Monday, November 04, 2013

ပုဒ်မ ၁၈ နဲ့ ပတ်သက်တဲ့ ကျွန်တော့်အတွေးတွေပါ


လူပြောသူပြော များနေတဲ့ ပုဒ်မ ၁၈ ကို ပယ်ဖျက်ဖို့အတွက် လွှတ်တော်မှာ လုပ်ဆောင်နေကြတယ် ဆိုတဲ့သတင်းတွေ ဖတ်ရပါတယ်။ အင်း... ဘယ်လိုပြောရမလဲ။ ကောင်းပါတယ်လား... ကြိုဆိုပါတယ်လား။ ကျွန်တော်က ပြောရင်လည်း မင်းက လူတတ်ကြီးလားတို့၊ ဘာတို့ ၀ိုင်းကစ်ကြဦးမယ်။ ကျွန်တော်တို့ မြန်မာတွေက ဘယ်လောက်များ ဥပဒေပါး မ၀သလဲဆိုရင် သူများပြောလို့သာ အဲဒီ ပုဒ်မ ၁၈ ဆိုတာ ဘာဖြစ်တယ်၊ ညာဖြစ်တယ်၊ မကောင်းဘူးဆိုပြီး ၀ိုင်းအော်ကြတာ။ တကယ်တမ်း အဲဒီ ပုဒ်မ ၁၈ ဟာ ဘယ်ဥပဒေက ပုဒ်မကို ပြောတာလဲလို့ အဲဒီလူတွေကို မေးကြည့်လိုက်။ ထားပါဗျာ... အဲဒါတွေ ပြောမနေတော့ပါဘူး။ ပြောလိုရင်းက ပုဒ်မ ၁၈ ကို ပယ်ဖျက်ပေးလိုက်ရုံနဲ့ ကြိုက်သလို ဆန္ဒပြလို့ရတယ်၊ ကြိုက်သလို စုဝေးလို့ရတယ်လို့ အယူမလွဲကြပါနဲ့လို့ ပြောချင်တာပါ။

သာမန်ပြော ပြောရမယ်ဆိုရင် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေမှာ ပြစ်မှု၊ ပြစ်ဒဏ်နဲ့ ပတ်သက်ပြီး ၃ ခု ရှိတယ်။
(၁) စုဝေးတာ၊ စီတန်းလှည့်လည်တာကို နှောင့်ယှက်ဟန့်တားတဲ့ လူတွေအပေါ် အရေးယူမယ့် ပြဋ္ဌာန်းချက်၊
(၂) ခွင့်ပြုချက်မယူဘဲ စုဝေးရင်၊ စီတန်းလှည့်လည်ရင် အရေးယူမယ့် ပြဋ္ဌာန်းချက် နဲ့
(၃) စုဝေးခြင်း၊ စီတန်းလှည့်လည်ခြင်း ပြုလုပ်တဲ့အချိန်မှာ သတ်မှတ်စည်းကမ်းတွေကို ဖောက်ဖျက်ကျူးလွန်ရင် အဲဒီလူတွေကို အရေးယူမယ့် ပြဋ္ဌာန်းချက်တွေ ဖြစ်တယ်။

အခု လွှတ်တော်မှာ ပယ်ဖျက်ဖို့ လုပ်နေတယ်ဆိုတာက နံပါတ် (၂) အချက်ဖြစ်တဲ့ ခွင့်ပြုချက်မယူဘဲ စုဝေး၊ စီတန်းလှည့်လည်ရင် (တဲ့ပြောရရင် ခွင့်ပြုချက်မယူဘဲ ဆန္ဒပြရင်၊ ဆန္ဒဖော်ထုတ်ရင်ပေါ့) အရေးယူမယ့် အချက်ကို ပြောတာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းချက်နဲ့ ကွဲလွဲနေတဲ့အတွက်လို့ အင်တာဗျူးတွေမှာ နားထောင်ရတယ်။ ဘာမျှမပြောလိုပါဘူး။

ပုဒ်မ ၁၈ ကို ပယ်ဖျက်လိုက်ရင် အဲဒီဥပဒေဟာ သောက်တလွဲဥပဒေ ဖြစ်သွားပြီ။ ပုဒ်မ ၁၈ နဲ့ ချိတ်ဆက်ပြီး ရေးထားတဲ့ ပြဋ္ဌာန်းချက်တွေက အဲဒီဥပဒေမှာ အများကြီးပဲ။ ပုဒ်မ ၁၈ လေးတစ်ခု ပယ်ဖျက်ပြီး သူ့နောက်က ပုဒ်မတွေကို အစဉ် ပြန်ပြောင်းရုံနဲ့ကတော့ အဲဒီဥပဒေဟာ ဟာသဥပဒေ ဖြစ်လာမှာပါပဲ။ မြင်သာတဲ့ ဥပမာ တစ်ခုပေးရရင် ပုဒ်မ ၁၈ မှ မလိုတော့ရင် ပုဒ်မ ၁၀ နဲ့ ၁၁ က ဘာကိစ္စ အသုံးဝင်တော့မှာလဲ။ ခွင့်ပြုချက် ယူစရာမလိုဘဲ ဆန္ဒပြတယ်ဆိုမှတော့ သတ်မှတ်နေရာလည်း မရှိတော့ဘူး၊ သတ်မှတ်လမ်းကြောင်းလည်း မရှိတော့ဘူး။ သူရဦးအောင်ကိုလည်း ၂၀၁၅ နီးလာလေ သွေးပျက်လာလေ ဖြစ်နေသလား မပြောတတ်ဘူး။ ဘာတွေ လျှောက်ပြောနေမှန်း မသိဘူး။

