Monday, September 28, 2009

Game Theory က ပေးသော သင်ခန်းစာ - နေသန်မောင်၊ အောင်ထွဋ်


(၁) နေသန်မောင်၏ Game Theory
နိုင်ငံရေးသိပ္ပံပညာရှင် ရောဘတ်တက်ကာက Prisoner’s Dilemma ဟူသော နိုင်ငံရေးသဘောတရားတစ်ခုကို ၁၉၅၀ ၀န်းကျင်တွင် စတင်ဖော်ထုတ်ခဲ့သည်။ ယင်းသီအိုရီသည် ရီရယ်လစ်ဇင် သဘောတရားများနှင့် လစ်ဘရယ်အတွေးအခေါ်တို့ ရောနှောထားပြီး လူသား၏ အရက်စက်ဆုံးသော အမှန်တရားအပေါ် လက်တွေ့အကျဆုံး တွက်ချက်မှုများဖြင့် အခြေခံထားသည်။

တက်ကာ၏ Prisoner’s Dilemma ဆိုင်ရာ ရှင်းလင်းချက်မှာ လူနှစ်ဦးအား ရဲက ပြစ်မှုတစ်ခုအတွက်ဖမ်းဆီးပြီး ပြစ်မှုကို တစ်ယောက်ယောက်က ကျူးလွန်ကြောင်း ၀န်ခံစေလိုသည့်အခါ Prisoner’s Dilemma ဂိမ်းကို သုံးခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူနှစ်ဦးကို သီးခြားစီ ချုပ်နှောင်ထားပြီး ရဲက တစ်ယောက်ချင်းစီကို ကမ်းလှမ်းမှုတစ်ခု လုပ်သည်။ ကျူးလွန်သော ပြစ်မှုအတွက် ၀န်ခံပါက ထောင်အနှစ် ၂၀ ကျခံရမည်ဖြစ်သည်။ ကမ်းလှမ်းမှု (၁)မှာ မိမိအတွက် ၀န်မခံဘဲ အခြားတစ်ယောက် ကျူးလွန်သည်ဟုဆွဲချပါက တစ်ဖက်မှ အစွပ်စွဲခံရသူက ထောင်ဒဏ် ၁၀ နှစ် ကျခံရမည်ဖြစ်ပြီး ကိုယ်လွတ်ရုန်းသူက အမှုမှ ကွင်းလုံးကျွတ် လွတ်မည်ဖြစ်သည်။

(၂)အရ နှစ်ဦးကိုယ်လွတ်ရုန်းပါက ထောင်ဒဏ်ငါးနှစ်စီ ကျခံရမည်။ (၃)အရ နှစ်ဖက်စလုံးမှ ဘာတစ်ခုမှ မပြောဘဲ ရေငုံနှုတ်ပိတ်နေပါက ထောင်ဒဏ်ခြောက်လစီ ကျခံရမည်ဖြစ်သည်။ ရောဘတ်တက်ကာ၏ အဆိုပါ သီအိုရီအပေါ် အဖမ်းခံရသူနှစ်ဦးက မည်သို့မည်ပုံ တုံ့ပြန်မည်နည်းဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းပါသည်။ အဘယ့်ကြောင့်ဆိုသော် ယင်းဂိမ်းအား တစ်ကြိမ်တည်းသာ ကစားခွင့်ရှိသောကြောင့် ဖြစ်သည်။

ယင်း Prisoner’s Dilemma ဂိမ်းအရ အကျဉ်းသားနှစ်ဦးစလုံး တစ်ဦးကိုတစ်ဦး ချောက်တွန်းခြင်းသည်သာ ပြစ်ဒဏ်ခံရမှု အနည်းဆုံးဖြစ်သည်။ တစ်ဖက်က ရေငုံနှုတ်ပိတ်နေပါက ကျန်တစ်ဖက်က ကွင်းလုံးကျွတ်သွားနိုင်ပြီး မိမိမှာ ထောင် ၁၀ နှစ် ကျမည့်ကိန်း ဖြစ်သည်။ ရည်ရွယ်ချက်မှာ နှစ်ဖက်စလုံးက ဖြစ်နိုင်သည့်လမ်းကို လိုက်ပြီး သက်သာမှုရှိသည့်နည်းကို ရွေးချယ်သည့် လူတို့၏ သဘောတရားကို စစ်ဆေးခြင်း ဖြစ်သည်။

ဖမ်းခံရသူ(၂) ရေငုံနှုတ်ပိတ်ဖမ်းခံရသူ(၂) ကိုယ်လွတ်ရုန်း
ဖမ်းခံရသူ(၁) ရေငုံနှုတ်ပိတ်တစ်ဦးစီ ထောင်ခြောက်လ ကျခံဖမ်းခံရသူ(၁) ၁၀ နှစ်ကျ
ဖမ်းခံရသူ(၂) ကွင်းလုံးကျွတ်
ဖမ်းခံရသူ(၁) ကိုယ်လွတ်ရုန်းဖမ်းခံရသူ(၁) ကွင်းလုံးကျွတ်
ဖမ်းခံရသူ(၂) ၁၀ နှစ်ကျ
တစ်ဦးစီ ငါးနှစ်စီ ကျခံ


ယင်း Prisoner’s Dilemma ဂိမ်းအား တရုတ်-အမေရိကန် နှစ်နိုင်ငံအကြား ကုန်သွယ်ရေးပြုလုပ်မည့် အကြောင်းအရာပေါ် ဥပမာထား တွက်ချက်ကြည့်သင့်ပါသည်။ အမေရိကန်ဘက်မှ ကုန်သွယ်ရေးတွင် အထက်စီးရမှုကိုသာ လိုလားမည်ဖြစ်ပြီး တရုတ်တို့ဘက်မှ ရှုံးနိမ့်မှုကိုသာ မြင်စေချင်သည်။ ယင်းမှာ ပထမဦးဆုံးသော ရွေးချယ်မှုဖြစ်သည်။ လက်တွေ့တွင် ယင်းသို့ မဖြစ်နိုင်သည့်အခါ နောက်ထပ်ရွေးချယ်စရာ နှစ်နည်းရှိနေသေးသည်။ လွတ်လပ်စွာ ကုန်သွယ်ရေးနှင့် ကုန်သွယ်ရေးလုပ်ချင်လုပ်၊ မလုပ်ချင်နေဆိုသည့်နည်းတို့ ဖြစ်သည်။

ထိုနှစ်နည်းမှာ ရေငုံနှုတ်ပိတ်နေပါက ခြောက်လသာ ကျခံရမည့်နည်းနှင့် ကိုယ်လွတ်ရုန်းပါက ငါးနှစ်စီကျခံရသော နည်းတို့ဖြစ်သည်။
လွတ်လပ်စွာကုန်သွယ်ရေးအမေရိကန်အသာစီး
လွတ်လပ်စွာကုန်သွယ်ရေးလွတ်လပ်စွာကုန်သွယ်ရေးံအမေရိကန်အသာစီး
တရုတ်ရှုံးနိမ့်
တရုတ်အသာစီး ကုန်သွယ်ရေးအမေရိကန်ရှုံးနိမ့်
တရုတ်အသာစီး
နှစ်ဖက်စလုံး ကုန်သွယ်မှု ပြုချင်ပြု - မပြုချင်နေ


ပဋိပက္ခဖြစ်သည့် ဘက်နှစ်ဖက်သည် နံပါတ်(၁)ကို ရွေးချယ်စရာအဖြစ် ပထမဦးဆုံး ရွေးချယ်ကြသည်။ ယင်းမှ တစ်ဖက်သတ် အပြတ်အနိုင်ရရေးဖြစ်သည်။ ယင်းနည်းလမ်း မအောင်မြင်သည့်အခါ ကျန်နှစ်နည်းကို စဉ်းစားလာရခြင်းဖြစ်သည်။ မြန်မာ့နိုင်ငံရေးတွင်လည်း Prisoner’s Dilemma ဂိမ်းကို ထည့်သွင်းစဉ်းစားသင့်သည်။

တပ်မတော်အစိုးရနှင့် အတိုက်အခံအင်အားစုတို့၏ နံပါတ်(၁) ရွေးချယ်မှုတို့သည် တစ်ဖက်မှ အပြတ်အနိုင်ရရေးကိုသာ ဆုပ်ကိုင်ထားသည်။ အဆိုပါ မပြေလည်နိုင်ခဲ့သော ပဋိပက္ခသည် ဆယ်စုနှစ် နှစ်ခုတိုင်ကြာမြင့်ခဲ့ပြီး အချိန်များ ကုန်ခဲ့သည်။ လမ်းကြောင်းမှန်သမျှ ပိတ်စေခဲ့သည်။

ဒုတိယနည်းမှာ နှစ်ဖက်စလုံးမှ တွေ့ဆုံဆွေးနွေးရေးနည်းဖြင့် ဖြေရှင်းကြရန်ဖြစ်သည်။ ယင်းမှာ တရုတ်-အမေရိကန် ကစားနည်းမှ လွတ်လပ်စွာကုန်သွယ်ရေး (Free Trade) ဖြစ်သည်။ ယင်းနည်းသည် နှစ်ဖက်စလုံးက တစ်ဖက်ကိုတစ်ဖက် ယုံကြည်မှုနည်းပါးသည့်အခါ ပေါ်ပေါက်ရန်ခဲယဉ်းသည်။ တစ်ဖက်ဖက်မှ အချိန်မရွေးဖောက်လာနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် နှစ်ဖက်စလုံး ရေငုံနှုတ်ပိတ်နေမည်၊ မနေမည်အပေါ် တစ်ဖက်ကိုတစ်ဖက် မယုံကြည်သောကြောင့် ဖြစ်သည်။ နောက်ထပ်စည်းမျဉ်းတစ်ခုမှာ ယင်းဂိမ်းကို တစ်ကြိမ်သာ ကစားရမည်ဆိုသည်ကို မေ့မထားရန်လိုသည်။

နောက်ဆုံးနည်းမှာ နှစ်ဖက်စလုံးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်စရာမလိုဘဲ ရွေးမည့်နည်းဖြစ်ပါသည်။ လမ်းညွှန်မြေပုံကို အကောင်အထည်ဖော်ခြင်း ဖြစ်သည်။ ရွေးကောက်ပွဲအရ မဲအများဆုံးဖြင့် ရွေးကောက်ခံရသူသည် လွှတ်တော်နှင့် အုပ်ချုပ်ရေးအာဏာကို ၇၅ ရာခိုင်နှုန်း ချုပ်ကိုင်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။ ထိုနည်းသည် နှစ်ဖက်စလုံးမှ ရှုံးရန်မရှိပေ။ ၂၀၁၀ ရွေးကောက်ပွဲနှင့် လာမည့်အသွင်ကူးပြောင်းရေးအား ဆန့်ကျင်ခြင်းသည်သာ အတိုက်အခံများဘက်မှ လုံးဝရှုံးမည့် ကစားနည်းဖြစ်သည်။

(၂) Game Theory ပေးသော သင်ခန်းစာ
အထက်တွင် ဖော်ပြထားသော အပိုင်း(၁)မှာ လွန်ခဲ့သောအပတ် The Voice Weekly 5-46 တွင် ဖော်ပြခဲ့သော နေသန်မောင်၏ Game Theory ဆောင်းပါး ကောက်နုတ်ချက်ဖြစ်ပါသည်။ The Voice Weekly 5-43 တွင် စာရေးသူ Game Theory ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပါသည်။ ယခုဆောင်းပါးကို အဆိုပါဆောင်းပါးနှင့် တွဲဖတ်လျှင် ပို၍ ပြည့်စုံပါလိမ့်မည်။ စာရေးသူ၏ ဆောင်းပါတွင် Game Theory ၏ အခြေခံသဘောတရားကို မရှင်းလင်းဘဲ ရေးလိုက်သောအချက်များကို နေသန်မောင်၏ ဆောင်းပါးတွင် အသေးစိတ် ရှင်းလင်းထားသောကြောင့် အဆိုပါ ဆောင်းပါးနှစ်ပုဒ်ကို တွဲဖတ်ရန် စာဖတ်သူများအတွက် ပြန်လည်ဖော်ပြရန် သင့်လေမည်လားဟုပင် စာရေးသူ တွေးမိပါသည်။ Game Theory ၏ Lesson Learnt ခေါ် သင်ခန်းစာများကို ထပ်မံဖြည့်စွက်၍ ရေးသားလျှင် ကောင်းမည်ဟု စိတ်ကူးရမိ၍ ယခုအပိုင်း(၃)ကို ထပ်မံဖြည့်စွက်လိုက်ပါသည်။
အစိုးရ၏ တွေ့ဆုံဆွေးနွေးခြင်းအစိုးရ၏ အာဏာရလိုမှု
အတိုက်အခံ၏ တွေ့ဆုံဆွေးနွေးခြင်းနှစ်ဖက်သာတူညီမျှ တွေ့ဆုံဆွေးနွေးရေးအစိုးရ အသာစီး
အတိုက်အခံ ရှုံးနိမ့်
အတိုက်အခံ၏ အာဏာရလိုမှုအစိုးရ ရှုံးနိမ့်
အတိုက်အခံ အသာစီး
လမ်းညွှန်မြေပုံကို အကောင်အထည်ဖော်သည့် ရွေးကောက်ပွဲ


