Tuesday, September 11, 2007

ထိုက်တန်သော မြန်မာအသင်း၏ အောင်ပွဲ


အခုပဲ အာစီယံ ချန်ပီယံရှစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ ပြီးသွားပါတယ်။ မြန်မာက တစ်ဂိုး ဂိုးမရှိနဲ့ နိုင်သွားပါတယ်။ အတော်ကို ပျော်ဖို့ကောင်းပါတယ်။ တစ်ပွဲလုံးကို အားမလိုအားမရနဲ့ ကြည့်ခဲ့ရတာ အဲဒီတစ်ဂိုးနဲ့တင် တန်ပါတယ်။ ကျွန်တော့်မှာ လက်ခုပ်တွေတီးလိုက်ရတာ၊ ပါးစပ်က အော်လိုက်ရတာ လည်ချောင်းတွေတောင် နာတယ်။ ဒါမှ ငါတို့ မြန်မာကွ ဆိုပြီး ကိုယ်ကန်တာလည်း မဟုတ်ဘဲနဲ့ အသားလွတ် ဂုဏ်ယူလိုက်ပါသေးတယ်။ အို… ဒါလည်း ကျွန်တော်တို့ မြန်မာအသင်းပဲနော်။ အားပေးရမှာပေါ့။

ထိုင်းအသင်းက တစ်ပွဲလုံးကို တိုက်စစ်နဲ့ ဖိကစားသွားပါတယ်။ မြန်မာကတော့ တန်ပြန်တိုက်စစ်ပုံစံနဲ့ ကစားခဲ့ပါတယ်။ ချီးကျူးတာတစ်ခုကတော့ မြန်မာအမျိုးသမီးဘောလုံးသမားတွေဟာ မခိုမကပ်တာပါပဲ။ အားလုံး ဟာ တစ်ကွင်းလုံးကို လပ်သွားတဲ့နေရာတွေမှာ လိုက်ကစားပေးကြပါတယ်။ မောနေလို့၊ နာနေလို့၊ ကိုယ့်နေရာ မဟုတ်လို့ ဆိုတာ မရှိဘဲ ရှေ့တန်းကလည်း နောက်တန်းအထိ လိုက်ဖျက်၊ အလယ်တန်းကလည်း ဘယ်ညာ လိုက်ကစားနဲ့ အတော်ကို ချီးကျူးမိပါတယ်။ ဘောလုံးပွဲကြည့်နေကျလူတွေဆိုရင် အလိုလို မြင်နိုင်တဲ့ အချက်တစ်ခုကိုလည်း တွေ့ရပါတယ်။ ထိုင်းအသင်းဟာ သရေအဆင့်ကို အဓိကထားပြီး ယှဉ်ပြိုင်ကစားနေပေ မယ့် မြန်မာအသင်းကတော့ နိုင်လိုစိတ်ပြင်းပြစွာနဲ့ ကစားခဲ့တာဖြစ်ပါတယ်။ ထိုင်းအသင်းဟာ အိမ်ရှင်အသင်းကို သရေကစားတာနဲ့တင် အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တစ်ဆင့်တက်မှာ ဖြစ်တဲ့အတွက် အားကြိုးမာန်တက် ကစားခဲ့ တာ မတွေ့ရပါဘူး။ ပွဲကို ပုံမှန်ပဲ ထိန်းကစားခဲ့တာ တွေ့ရပါတယ်။ ဒီပွဲမှာ ချီးကျူးမိတာက မြန်မာအသင်း နည်းပြဆရာကိုပါ။ သူ့ရဲ့ ကစားကွက်နည်းဗျူဟာ မှန်ကန်ခဲ့ပါတယ်။ မြန်မာအသင်းဟာ တိုက်စစ်ကို အဓိက မဟုတ်ဘဲ ခံစစ်အသားပေး၊ တန်ပြန်တိုက်စစ် ပုံစံနဲ့ ကစားခဲ့ပါတယ်။ တစ်ဖန် အရင်နှစ်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ အေးနန္ဒာလှိုင်ကိုလည်း အနားပေးထားသလို ကစားခဲ့ပါတယ်။ အရင်နှစ်ပွဲတုန်းက အသင်းရဲ့ ဘယ်ဖက်ခြမ်းကနေ အဓိက တိုက်စစ်ဆင်ခဲ့တဲ့ မြန်မာအသင်းဟာ ဒီနေ့ပွဲမှာ အံ့သြလောက်အောင်ကို ဘယ်ဖက်ခြမ်းကို လုံးဝ မသုံးခဲ့ပါဘူး။ ညာဖက်ခြမ်းတွေကပဲ အဓိကကစားခဲ့ပါတယ်။ အေးနန္ဒာလှိုင်ဟာ အရင်နှစ်ပွဲမှာ အတော်ကို ပင်ပန်းမှာ သေချာပါတယ်။ သူ့ရဲ့ ဘယ်ဖက်ခြမ်းကနေ ဖြတ်တင်ဘောတွေဟာ ကြည့်ရှုသူတိုင်းကို သတိမထား မိဘဲ မနေနိုင်အောင်ကို ပြောင်မြောက်လှပါတယ်။ နောက်ပွဲတွေအတွက် သူ့ကို အနားပေးရင်း ညာဖက်ခြမ်းကို ဗျူဟာ စမ်းသပ်ခဲ့တယ်လို့ ကျွန်တော်ကတော့ ထင်မိပါတယ်။ နောက်တစ်ဖန် လူစားလဲခဲ့တဲ့ မာဂရက် မာရီ ကလည်း လူစားလဲရကျိုးနပ်အောင် အနိုင်ဂိုးကို သွင်းပြပေးခဲ့ပါတယ်။ ဂိုးသမားထွက်လာတာကို အသာကလေး ဘောလုံးကို လှမ်းထိပြီး ထွက်သွား၊ ပြီးမှ ဘယ်ခြေနဲ့ လှမ်းကန်လိုက်တာဟာ အတော်ကို အဆင့်အတန်း မြင့်ပါတယ်။

ပွဲပြီးခါနီးမှာ ထိုင်းအသင်းကတစ်ယောက် တိုက်ရိုက်အနီကတ် အပြခံခဲ့ရပါတယ်။ လဲကျနေတဲ့ မြန်မာအသင်း ကစားသမားရဲ့ခေါင်းကို ဘောလုံးကန်ဖိနပ်နဲ့ တမင်ရည်ရွယ်ချက်ရှိရှိ တက်နင်းခဲ့ခြင်းပါပဲ။ အတော်ကို ရုပ်ဆိုး သလို လုပ်လည်း မလုပ်သင့်တဲ့ ကိစ္စဖြစ်ပါတယ်။ တစ်လုံးတည်းရိုက်တဲ့ ကင်မရာမှာကို အထင်အရှား မြင်လိုက်ကြရတာပါ။ ထိန်းချုပ်မှုဆိုတာ အဲဒီနေရာမှာ စကားပြောပါတယ်။ ကိုယ်က ရှုံးနိမ့်နေတာလည်း မဟုတ်၊ ပြီးတော့ ကိုယ့်အိမ်ကွင်းလည်း မဟုတ်၊ ကိုယ်က အမျိုးသမီးဆိုတာကလည်း ထည့်တွက်ရဦးမယ်။ သူ့ရဲ့ လုပ်ရပ်အတွက် သူပြန်ပြီး ပေးဆပ်သွားခဲ့ရတာဟာ သူ့အတွက်တင်မဟုတ်ဘဲ သူ့အသင်းအတွက်ပါ မကောင်း ဘူးဆိုတာ အခုလောက်ဆိုရင် သူသိလောက်ပါပြီ။ သူများလုပ်ရင် ကိုယ်တွေမကြိုက်တဲ့အတွက် ကိုယ့်မြန်မာ ကစားသမားတွေလည်း ရှုံးနိမ့်နေတဲ့အခါ စိတ်လိုက်မာန်ပါ မလုပ်မိဖို့ တားလိုက်ချင်ပါသေးတယ်။ ကျွန်တော်တို့ မြန်မာကလည်း ဇ က မသေးဘူးလေ။ ရှုံးပြီဆိုရင် နည်းနည်း ညစ်ချင်တဲ့အကျင့်က မပျောက်သေးပါဘူး။ အချိန်ယူ ပြီး သင်ပြ၊ ပြောပြ၊ ပညာပေးသင့်တဲ့ ကိစ္စလို့ မြင်မိပါတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးတော့ အစွာကြီးစွာနေတဲ့ ထိုင်းအသင်းဟာ မြန်မာအသင်းကို အရှုံးပေးခဲ့ရပါတယ်။ မြန်မာ အိမ်ရှင်မို့လို့ နိုင်ခဲ့တာမဟုတ်ပါဘူး။ တစ်ပွဲလုံးကို သူတို့ကသာ ဖိကစားထားခဲ့တာပါ။ မြန်မာဖက်က ဒိုင်လူကြီးပါလို့ နိုင်ခဲ့တာ မဟုတ်ပါဘူး။ အိန္ဒိယ ဒိုင်လူကြီးဟာ တစ်ပွဲလုံးကို အကောင်းဆုံး ကိုင်တွယ်သွားပါတယ် အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တစ်ခုမှ သူမလုပ်ခဲ့ပါဘူး။ ကောက်ချက်ချရရင် မြန်မာအသင်းရဲ့ နိုင်လိုစိတ်ဟာ မြန်မာအသင်းကို အနိုင်အောင်ပွဲဆီ ဆွဲခေါ်သွားတာဖြစ်ပါတယ်။ အိမ်ရှင်ပရိသတ်ရှေ့မှာ ငါတို့တွေ အနိုင်ရအောင် ကစားပြမယ်ဆိုတဲ့စိတ်ဓာတ်ကို ထိုင်းအသင်း မနိုင်ခဲ့ပါဘူး။ တစ်သင်းလုံး မခိုမကပ်ဘဲ ကိုယ့်နိုင်ငံရဲ့ ဂုဏ်အတွက် မီးကုန်ယမ်းကုန် ကစားခဲ့တဲ့ မြန်မာအသင်းကို ထိုင်းအသင်း မယှဉ်နိုင်ခဲ့ပါဘူး။ ဆိုတော့ မြန်မာအသင်းရဲ့ အောင်ပွဲဟာ စိတ်ဓာတ်အောင်ပွဲဖြစ်ပါတယ်။ မြန်မာတို့ရဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ကို ထိုင်းတို့ ဘယ်လိုမှ မမီဘူး ဆိုတာ ဒီဘောလုံးပွဲကြည့်ခဲ့တဲ့သူတိုင်း အမှတ်ထင်ထင် သတိထားမိမှာပါ။

အုပ်စုတွင်းမှာ ရှုံးပွဲမရှိ၊ ပေးဂိုးမရှိ၊ သွင်းဂိုး ၁၁ ဂိုး၊ ရမှတ် ၉ မှတ်နဲ့ အုပ်စုပထမအဆင့်ကနေ နောက်တစ်ဆင့်ကို တက်ရောက်သွားပြီဖြစ်တဲ့ မြန်မာအသင်းရဲ့ ဆီမီးဖိုင်နယ်ပွဲစဉ်တွေ၊ နောက်ဆုံးဗိုလ်လုပွဲ ပွဲစဉ်တွေကို ဆက်လက်ကြည့်ရှုရင်း မြန်မာနိုင်ပြီ သီချင်းကို ပြိုင်တူသီဆိုကြပါစို့လို့ တိုက်တွန်း လိုက်ပါရစေလားခင်ဗျာ….

မြန်မာနိုင်ပြီ…

တို့မြန်မာနိုင်ပြီ…

အမှတ်တရ

ကိုဉာဏ် (ပန်းလောင်မြေ)

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့

(၁၇၅၀) နာရီချိန် မြန်မာ-ထိုင်း ဘောလုံးပွဲအပြီးတွင် အမှတ်တရ ရေးဖွဲ့ပါသည်။

No comments:

Post a Comment

 
Web Statistics