Tuesday, November 05, 2013

မီတာခတွေ တိုးကောက်မယ်၊ ချီးမြှင့်ငွေတွေ တိုးတောင်းမယ်


အခုရက်ပိုင်း ဖတ်ရတဲ့ သတင်းနှစ်ခုကို သိပ်ပြီးတော့ သဘောမတွေ့လှဘူး။ ပထမသတင်းက လျှပ်စစ်ဓာတ်အား အသုံးပြုခတွေ တိုးမြှင့်ကောက်ခံမယ့် သတင်းပါ။ နောက်တစ်ခုက သမ္မတကစပြီး လွှတ်တော်ကိုယ်စားလှယ်တွေအထိ လစဉ်ရရှိနေတဲ့ ချီးမြှင့်ငွေ (စကားလုံးလှအောင် ဘယ်လိုပဲသုံးသုံး လစာပေါ့ဗျာ) ကို တိုးမြှင့်ပေးဖို့ လွှတ်တော်မှာ ဆွေးနွေးကြမယ့် သတင်းတွေဖြစ်ပါတယ်။

အပေါစားနိုင်ငံရေးနည်းနဲ့ အစိုးရကို မကောင်းပြောရင်ပြီးရောဆိုပြီး ပြောရမယ်ဆိုရင်တော့ မီတာခတွေ တိုးမြှင့်ပြီး ကောက်ခံမှာ ဖြစ်တဲ့အတွက် ပြည်ထောင်စုအဖွဲ့အစည်းဝင်တွေကပဲ လစာတိုးတောင်းသလိုလို ဖြစ်ရပ်ပါ။ ဒါမှမဟုတ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လစဉ်ချီးမြှင့်ငွေ တိုးမြှင့်ပေးဖို့အတွက် ပြည်သူတွေဆီက မီတာခတွေ တိုးမြှင့်ကောက်ခံရသလိုမျိုး ဖြစ်ရပ်ကြီးပါ။

ဆင်းရဲသူနဲ့ လူလတ်တန်းစား အများစုဖြစ်တဲ့ ပြည်သူတွေက လျှပ်စစ်မီတာခတွေ တိုးမြှင့်ကောက်ခံမှာမို့ ဟိုနားက ကန့်ကွက်လိုက်၊ ဒီနားက ကန့်ကွက်လိုက် ဖြစ်နေကြချိန်မှာ ပြည်သူ့အသံ လွှတ်တော်အသံ ဆိုတာကြီးရဲ့ လုပ်ပေါက်က ကြည့်ပါဦးဗျာ။ တကယ်ဆိုရင် လျှပ်စစ်မီတာခတွေကိစ္စကို အရင်ဆုံး လွှတ်တော်မှာ အကျေအလည် ဆွေးနွေးတာ၊ မေးခွန်းတွေ မေးမြန်းတာ၊ မီတာခတွေ မတက်သေးဖို့ အစိုးရကို တိုက်တွန်းတဲ့အဆိုတွေ တင်သွင်းတာတွေ လုပ်ရမှာပါ။ အခုတော့ ပြည်သူ့ကိုယ်စားလှယ်ကြီးများက သူတို့တွေ လစဉ် ၆ သိန်း ရဖို့အရေးကို အရေးတကြီး၊ အလေးထားပြီး ဆွေးနွေးကြတော့မယ်။ မီတာခတွေ ဈေးတက်တာ သူတို့နဲ့မှ မဆိုင်ဘဲကိုး။ မေးခွန်းလေး တစ်ခွန်း နှစ်ခွန်းမေးပြီး ၀န်ကြီးက ဈေးလျှော့ဖို့ အစီအစဉ်မရှိဘူးဆိုတာနဲ့ လွှတ်တော်က ငြိမ်ငြိမ်လေး ပြန်ထိုင်နေတာတော့ အလုပ်မဟုတ်ဘူး ထင်ပါရဲ့ဗျာ။ သူတို့အရေးများဆိုရင် ၀န်ကြီးမကလို့ သမ္မတကြီးကတောင် ဘယ်လောက်ပဲ မေတ္တာရပ်ခံသည်ဖြစ်စေ သူတို့လုပ်ချင်ရာ လုပ်ခဲ့ကြတာ မဟုတ်လား။ ထားပါတော့လေ။ ကျွန်တော် ဉာဏ်မမီတာတွေလည်း ရှိပေမပေါ့။

အခုလိုအချိန်မှာ မီတာခတွေ တိုးမြှင့်ကောက်ခံတာဟာ မလုပ်သင့်တဲ့ လုပ်ရပ်ပါ။ နိုင်ငံတကာ ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်တာတွေ၊ ဟိုပြဒီပြ အကြောင်းပြချက်တွေနဲ့ လုပ်ချင်တိုင်း မလုပ်သင့်ပါဘူး။ နိုင်ငံတကာမှာလို မြန်မာပြည်မှာ အနည်းဆုံး လုပ်ခလစာ ဥပဒေ ရှိပြီလား။ ပြဋ္ဌာန်းတဲ့ ဥပဒေတွေက နိုင်ငံတကာအဆင့် မမီသေးဘဲ၊ ဌာနဆိုင်ရာတွေရဲ့ လုပ်ထုံးလုပ်နည်းတွေက နိုင်ငံတကာ အဆင့်မမီသေးဘဲ၊ လျှပ်စစ်မီတာခကိုကျတော့မှ နိုင်ငံတကာဈေးနှုန်းအတိုင်း ကောက်ခံချင်နေလို့ကတော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ မိသားစုတစ်ခုရဲ့ လူနေမှုအဆင့်အတန်းဟာ လျှပ်စစ်ဓာတ်အား သုံးစွဲမှုအပေါ်မှာ အများကြီး မူတည်နေတယ်လို့ ကျွန်တော်က ကောက်ချက်ချချင်ပါတယ်။ လျှပ်စစ်ဓာတ်အား လုံးဝအဆင်မပြေတဲ့ ရခိုင်ပြည်နယ်မှာ နေခဲ့ရသူ တာဝန်ထမ်းဆောင်ခဲ့ရသူ တစ်ယောက်အနေနဲ့ ရခိုင်ဒေသ ဘာဖြစ်လို့ ဖွံ့ဖြိုးမှုနောက်ကျရတယ်၊ ရခိုင်ဒေသခံတွေ ဘာဖြစ်လို့ မျက်စိပိတ်၊ နားပိတ် ဖြစ်နေရတယ်ဆိုတာကို ကိုယ်တွေ့မျက်မြင် ကြုံလာခဲ့သူပါ။ တီဗီမကြည့်ရ၊ ဂြိုဟ်တုမကြည့်ရ၊ ကွန်ပျူတာမသုံးရတဲ့ လူတွေရဲ့ဘ၀ဟာ ဒီနေ့လိုခေတ်မှာ ဘယ်လိုအခြေအနေ ရှိမယ်ဆိုတာ နည်းနည်းလေး စဉ်းစားကြည့်စေချင်ပါတယ်။ ကိုယ်ချင်းမစာတတ်ဘူးဆိုရင်လည်း တစ်ပတ်လောက်ပဲ တီဗီမကြည့်၊ စလောင်းမကြည့်၊ ကွန်ပျူတာမသုံးဘဲ နေကြည့်စေချင်ပါတယ်။ ပြောလိုတဲ့ လိုရင်းကတော့ မီတာခတွေ တိုးမြှင့်ကောက်ခံမှာကို ကျွန်တော်ကိုဉာဏ် လုံးဝသဘောမကျဘူး။ အစိုးရကို အမြဲတမ်း ကန့်လန့်တိုက်နေတဲ့ (ထိန်းကျောင်းတယ်ဆိုတဲ့ စကားလုံးနဲ့ မတန်ဘူးထင်လို့ မသုံးပါ) လွှတ်တော်က အခုကိစ္စမှာ နှာစေးမနေသင့်ဘူး။ ထိထိရောက်ရောက် တိုက်တွန်းတာ၊ မေးမြန်းတာတွေ လုပ်သင့်ပါတယ်။

ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေရဲ့ လစဉ်ချီးမြှင့်ငွေတွေကို တိုးမြှင့်ဖို့ လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး သဘောတူပါတယ်။ လုပ်သင့်တယ်လို့လည်း မြင်ပါတယ်။ သူ့ရာထူးနဲ့သူ ထိုက်တန်တဲ့ လစာရှိမှသာ (မက်လုံးရှိမှသာ) အဲဒီရာထူးအတွက် တာဝန်ယူမှု၊ တန်ဖိုးထားမှုတွေ ပိုလာမှာဖြစ်သလို အဲဒီရာထူးကို အသုံးချပြီး အကျင့်ပျက် ခြစားတာတွေလည်း လျော့နည်းလာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်တွေအတွက်ပဲ စဉ်းစားခြင်းမပြုဘဲ အခြားသော ၀န်ထမ်းများအတွက်လည်း စဉ်းစားကြဖို့ လိုပါတယ်။ အခုဆိုရင် အပြင်ကုမ္ပဏီဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာငွေဟာ အင်မတန်မှ ကွာဟနေပါပြီ။ ဒါဟာ ၀န်ထမ်းတွေရဲ့ စိတ်ကို တစ်နည်းတစ်ဖုံ သိမ်ငယ်အောင် လုပ်နေသလိုပါပဲ။ အခုလို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်တွေရဲ့ လစာတွေကို တိုးမြှင့်ဖို့ လုပ်နေတယ်ဆိုတော့ အခုဆွေးနွေးမယ့် ဘဏ္ဍာရေးအသုံးစရိတ်တွေမှာ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာငွေတွေ တိုးမြှင့်တော့မယ့် ဆွေးနွေးမှုတွေ မြင်လာရတော့မယ်လို့ ယုံကြည်မိပါတယ်။ အခြားသော နိုင်ငံ့ဝန်ထမ်း မဟုတ်တဲ့ လုပ်သားတွေအတွက်လည်း အနည်းဆုံးလုပ်ခလစာ ဥပဒေလေး အမြန်ဆုံး ပြဋ္ဌာန်းနိုင်အောင် ကြိုးစားကြပါဦးလို့ လွှတ်တော်ကို တိုက်တွန်းလိုက်ပါတယ်။ လွန်တာရှိရင် ၀န္ဒာမိပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်၊ အင်္ဂါနေ့။
မွန်းလွဲ ၂ နာရီ ၃၀ မိနစ်တွင်ပြီး၏။

4 comments:

