Friday, March 21, 2014

စိတ်ဝင်စားတယ်....



လစ်လပ်လွှတ်တော်ကိုယ်စားလှယ် နေရာ ၃၀ အတွက် ကြားဖြတ်ရွေးကောက်ပွဲတွေ ပြုလုပ်သွားမယ်လို့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကြီးက ပြောတာကို ကျွန်တော် စိတ်ဝင်စားတယ်။

မကြာခင် ကောက်ယူတော့မယ့် သန်းခေါင်စာရင်း ကောက်ယူမှုကို သူတို့နယ်မြေထဲမှာ ခွင့်ပြုမှာ မဟုတ်ဘူးလို့ KIO က ဘာကြောင့် ပြောသလဲဆိုတာကို ကျွန်တော် စိတ်ဝင်စားတယ်။

ကမ္ဘာ အမှန်သိစေဖို့ Facebook ကိုယ်စီ သုံးကြစို့လို့ ပြောခဲ့တဲ့ ဦးဝီရသူရဲ့ စကားကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

နယ်စည်းမခြားဆရာဝန်များအဖွဲ့ကို ရခိုင်ပြည်နယ်မှာ လုပ်ငန်းဆောင်ရွက်ခွင့် မပြုဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးလောက်ကလွဲပြီး ကျန်တဲ့လူတွေအားလုံးက မီတာခတွေ တိုးကောက်မှာကို သဘောတူ အတည်ပြုခဲ့တယ်ဆိုတဲ့ ဆုံးဖြတ်ချက်အပေါ် ပါတီတစ်ခုက အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ဦးဆောင်ကန့်ကွက်သွားမယ် ဆိုတဲ့ကိစ္စကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

မလေးရှားလေယာဉ် ပျောက်ဆုံးမှုက ကမ္ဘာလုံးဆိုင်ရာ သတင်းတစ်ပုဒ် ဖြစ်နေပြီး အခုအချိန်အထိ ရှာမတွေ့သေးတာကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

လွှတ်တော်ရှေ့မှာရှိနေတဲ့ ခြင်္သေ့ကြီးတွေမှာ အထီး/အမ အင်္ဂါ ပါတယ်၊ မပါဘူးဆိုပြီး သတင်းလုပ်နေ၊ ငြင်းခုန်နေတဲ့ မြန်မာ့နိုင်ငံရေးကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

စာပေဟောပြောပွဲဆိုတဲ့ ခေါင်းစဉ်အောက်မှာ အစိုးရမကောင်းကြောင်း၊ ဒေါ်စုသာ ကယ်တင်ရှင် ဖြစ်ကြောင်း၊ ၂၀၁၅ ခုနှစ်မှာ ပြည်သူတွေ အကင်းပါးကြဖို့လိုကြောင်း စသည် စသည်ဖြင့် ပြောဆို စည်းရုံး မဲဆွယ်နေကြတဲ့ ဟောပြောပွဲတွေကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

မျိုးစောင့်ဥပဒေဟာ မြန်မာနိုင်ငံအတွက် မရှိမဖြစ် လိုအပ်တယ်လို့ ပြောနေကြသူတွေနဲ့ အဲဒီဥပဒေဟာ အပေါက်စောင့်ဥပဒေပဲလို့ ဝေဖန်နေကြသူတွေအကြား အငြင်းပွားကြ၊ စောင်းကြ၊ မြောင်းကြ၊ ပုတ်ခတ်ကြ၊ ဝေဖန်ကြ၊ ရေးသားကြ၊ ဆဲဆိုကြ၊ ကြိမ်းမောင်းကြ၊ လက်ခမောင်းခတ်ကြ၊ ..... ကြတာကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

အခြေခံဥပဒေကို မပြင်ဆင်ပေးရင် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲဟာ တရားမျှတတဲ့ ရွေးကောက်ပွဲ မဖြစ်နိုင်ဘူးလို့ နှပ်ကြောင်းပေးလာကြတာကိုလည်း ကျွန်တော်စိတ်ဝင်စားတယ်။

လွှတ်တော်ကိုယ်စားလှယ်များ ပြန်လည်ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို ပြဋ္ဌာန်းဖို့အတွက် ပြည်ထောင်စု လွှတ်တော်က ကြိုးပမ်းနေကြပြီဆိုတဲ့ သတင်းနဲ့အတူ အဲဒီဥပဒေထဲမှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ပြန်လည်ရုပ်သိမ်းဖို့အတွက် တိုင်တန်းနိုင်တယ် ဆိုတဲ့ပြဋ္ဌာန်းချက် ပါတယ်ဆိုတာကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

အမေရိကန်နဲ့ အပေါင်းအပါတွေက ကန့်ကွက်နေတဲ့ကြားက ခရိုင်းမီးယားဒေသကို ရုရှားပိုင်နက်ထဲ ထည့်သွင်းကြောင်း အတည်ပြု လက်မှတ်ရေးထိုးခဲ့တဲ့ သမ္မတပူတင်ရဲ့ လုပ်ရပ်ကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

သူတို့သာလျှင် အယုံကြည်ရဆုံး မီဒီယာပါလို့ ကြွေးကြော်ထားတဲ့ မီဒီယာတစ်ခုနဲ့ အခြားမီဒီယာတွေ တိတ်တိတ်ပုန်း နည်းလမ်းတွေနဲ့ အပြန်အလှန် ဖဲ့ကြ၊ ဆော်ကြ၊ နှက်ကြ၊ ထိုးကြ၊ ကစ်ကြ၊ ညစ်ကြ၊ ခြေထိုးကြ၊ အဆင်းတွန်းကြ၊ နောက်ကြောဓားနဲ့ထိုးကြ၊ ချောင်းရိုက်ကြ၊ စတာတွေကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။

ကျွန်တော့်ဘလော့ဂ်ကို လာဖတ်ကြတဲ့သူတွေရဲ့ အမြင်တွေ ဘယ်လိုရှိသလဲ ဆိုတာကိုလည်း ကျွန်တော် စိတ်ဝင်စားတယ်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်၊ သောကြာနေ့။
နံနက် ၇ နာရီ ၅၄ မိနစ်တွင်ပြီး၏။

3 comments:

  1. Anonymous4:41 PM

    ကိုဥာဏ်ရဲ့ဆောင်းပါးတွေကို အရမ်းနှစ်သက်တဲ့ ပရိတ်သတ်တစ်ယောက်ဆိုရင် မမှားပါဘူး၊
    အစွဲလွတ်ကင်းကင်း အတွေးရိုးရှင်းစွာနဲ့ စာဖတ်သူနဲ့ ရင်ဘတ်ခြင်း ဂျက်ပင်ထိုးထားသလိုပါပဲ။
    လေးစားတန်ဘိုးထားစွာဖြင့် ကိုဥာဏ်ရဲ့ အယူအဆ၊ အမြင်၊ အတွေးအခေါ် တင်ပြမှုတွေကို
    စောင့်ကြိုနေပါဦးမယ်။
    (လုလင်)

    ReplyDelete
  2. Anonymous10:04 AM

    တကယ်နားမလည်လို့ပါ။ အပေါ်က အင်္ဂလိပ်စာကို ဘာသာပြန်ပေးပါ။ ကျေးဇူးတင်ပါတယ်

    ReplyDelete
  3. Anonymous1:31 AM

    ပျင်းရိငြီးငွေ့စေချင် ရင် တော့ မင်းအ ကြောင်းကို
    ပြောပေါ့ကွာ။ (တကယ်လို့) စိတ်ဝင် စားစေချင်
    တယ် ဆိုရင်တော့ မင်းအ ကြောင်းကလွဲပြီး၊
    (တခြား) တစ်ခုခုကို ပြောပေါ့။

    ReplyDelete

 
Web Statistics