစား..တဲ့
လက်ဖက်သားကလေး ပို့ခဲ့တယ်။

ဝါကျွတ်ရက်က
အညှက်ဖြူဆုပ်၊ ပေါက်ပေါက်ဆုပ်တဲ့...
မွေးစုတ်တဘက်၊ ချည်စောင်ကွက်တဲ့...
သက်ကြီးဝါကြီး ကန်တော့ကြတယ်။

ငှက်ပျောသီးနဲ့
အုန်းသီးတစ်လုံး၊ ဘ မသုံးဘူး
ဘုန်းကြီးလှူလိုက်ရသေးရဲ့။

အဘီဆီက
ရှေးကသီချင်း၊ တက်ကြရင်းနဲ့
နင်းကြနှိပ်ကြ၊ ပြုစုကြနဲ့
ကာလသားတွေ၊ စည်ပါပေကွယ်
ပုလွေ မယ်ဒလင်၊ ဒေါင်ဒင်ဒင်နဲ့
ဘင်ဂျိုဝိုင်းက ညတိုင်းပ။

အဘအိုရဲ့
ပုံတိုပတ်စ၊ ကြားချင်ကြသတဲ့
ညခင်းညခါ၊ ၀ိုင်းလို့လာတဲ့
ရွာက ကလေး၊ အဘမြေးတွေ
အေး... အေး... ပြောရသေးတာပ။

အဘအိမ်သား၊ ကွယ်လွန်သွားလည်း
ဝမ်းခါးမပူရပေဘူး။

အဘရဲ့သား၊ ရန်ကုန်သွားလည်း
တအားမငယ်ရပေဘူး။

သည်မြေသည်ရွာ၊ အဘရွာပေါ့။
ရွာသူရွာသား၊ အဘသားပေါ့။
ရွာက ကလေး၊ အဘမြေးပေါ့။

သမီးနဲ့သား၊ မြေးငယ်များတို့
ငါ့ရွာနားက
တစ်ဖ၀ါးတောင်၊ ခွာနိုင်ပေါင်ဗျာ
နောင်ဘ၀လည်း၊ ဘ မခွဲဘူး
ခုလည်းသည်မှာ ခေါင်းချမယ်။

1 comment:

  1. Anonymous10:07 AM

    ကောင်းလိုက်တဲ့ ကဗျာ
    တိမ်မြုပ်လုဖြစ်နေတဲ့ အမျိုးသားရေးစိတ်ကလေးတွေ
    ပြန်လည်နိုးကြားနိုင်ကြပါစေဗျာ--

    ReplyDelete

 
Web Statistics