  1. ဒုက္ခပါပဲဗျာ။ ကျွန်တော့်ဘလော့ဂ်ကို ဘယ်လိုကနေဘယ်လို မျက်စိလည်ပြီး အခုမှ ရောက်လာမှန်းမသိဘဲ အသားလွတ်ကြီး ကောသွားပါလားဗျ။ Gtalk ကိုအပ်ပြီး မြန်မာ့သွေးရေးတဲ့လူလားလို့ မေးတယ်။ ဟုတ်ပါတယ်လို့ ဖြေတော့။ ဘာမှမသိဘဲ လျှောက်မရေးပါနဲ့တဲ့။ ဟောဗျာ... ကျွန်တော်ကပဲ သိလှ တတ်လှလို့ ရေးပါတယ်လို့ ပြောမိလို့လားဗျာ။ လစာတိုးတောင်းတဲ့အထဲမှာ သမ္မတမပါဘူးကွတဲ့။ သေသေချာချာ လေ့လာပြီးမှ ရေးတဲ့။ ဒီလူကြည့်ရတာ ကျွန်တော်ကပဲ သမ္မတကြီးကို အပြစ်ရှာပြီး ဝေဖန်နေတယ်၊ ကန့်လန့်တိုက်နေတယ်လို့ ထင်နေသလား မသိဘူး။ ပြီးတော့ ကျွန်တော်ရေးတဲ့ အခြားသော မည်သည့်ပို့စ်ကိုမျှလည်း ဖတ်ဖူးပုံမရဘူး။ သမ္မတလစာက ဘယ်လောက်၊ ၀န်ကြီးလစာက ဘယ်လောက်၊ တိုင်းဒေသကြီး/ပြည်နယ် ၀န်ကြီးချုပ်တွေရဲ့ လစာကဘယ်လောက် စသဖြင့် ကြည့်ရှုကိုးကားနိုင်ဖို့အတွက် ကျွန်တော့်မှာ ဥပဒေစာအုပ်တွေ အကုန်လုံး ရှိပါတယ်ဗျာ။ ထားပါလေ... သူကလည်း သူ့အမြင်နဲ့သူ ရှိပေမပေါ့။ တစ်ခုပဲ ကျွန်တော်စိတ်ထင့်သွားတာက ကျွန်တော်ရေးထားတာဟာ ကျွန်တော်ပစ်တဲ့ ပစ်မှတ်ကို မထိဘူးလား ဆိုတာကိုပါ။ အရေးအသား မကျွမ်းကျင်မှု၊ အသုံးအနှုန်း မဆီလျော်မှုကြောင့် သမ္မတကြီးနဲ့ အစိုးရအဖွဲ့ကိုပဲ တိုက်ခိုက်တဲ့ပုံစံမျိုး ဖြစ်သွားလို့လား။ ခေါင်းစဉ်ကိုလည်း သေသေချာချာ စဉ်းစားပြီးမှ ပေးခဲ့တာပါ။ အခြားသော မည်သည့်ခေါင်းစဉ်ကိုမျှ စဉ်းစားမရတဲ့အတွက် အဲဒီခေါင်းစဉ်ကို ပေးလိုက်တာပါ။ အချို့သော စာဖတ်ပရိသတ်တွေ နားလည်ကြတယ်ဆိုရင်ပဲ ကျွန်တော်ကျေနပ်ပါတယ်လေ။ ကျွန်တော့်ကို အသားလွတ်ကြီး လာကောသွားတဲ့ ကျေးဇူးရှင်လေးလည်း ကွန်းမန့်တွေမှာ လွတ်လွတ်လပ်လပ် ၀င်ရေးပါ။ ကျွန်တော်ပြန်ရှင်းဖို့လိုရင် ကွန်းမန့်တွေကနေ ပြန်ရှင်းပါ့မယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်စာကို လာဖတ်တဲ့အတွက် အားလုံးကို ကျေးဇူးပါ။

    ReplyDelete
  2. Anonymous11:15 PM

    Everychild can see what you are meaning and writing.LUTTAW and PRESIDENT ?
    LTW want more share of power and President is struggling. Clear view.
    LTW make too many meeting(urgent call,casual call and regular call etc...)(some unnecessaries)
    Don't you feel tired to remind or pinpoint from constructive views?
    Up to highshool, I learnt history of myanmar.Then I've been in abroad and on facebook,I finally realized
    the minds of typical myanmar is 90 percent negative view.
    You may get wet if you went near water.
    And please! carry on .I would very much like to read your views and thoughts.
    You are optimist who dare to point out.
    Have a good day!

    ReplyDelete
  3. ၀န်ကြီးတွေ ၊လူကြီးတွေ အိပ်ထဲမှာရှိတဲ့ တစ်ထောင်တန် တစ်ရွက်က အပြင်ထွက်ဖို့ မလွယ်ဘူးဗျ ။(သုံးမကုန်ဘူးပေါ့ဗျာ) ဆင်းရဲသားလက်ထဲမှာရှိတဲ့တစ်ထောင်တန်ကတော့ ရှာရင်ခက်ခက်ခဲခဲရှာရပြီး ထွက်ဖို့ အပေါက်တွေကလဲများမှများ ။အိပ်ထဲထည့်ဖို့တော့ ယောင်လို့တောင်မစဉ်းစားနိုင်ဘူး ။

    ReplyDelete
  4. Anonymous11:42 PM

    ဆရာခင်ဗျား. အစိုးရက အရှုံးပေါ်တယ်ဆိုတာ လျှပ်စစ်မီးအသုံးပြုနိုင်တဲ့ပြည်သူ ၃၀% အတွက်ကျန် ၇၀%သောပြည်သူများမှ ကျခံပေးနေရသည်ဟု သုံးသပ်မိပါသည်။ တရားမျှတမှုမရှိဟုထင်မြင်မိပါသည်။ဆရာ၏အမြင် သိချင်ပါတယ်။

    ReplyDelete

 
Web Statistics