နေသန်မောင်၏ Game သီအိုရီဆောင်းပါးတွင် အဆိုပါ Game ကို ကစားရန် ထည့်သွင်းထားသော ကန့်သတ်ချက်များ ဖော်ပြထားသည်ကို စာဖတ်သူများ ဖတ်ရှုမိပါလိမ့်မည်။ ၎င်းတို့မှာ -
(၁) တစ်ကြိမ်သာ ကစားခွင့် ရှိသည်။
(၂) အပြန်အလှန် တွေ့ဆုံညှိနှိုင်းခွင့်ကို ဖြတ်တောက်ထားသည်။
(No Dialogue – No Conversation)
(၃) တစ်ဦးနှင့်တစ်ဦး တစ်နေရာစီခွဲ၍ ချုပ်ထားသည်။
(No Transparency)

တစ်နည်းအားဖြင့် Game သီအိုရီအရ နှစ်ဖက်အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု (ဇယားတွင် အရောင်ရင့်ဖြင့် ပြထားသောအပိုင်း) ရရှိရန်အတွက် အောက်ပါတို့ လိုအပ်သည်ဟု Game Theory က သုံးသပ်ထားပါသည်။

(၁) တစ်ကြိမ်မက အကြိမ်ကြိမ် စမ်းသပ်ကစားခဲ့လျှင်
(၂) အပြန်အလှန်ဆက်သွယ်မှု၊ ဆက်ဆံမှု၊ ညှိနှိုင်းမှု
(၃) သတင်းအချက်အလက်များ မြင်သာထင်သာရှိမှု၊ တစ်ဖက်၏ ခြေလှမ်းကို အခြားတစ်ဖက် မြင်သာထင်သာ ရှိမှု
(၄) Trust ခေါ် အပြန်အလှန်ထားရှိသော ယုံကြည်မှု

အမှန်အားဖြင့် ဆောင်းပါးနှစ်ပုဒ်က Game Theory ဖြင့် နှိုင်းယှဉ်ဖော်ပြသော မြန်မာနိုင်ငံ၏ နိုင်ငံရေး Statue-quo သည် တစ်ကြိမ်သာမက နှစ်ပေါင်း ၂၀ ကျော် အကြိမ်ပေါင်းများစွာ ကစားထားသော Game ဖြစ်၍ သင်ခန်းစာယူမည်ဆိုလျှင် ရယူနိုင်သောသင်ခန်းစာများ ရှိပါသည်။ ထို့ထက်ပို၍ ပြောရလျှင် ဆောင်းပါးများတွင် စမ်းသပ်ထည့်သွင်းထားသော ကန့်သတ်ချက်များဖြစ်သည့် Conversation Dialogue, Transparency နှင့် Trust စသည်များသည် နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း တည်ဆောက်ခဲ့ပြီးဖြစ်ရမည့်အရာများလည်း ဖြစ်ပေသည်။ အထက်ပါ ကိစ္စရပ်များကို “ကြက်ဥနှင့်ကြက်မ” သဖွယ်သဘောထားခဲ့လျှင် ကြက်ဥ အရင် သို့မဟုတ် ကြက်မ အရင် စဉ်းစားစရာများ ရှိလာမည်ဖြစ်ပြီး “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဟုသာ အဖြေထွက်လိမ့်မည် ဖြစ်ပါသည်။

ဒီမိုကရေစီအင်အားစုများက အမြဲလိုပြောလေ့ရှိသော “တွေ့ဆုံဆွေးနွေးရေးတံခါး အမြဲဖွင့်ထားပါတယ်” ဆိုသော စကားသည် သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါဟု ပြောနေခြင်းဖြစ်ပါသည်။ အထက်တွင် ဖော်ပြထားသော အချက်လေးချက်ကို တည်ဆောက်ရန် ကြိုးစားမှု တစ်စုံတစ်ရာရှိသည်ဟု စာရေးသူမထင်မိပေ။

အမျိုးသားစည်းလုံးညီညွတ်ရေးအလို့ငှာ မည်သို့သော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်လိုပါသည်ဟု တစ်ဖက်သတ် ကမ်းလှမ်းခဲ့လျှင် ဒီမိုကရေစီအင်အားစုများအနေဖြင့် ဆုံးရှုံးနစ်နာစရာမရှိဟု ထင်ပါသည်။ ထိုသို့သော ကမ်းလှမ်းမှုအတွက် အကြောင်းပြန်ကြားမှု တစ်စုံတစ်ရာရရှိခဲ့လျှင် ဤကိစ္စကို Conversation ဟု ခေါ်ရမည်သာ ဖြစ်ပေသည်။ ဤကိစ္စမျိုးသည် ဆိုင်းဘုတ်တင်ပွဲ လိုအပ်လှသည် မဟုတ်ပေ။ Trust ခေါ် ယုံကြည်မှုကို ပြနိုင်သူက စတင်ပြသခြင်း၊ Transparency ကို ပြနိုင်သူက စတင်ပြသခြင်း၊ Conversation ကို စနိုင်သူက စတင်ခြင်းများသည် နှစ်ပေါင်း ၂၀ ကျော် အကြိမ်ကြိမ် ကစားပြီးဖြစ်သည့် Game Theory ၏ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ရေခံမြေခံများကို တည်ဆောက်ခြင်းဖြစ်ရာ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု မလွဲမသွေ ရရှိစေလိမ့်မည်သာ ဖြစ်ပေသည်။ (Negatiation Theory များတွင် Reciprocal ဖြစ်စေမည့် နည်းလမ်းများ ဖော်ပြလေ့ရှိပါသည်။)

နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိပါသည်၊ ပူးတွဲကြေညာချက်တစ်ခု ထုတ်လိုပါသည်ဟု စဉ်းစားခြင်းသည် Trust ခေါ် ယုံကြည်မှုကို မိမိဘက်က စတင်ပြသရန် အသင့်မဖြစ်ခြင်းကို ပြသခြင်းပင် ဖြစ်ပေသည်။

အထက်တွင်ဖော်ပြခဲ့သော နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှုကို မလွဲမသွေရရှိစေမည့် အချက်လေးချက်သည် စာရေးသူ၏ ထင်မြင်ယူဆချက်မဟုတ်ဘဲ Game Theory မှ ထုတ်နုတ်ထားသော သင်ခန်းစာများ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် တပ်မတော်နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းအကြား အထက်ဖော်ပြပါ အချက်လေးချက်ကို ရရှိနိုင်ရန် အရပ်ဘက် လူ့အဖွဲ့အစည်း၊ နိုင်ငံရေးအင်အားစုများဘက်မှ တည်ဆောက်ပေးရန် ဖြစ်နိုင်ချေရှိ၊ မရှိ စာဖတ်သူများကိုယ်တိုင် စဉ်းစားကြည့်စေလိုပါသည်။ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု ရလိုပါသည်ဟု ပြောကြားနေသော်လည်း အထက်ပါ အချက်လေးချက်ကို အလေးမထားခြင်း သို့မဟုတ် ပြောင်းပြန်သဘောထားခြင်းများသည် မည်သည့်သဘောဆောင်သနည်းဆိုသော အချက်ကိုလည်း စာဖတ်သူများ စဉ်းစားကြည့်စေလိုပါသည်။

( The Voice Weekly ဂျာနယ်၊ အတွဲ ၅၊ အမှတ် ၄၇ မှ ပြန်လည်ကူးယူဖော်ပြပါသည် )

No comments:

Post a Comment

 
Web Statistics