ပုဒ်မ ၁၈ မလိုတော့ဘူးဆိုရင် လုပ်ရမှာက အဲဒီဥပဒေကို ပြန်ရုပ်သိမ်းပြီး အသစ်ပြန်ရေးဆွဲတာပဲ။ ဆန္ဒဖော်ထုတ်လိုသူတွေ အနေနဲ့ ဘယ်လိုနေရာတွေကို ရှောင်ကြဉ်ရမယ်၊ အများပြည်သူကို အနှောင့်အယှက် မဖြစ်အောင် ဘယ်လိုအချက်တွေကို ရှောင်ကြဉ်ရမယ် အဲဒါတွေ ရေးပေါ့။ ပြီးမှ အဲဒါတွေ မလိုက်နာရင် ရင်ဆိုင်ရမယ့် ပြစ်မှုပြစ်ဒဏ်တွေကို ပြဋ္ဌာန်းပေါ့။ ဒါက ထွန်ကျူးတာလည်း မဟုတ်ဘူး၊ ရေခင်းပြတာလည်း မဟုတ်ဘူး၊ စာချတာလည်း မဟုတ်ဘူး။ ကျွန်တော်မြင်သမျှ ဉာဏ်မီသမျှနဲ့ ပြောကြည့်တာ၊ အကြံပြုကြည့်တာ။

အဲဒီိလိုမှ မဟုတ်ရင်တော့ မြန်မာပြည်နဲ့ အကိုက်ညီဆုံး ဥပဒေတစ်ခုကတော့
မိမိဆန္ဒရှိသည့် အချိန်တွင် မည်သည့်နေရာတွင်မဆို၊ မည်သည့်ပုံစံဖြင့်ဖြစ်စေ ခွင့်တောင်းခံစရာ မလိုအပ်ဘဲ လွတ်လပ်စွာ ဆန္ဒပြနိုင်၊ လှည့်လည်အော်ဟစ်နိုင်သည်။ လုံခြုံရေး တာဝန်ရှိသူများကလည်း ဖမ်းချင်လျှင် ဖမ်းမည်၊ မဖမ်းချင်လျှင် မသိချင်ယောင် ဆောင်နေမည်။

အဓိကပြဿနာက ဆန္ဒပြတဲ့လူတွေက ခွင့်ပြုမိန့် မတောင်းချင်ဘူး။ ငြင်းပယ်တာတွေ၊ ကန့်သတ်တာတွေကို မလိုချင်ဘူး။ သူတို့ ဆန္ဒပြချင်တဲ့အချိန် ပြချင်တဲ့နေရာမှာ လွတ်လွတ်လပ်လပ် ပြချင်တယ်။ လွှတ်တော်က ဒါကို ဖြည့်ဆည်းပေးချင်တယ်။ အင်း... ကျွန်တော်တို့လို ဟိုမရောက် ဒီမရောက် ပြည်သူတွေက ဒင်းတို့တွေကြားမှာ ဘယ်လိုစိတ်ညစ်ရဦးမလဲ မသိပါဘူး။ ဆန္ဒဖော်ထုတ်တယ်ဆိုပြီး ကျွန်တော့်အိမ်ရှေ့မှာ ဟိုလူ့နာမည်အော်ပြီး အော်ဆဲလိုက်၊ ဒီလူ့နာမည်အော်ပြီး အော်ဆဲလိုက် လာလုပ်လို့ကတော့ အဲဒီကောင်တွေကို ထွက်ရိုက်မယ်။ ပြီးရင် ပုဒ်မ ၁၇ ကို ပယ်ဖျက်ပေးပါဆိုပြီး တစ်ကိုယ်တော် ဆန္ဒဖော်ထုတ်ပစ်မယ်။ သမ္မတကြီးဆီကို စာရေးပစ်မယ်။ ဘာမှတ်နေလဲ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်၊ တနင်္လာနေ့။
နံနက် ၁ နာရီတွင် ပြီး၏။

1 comment:

  1. ဘစည်12:11 AM

    ကိုဥာဏ် ရွာပြင်မှာ အိမ်ကြိုဆောက်ထား။။ :-)

    ReplyDelete

 
Web Statistics