Friday, January 15, 2010

ကြည့်ဖြစ်ခဲ့သော မြန်မာဗီဒီယိုဇာတ်ကားများ


၁၂-၁-၂၀၁၀ (အင်္ဂါနေ့)
ဇာတ်ကားအမည် - ကယ်ရီ
သရုပ်ဆောင်များ - လူမင်း၊ န၀ရတ်၊ နေဆန်း၊ ထွန်းထွန်းဝင်း၊ အောင်တိုး။ (ကိုယ်သိသော သရုပ်ဆောင်များကိုသာ နာမည်ချရေးထားခြင်း ဖြစ်ပါသည်)

ဝေဖန်သုံးသပ်ချက်

  • ဇာတ်လမ်းဘယ်သူရေးသလဲမပါဘူး၊ ဇာတ်ညွှန်းဘယ်သူခွဲသလဲမပါဘူး၊ ဒါရိုက်တာဘယ်သူလဲ မပါဘူး၊ သရုပ်ဆောင်တွေ ဘယ်သူတွေဆိုတာ လုံးဝစာတန်းမထိုးဘူး။ ဘာကြောင့်လဲလို့ စိတ်မ၀င်စားမိဘူးလား။
  • ပထမဆုံး ကယ်ရီဆိုတဲ့ ဇာတ်ကားနာမည်ကြောင့် ဘာများလဲဆိုပြီး စိတ်ဝင်တစားနဲ့ ငှားလာခဲ့မိတာ။
  • Transporter ဇာတ်ကားကို မြန်မာမှုပြုတာမဟုတ်ဘဲ မြန်မာမင်းသား၊ မင်းသမီး၊ မြန်မာဇာတ်ပို့၊ မြန်မာရှုခင်းများသာ ပြောင်းပြီး တိုက်ရိုက်ကြီးကို ကူးချရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။
  • ဘယ်လောက်အထိများလဲဆိုရင် လူမင်းက ခေါင်းတုံးဆံထောက်ပုံစံတောင် ပြောင်းညှပ်ထားပြီး အနောက်တိုင်းဝတ်စုံကို မချွတ်တမ်းဝတ်သွားတဲ့အထိပါပဲ။ ခန္ဓာကိုယ်မှာ ပုဆိန်အသေးနှစ်လက်တောင် သိုင်းကြိုးလေးတွေနဲ့ ပါလိုက်သေးသဗျ။ ဟေ..ဟေ… ဟေ့။ မိုက်သဗျာ။
  • Transporter ဇာတ်ကားကို ကြည့်ဖူးတဲ့လူတွေကတော့ "ဟာ…" ဆိုပြီး တစ်ပုံစံတည်း မှတ်ချက်ပြုကြမှာကို သိနေပါတယ်။
  • အမယ်… အကုန်လုံးသာ ကူးချတာဗျ။ ကြည့်ဖူးတဲ့လူတွေအားလုံး စိတ်ဝင်တစားနဲ့တွေးနေတဲ့ အခန်းတွေကိုတော့ နည်းနည်းမျှ ထည့်မရိုက်ထားပါဘူးခင်ဗျ။ တော်ပါသေးရဲ့… အဲဒီအတွက်တော့ ဘယ်သူမှန်းမသိတဲ့ ဒါရိုက်တာကို ကျေးဇူးတင်ပါတယ်။
  • မူရင်းဇာတ်ကားကို မကြည့်ဖူးတဲ့လူတွေအတွက်တော့ ကြည့်လို့ အဆင်ပြေမှာပါ။ အတော်လေးလည်း ကောင်းအောင်ရိုက်ထားတာကို တွေ့ရလို့ပါ။ အစိမ်းသက်သက်လူတွေကတော့ စိတ်ဝင်စားမှာ အမှန်ပါပဲ။ ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးတွေမတွေးဘူး၊ မြန်မာပြည်မှာ အဲဒီလိုမျိုးရှိလို့လား ဘာလားညာလားနဲ့ အထွန့်မတက်ဘဲ ဗီဒီယိုဇာတ်လမ်းပဲ ဆိုတဲ့စိတ်နဲ့ ကြည့်မယ်ဆိုရင်ပေါ့လေ။
  • ကယ်ရီကို ဘာပြောရမလဲ။ အင်း… သူကတောင် နာမည်မတပ်ရဲလို့ ဒီအတိုင်းကြီး ကြည့်လိုက်ရတာ ဘယ်သူ့ကို ဘာပြောရမလဲနော်။
  • ကျွန်တော်တို့ဆီမှာ ပိုစတာတွေဘာတွေ မရှိဘူးလားမလုပ်နဲ့ဗျ။ ကျွန်တော်ပြောဖူးသလိုပဲ အားလုံးကော်ပီခွေတွေချည်းပဲ။ မူရင်းအခွေမ၀ယ်ဘူးလားတို့၊ မရှိဘူးလားတို့၊ ကိုယ်စားလှယ်မယူဘူးလားတို့၊ ခိုးကူးကော်ပီခွေတွေကို အဲဒီလိုလုပ်ပြီး ငှားလို့မရဘူးတို့ သွားပြောရင် ကျွန်တော့်ကို ၀ိုင်းသမလိုက်ကြမှာပေါ့။
  • ပြောချင်တာကလား…. ပိုစတာထဲမှာတော့ ဘယ်သူရိုက်တာ၊ ဘယ်သူဇာတ်လမ်းရေးတယ်၊ ဘယ်သူတွေက သရုပ်ဆောင် စသည်ဖြင့် ပါချင်ရင်ပါမှာလို့ ဆိုချင်တာပါ။

၁၄-၁-၂၀၁၀ (ကြာသပတေးနေ့)
ဇာတ်ကားအမည် - ဓာတ်ကြီးလေးပါး
ဝတ္ထု - ကာတွန်း တင်အောင်နီ
ဇာတ်ညွှန်း - လင်္ကာညို
ဒါရိုက်တာ - ညာဏတင်စိုး
သရုပ်ဆောင်များ - လူမင်း၊ သင်ဇာဝင့်ကျော်၊ ခွန်းဆင့်နေခြည်၊ မေတ္တာ၊ မော့စ်၊ အုန်းသီး၊ မြို့တော်ချစ်ဖွယ်၊ ဦးပေါ်လေး၊ ငွေလှိုင်ထွန်း၊ ရွှေအိုးစည်၊ ဟိန်းမင်း၊ ဓာတ်လင်း၊ အောင်တိုး၊ ကြူကြူသင်း

ဝေဖန်သုံးသပ်ချက်
  • ဇာတ်လမ်းလေးကတော့ မဆိုးလှပါဘူးဟု ပြောရမယ်ထင်ပါတယ်။ အပျင်းပြေတော့ ငှားကြည့်သင့်ပါတယ်။ တကယ့်အပျင်းပြေပါ။
  • ကောင်းချင်ပါလျက်နဲ့ မြန်မာဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း အနှောင့်အသွားမလွတ်တဲ့ ပြက်လုံးတွေကြောင့် စိတ်ညစ်ရပါတယ်။ မိသားစုအတူထိုင်ပြီး မောင်နှင့်နှမ၊ သားနဲ့အမိ ဘယ်လိုလုပ်ပြီး ကြည့်ရမလဲဆိုတာကို တွေးလို့ကို မရဘူး။ ဒီနေ့ခေတ်မိသားစုတွေက ခေတ်မီနေကြပြီကွဆိုရင်လည်း ထားလိုက်ပါတော့။ ကျွန်တော်ကတော့ အခုအချိန်အထိ ခေတ်နောက်ကျကျန်နေဆဲပါ။ ကျွန်တော့်အမေနဲ့၊ ကျွန်တော့်ညီမနဲ့အတူ ထိုင်မကြည့်ရဲသေးဘူးဆိုတာ အသေအချာပါပဲ။
  • နည်းနည်းပါးပါးစဉ်းစားပြီးမှ အဓိပ္ပါယ်နှစ်ခွထွက်တယ်ဆိုရင် မပြောလိုပါဘူး။ အခုဟာက တိုက်ရိုက်ကြီးကို တမင်တကာ ပြောနေကြတာများ တကယ့်ကို ထမင်းစားရေသောက်ပါပဲ။ မြန်မာစကားသင်ချင်တဲ့ နိုင်ငံခြားကျောင်းသား၊ ကျောင်းသူတွေကိုများ မြန်မာဇာတ်ကားတွေကြည့်ပါဆိုပြီး ဒီလိုဇာတ်ကားမျိုးတွေကို ပြလိုက်မိလို့ကတော့ အဲဒီကျောင်းသား တတ်သွားမယ့် စကားလုံးတွေကိုတွေးမိပြီး ရင်လေးနေမိသေးတယ်။
  • ပြောရမယ်ဆိုရင် ဒီအတိုင်း ပုံမှန်လေးပဲ ဇာတ်ညွှန်းခွဲမယ်ဆိုရင်တောင် အတော်လေးကို လက်ခံလို့ရတဲ့၊ ကြည့်လို့ကောင်းမယ့် ဇာတ်ကားပါ။ အဲဒါကို ဘာကိစ္စနဲ့ အပြာရောင်ဒိုင်ယာလော့ခ်တွေ ထည့်လိုက်ရသလဲ ဆိုတာကိုတော့ တွေးကြည့်လို့ကို ဉာဏ်မမီဘူး။
  • လူမင်းတစ်ယောက် လက်သွက်ပုံကိုလည်း ပီပီပြင်ပြင်ကြီး ရိုက်ပြထားတာများ လူမင်းကိုပဲ ချီးကျူးရမလား၊ ဒါရိုက်တာဖြစ်တဲ့ သူ့ယောက်ဖကိုပဲ အမှတ်ပေးရမလား၊ အဲဒီဇာတ်ကွက်အတွက် ခွင့်ပြုပေးတဲ့ သင်ဇာဝင့်ကျော်ကိုပဲ ဘရာဗိုဆိုပြီး ဂုဏ်ပြုချီးကျူးရမလား မသိတော့ပါဘူး။
  • အမယ်… အဲဒီအကြောင်းအရာ စားမြုံ့ပြန်ပြီး ပြောရုံတင်မကဘူး။ နောက်ဆုံးအခန်းမှာ အခြားဇာတ်ပို့တွေကိုပါ အဲဒီလိုဇာတ်ရုပ်တွေဖြစ်အောင် လုပ်ပြသွားသေးသဗျ။
  • ပရိသတ်တွေကို လျှော့မတွက်ကြပါနဲ့ဗျာ။ တောင်းပန်ပါတယ်။ အဲဒီလိုအခန်းတွေ၊ အဲဒီလိုစကားပြောတွေ မပါလည်း ဇာတ်လမ်းတကယ်ကောင်းရင် အားပေးကြပါတယ်ဗျ။ ပါးစပ်ကသာ ထမင်းရှင်တွေပါ ဘာညာပြောနေပြီး ပရိသတ်တွေကို အပေါစားစည်းရုံးရေးတွေနဲ့မှ မြူဆွယ်လို့ရတာဆိုတဲ့ ခံယူချက်နဲ့ လုပ်နေတာတွေ ရပ်ပါတော့ဗျာ။
  • ကျွန်တော်မကြာခဏ ဝေဖန်ပြောဆိုနေတဲ့ ကုမ္ပဏီပိုင်ရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ သူဌေးတွေကို စော်ကားတဲ့ ဇာတ်ကောင်တွေအဖြစ် ဒီဇာတ်ကားမှာလည်း ထည့်ထားတာ တွေ့ရပါတယ်။
  • အလုပ်လာလျှောက်တဲ့ လူတွေကို အင်္ကျီချွတ်ပြခိုင်းပြီး အနှောင့်အသွားမလွတ်တဲ့စကားတွေ ပြောတတ်တဲ့ သူဌေးမတွေနဲ့ ကိုရွှေဇာတ်ညွှန်းနဲ့ ကိုရွှေဒါရိုက်တာ ဘယ်နှခါများ ကြုံဖူးကြသလဲ မသိပါဘူးဗျာ။
  • အဲဒါနဲ့တင် ပြီးပြီမှတ်နေတာ။ နောက်တစ်ခန်းကျတော့ မရိုးရအောင် သူဌေးဆိုတဲ့လူကို ဂျီပုန်းအခြောက်ကြီးဖြစ်အောင် လုပ်ချလိုက်ပြန်သေးခင်ဗျ။
  • ဇာတ်ညွှန်းရေးတဲ့လူဆိုတာ ကြောင်တောင်တောင်ပေါတောတော၊ ဒါရိုက်တာဆိုတာ နှာဘူး၊ အရက်သမား၊ ဘာမှမတတ်ဘဲ လျှောက်လုပ်နေတဲ့လူ စသည်ဖြင့် ဇာတ်ကောင်စရိုက်တွေဖန်တီးပြီး ဗီဒီယိုတွေ၊ ရုပ်ရှင်တွေ ရိုက်လာတဲ့အချိန်ကျမှ စော်ကားတယ်တို့၊ ဘာဖြစ်တယ်၊ ညာဖြစ်တယ်တို့နဲ့ တရားစွဲမယ်တို့၊ ဓားနဲ့ထိုးမယ်တို့ ဖြစ်လာခဲ့ရင်တော့ ဘေးကကြည့်နေတဲ့လူတွေအတွက် ရယ်စရာဖြစ်နေလိမ့်မယ်လို့ စေတနာစကားနဲ့ သတိပေးလိုက်ပါရဲ့ဗျာ။
  • သူများတွေမလုပ်ရင်တောင် ပိုက်ဆံရှိလာရင် ကျွန်တော်လုပ်မယ်။ ဒါရိုက်တာဆိုတဲ့ကောင်က နှာဘူး၊ မင်းသားမင်းသမီးကို ခြေသလုံးနှိပ်ပေး၊ ဇက်ကြောဆွဲပေး၊ ရေခပ်တိုက်လုပ်ခိုင်းမယ်၊ ဇာတ်ညွှန်းရေးဆရာဆိုတဲ့ငနဲက နိုင်ငံခြားဇာတ်လမ်း သုံးခုလောက်ဖွင့်ထားပြီး ဟိုထဲကကူးလိုက်၊ ဒီထဲကကူးလိုက်၊ ဟိုစာအုပ်ထဲက ဒိုင်ယာလော့ခ်ကိုကူးလိုက်၊ ဒီစာအုပ်ထဲက ဒိုင်ယာလော့ခ်ကိုကူးလိုက်၊ အရက်ကလေး ခွက်ပုန်းခုတ်လိုက်၊ ဒါရိုက်တာနဲ့ပေါင်းပြီး ရိုက်စားလုပ်လိုက် စတဲ့ဇာတ်ကောင်စရိုက်တွေ ရိုက်ခိုင်းပစ်ဦးမယ်။ (ဒါရိုက်တာတွေနဲ့ ဇာတ်ညွှန်းရေးဆရာတွေအားလုံးကို သိမ်းကြုံးပြီး ၀ါးလုံးရှည်နဲ့ရမ်းတာ မဟုတ်ပါဘူး။ အခုတလော ကြည့်ဖြစ်တဲ့ဇာတ်ကားတွေကို အတော်လေးကို မြင်ပြင်းကတ်နေလို့ပါ)

ဇာတ်ကားအမည် - နှင်းဆီ စီးချင်း
ဝတ္ထု - နီကိုရဲ
ဇာတ်ညွှန်း - သီဟစိုး
ဒါရိုက်တာ - ၀ိုင်း
သရုပ်ဆောင်များ - မြင့်မြတ်၊ န၀ရတ်၊ မိုးပြည့်ပြည့်မောင်၊ ဘုန်းသျှန်၊ အတူးလေး၊ ချက်ကြီး၊ ရဲလေး၊ စိုးလေး၊ မျိုးလွင်ဦး၊ အာကော်၊ နိုင်လေး၊ ခင်မို့မို့အေး၊ အိဖြိုးချယ်ရီ၊ အိတုန်၊ ထိပ်တင်ထား၊ အေးမင်းဖြူ၊ မိုးပွင့်ဖြူ၊ ယုဇန

ဝေဖန်သုံးသပ်ချက်
  • ဇာတ်လမ်းကတော့ကောင်းပြီးသားဆိုတာ ပြောနေစရာမလိုပါဘူး။
  • မြင့်မြတ်က ဒီဇာတ်ကားမှာ အတော်ကိုကြိုးစားပြီး သရုပ်ဆောင်ထားပါတယ်။ အရင်ကြည့်ဖူးတဲ့ကားတွေထက်တော့ ပိုပြီး အမှတ်ပေးမိပါတယ်။
  • ဒါပေမယ့် နီကိုရဲ ရဲ့ဇာတ်ကောင်ဟာ လုံးဝကို မြင့်မြတ် မဟုတ်ပါဘူး။ မြင့်မြတ်ဘယ်လောက်ပဲ ကြိုးစားသရုပ်ဆောင်ထားပေမယ့် နီကိုရဲရဲ့ ဇာတ်ကောင်အဖြစ် လုံးဝကို ခံစားလို့မရပါဘူး။
  • တာရာမင်းဝေရဲ့ ဇာတ်ကောင်စရိုက်ဆိုရင်ဘယ်လို၊ မင်းလူရဲ့ဇာတ်ကောင်စရိုက်ဆိုရင်ဘယ်လို စသည်ဖြင့် သူများနဲ့ မတူတဲ့စရိုက်ကလေးတွေ ရှိပါတယ်။ သေချာမပြောပြတတ်ပေမယ့် နားလည်ကြမယ်လို့ ထင်ပါတယ်။ အခြားဝတ္ထုတွေလိုမျိုး ဇာတ်ကောင်ဖြစ်ပြီးရော ၀င်ရိုက်လို့ရတဲ့ ဇာတ်ကောင်စရိုက်တွေ မဟုတ်ပါ။
  • ဇာတ်လမ်းကလည်းကောင်း၊ န၀ရတ်နဲ့ မိုးပြည့်ပြည့်မောင်ရဲ့ အားပြိုင်မှုကလည်း တကယ့်ကို အသက်ဝင်ဝင်ပါပဲ၊ ဇာတ်ပို့တွေကလည်း ပို့သလားမမေးနဲ့၊ ဒါရိုက်တာဝိုင်းကလည်း ထုံးစံအတိုင်း အပျံစားရိုက်ချက်တွေနဲ့ ကောင်းချင်နေတဲ့အချိန်မှာ မြင့်မြတ်ရဲ့ပုံစံကို မြင်လိုက်ရတာနဲ့ mood လေးတွေက ပျောက်ပျောက်သွားတယ်။ ပုံသေဖြစ်နေတဲ့ သူ့သရုပ်ဆောင်မှုတွေက တစ်ကားလာလည်း ဒီပုံစံ၊ နောက်တစ်ကားလာလည်း ဒီပုံစံဆိုတော့ ဘယ်လိုမှကို ဇာတ်ကောင်စရိုက်ကို မြင်ကြည့်လို့မရဘူး။
  • အဆိုးဆုံးကတော့ ဒေါသထွက်တဲ့အမူအရာကို မြင့်မြတ် လုံးဝကို မလုပ်တတ်တာ၊ မလုပ်နိုင်တာပါပဲ။ မျက်နှာအမူအရာတောင် မလုပ်နိုင်တာ မျက်လုံးတွေကနေ ဒေါသစကားတွေပြောဖို့ဆိုတာ ဝေလာဝေးပေါ့။
  • ဒိုင်ယာလော့ခ်လေးတွေကိုတော့ သဘောကျပါတယ်။ နီကိုရဲဝတ္ထုမှာ ပါတာတွေအပြင် ဇာတ်ညွှန်းရေးဆရာကလည်း အကောင်းဆုံး အစွမ်းပြထားပါသေးတယ်။
  • မြင့်မြတ်ဘယ်လောက်ကောင်းသလဲတော့မသိဘူး၊ ဒီဇာတ်ကားကြည့်ပြီးတဲ့အချိန်မှာ မင်းသားလို့ ထင်မှတ်မှားရတဲ့သူက ဒုတိယမင်းသား ဘုန်းသျှန် ဖြစ်နေတာပါပဲ။
  • မြင့်မြတ်ကို အားပေးသူတွေနဲ့ ခရေဇီတွေကိုတော့ အားနာပါးနာဖြစ်ရကြောင်းပါနော်။
  • ဇာတ်လမ်းနဲ့ မင်းသမီးတွေ တကယ်ကောင်းတဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားလို့ ညွှန်းချင်ပါတယ်။ ၀ိုင်းရဲ့ ရိုက်ကွင်းရွေးချယ်မှုနဲ့ ကင်မရာအယူအဆတွေကိုလည်း ချီးကျူးချင်ပါရဲ့။

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီလ ၁၅ ရက်၊ သောကြာနေ့။
နံနက် ၂ နာရီ ၁၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics