Friday, March 21, 2014

UEFA Champions League Quarter Finals Draw






ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲဟာ အသင်း ၈ သင်းသာ ကျန်ရစ်တော့တဲ့ ကွာတားဖိုင်နယ် အဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။ ဘယ်အသင်းတွေ ယှဉ်ပြိုင်ကစားရမယ်ဆိုတာ ဒီကနေ့ မဲနှိုက်တဲ့အခါ ခန့်မှန်းထားသူတွေ အံ့သြသွားစေမယ့် အတွဲအဖက်တွေကို မြင်တွေ့ခဲ့ရပါတယ်။ နိုင်ငံတူအသင်း ၇ သင်း ပါရှိနေတဲ့အနက် ၃ သင်းပါတဲ့ စပိန်ကလပ်အသင်းတွေပဲ အချင်းချင်း ပြန်တွေ့ခဲ့ကြပြီး ကျန်တဲ့အသင်းတွေကတော့ နိုင်ငံတူချင်း ပြန်ကျမယ့် ပွဲစဉ်တွေကို ရှောင်ရှားနိုင်ခဲ့ကြပါတယ်။ အင်္ဂလန်ကလပ် အသင်းတွေဖြစ်တဲ့ မန်ယူနဲ့ ချဲလ်ဆီးတို့ ပြန်ဆုံကြမယ့် အဖြစ်က လွဲခဲ့ရသလို ဂျာမန်အသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဒေါ့မွန်တို့လည်း အချင်းချင်း မဆုံခဲ့ကြပါဘူး။ ကံဆိုးသူများအဖြစ် စပိန်ကလပ်အသင်းချင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ အတ္တလက်တီကိုမက်ဒရစ်တို့ ဆုံကြတဲ့ပွဲကတော့ စိတ်ဝင်စားစရာပါ။ တစ်သင်းအထာကို တစ်သင်းက နောကျေနေအောင် သိနေကြသူတွေမို့ ပြောရခက်တဲ့ ပွဲစဉ်တစ်ခုပါပဲ။ မန်ချက်စတာယူနိုက်တက်နဲ့ ဘိုင်ယန်မြူးနစ်တို့ ပြန်ဆုံကြတဲ့ ပွဲစဉ်ကလည်း အများစိတ်ဝင်စားမှု ရရှိခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ မန်ယူအသင်းက နောက်ဆုံးမိနစ်မှာ ၂ ဂိုးဆက်သွင်းပြီး အသည်းခွဲခဲ့တဲ့ သမိုင်းကြောင်းကို ပြန်သတိရသူတွေရှိသလို၊ ၂၀၀၉-၂၀၁၀ ရာသီမှာ ရော်ဘင်ရဲ့ဂိုးကြောင့် ကွာတားအဆင့်မှာ အသည်းကွဲပြီး ကျန်ခဲ့ရတဲ့ မန်ယူအသင်းကို ပြန်အစဖော်သူတွေလည်း ရှိကြပါတယ်။ ဘာပဲဖြစ်ဖြစ် ကွာတာအဆင့် ပွဲစဉ်တိုင်းကတော့ စိတ်လှုပ်ရှားမှု ပေးစွမ်းနိုင်ဦးမှာ အသေအချာပါပဲ။

ဧပြီလ ၁ ရက်နေ့ပွဲစဉ်များ
ဘာစီလိုနာ - အတ္တလက်တီကို
ရီးရဲလ်မက်ဒရစ် - ဒေါ့မွန်

ဧပြီလ ၂ ရက်နေ့ပွဲစဉ်များ
ပီအက်စ်ဂျီ - ချဲလ်ဆီး
မန်ယူ - ဘိုင်ယန်မြူးနစ်

ဧပြီလ ၈ ရက်နေ့ပွဲစဉ်များ
ချဲလ်ဆီး - ပီအက်စ်ဂျီ
ဘိုင်ယန်မြူးနစ် - မန်ယူ

ဧပြီလ ၉ ရက်နေ့ပွဲစဉ်များ
အတ္တလက်တီကို - ဘာစီလိုနာ
ဒေါ့မွန် - ရီးရဲလ်မက်ဒရစ်

ဘယ်အသင်းတွေ အနိုင်ကျဲပြီး ဆီးမီးဖိုင်နယ်အဆင့်ကို ရောက်လာဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ အခု အနေအထားအရ ဘယ်အသင်းမျှ အပိုင်ပြောလို့ မရတဲ့ အခြေအနေပါ။ ဘက်မျှတဲ့ အတွဲအဖက်တွေ တွေ့ကြတယ်လို့ ပြောနိုင်ပါတယ်။ ဆီးမီးဖိုင်နယ် ပွဲစဉ်တွေ မဲခွဲဆုံးဖြတ်ဖို့အတွက် ဘယ်အသင်း ၄ သင်း ကျန်ရစ်ခဲ့မလဲဆိုတာ အခုလာမယ့် ကွာတားဖိုင်နယ် ပွဲစဉ်တွေကို စောင့်မျှော်ကြည့်ရှုရင်း ရင်ခုန်ခံစားကြပါဦးစို့....။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၄ ခုနှစ်၊ မတ်လ ၂၁ ရက်၊ သောကြာနေ့။
ည ၈ နာရီ ၄၆ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics