Friday, January 15, 2010

ကုန်းဘောင်ခေတ်၊ အလောင်းဘုရား၊ နောင်တော်ကြီးမင်း၊ ဆင်ဖြူရှင် မြေဒူးမင်း၊ စဥ့်ကူးမင်း၊ ဖောင်းကားစားမင်း


ကုန်းဘောင်ခေတ်
ဤသို့ အင်းဝပျက်လေလျှင် မြန်မာမင်းဆက်လည်း ပြတ်၍ နိုင်ငံလည်း ဖရိုဖရဲ ဖြစ်ရပြန်လေသည်။ မွန်တို့ကား အထက်တစ်လွှား ရွှေဘိုအထိ ချီတက်သိမ်းပိုက်ရန် ကြံရွယ်လေသည်။ သို့ရာတွင် ထိုအချိန်၌ ရွှေဘိုတည်ရာ မုဆိုးဖိုမြို့တွင် အင်းဝ မိုးညှင်းမင်းနှင့် ပြည်စုန်မင်းတို့၏ အဆက်အနွယ်ဖြစ်သော မုဆိုးဖိုမြို့စား သီရိမဟာဓမ္မရာဇာ မင်းညိုစံနှင့် စောငြိမ်းဦးတို့၏သား ဦးအောင်ဇေယျသည် မွန်တို့ သစ္စာပေးလာသည်ကို ပရိယာယ်ဖြင့် တိုက်ခိုက်တွန်းလှန်ရုံမျှမက ချီတက်လာသော မွန်တပ်ကြီးကိုလည်း ရွပ်ရွပ်ချွံချွံ တိုက်ဖျက်နိုင်လေသည်။ ဦးအောင်ဇေယျသည် အလောင်းဘုရားဘွဲ့ခံကာ မြောက်ဘက်တလွှားကို စည်းရုံးပြီးနောက် ၁၁၁၅ ခုနှစ်တွင် ရတနာသိင်္ဃ ကုန်းဘောင်မြို့ကြီးကို ထီးနန်းစိုက်တည်လေသည်။ ထိုနှစ်တွင်ပင် အင်းဝကိုလည်း မွန်တို့လက်မှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့လေသည်။ မွန်တို့ သိမ်းပိုက်ခေါ်ယူသွားသော မြန်မာအများမှာ အသတ်ခံရ၍ အမတ်ကျော်ထင် သက်တော်ရှည်သည် တိတ်တဆိတ်ထွက်ပြေးကာ ကြံ့ခင်း၊ လွန်ဆေး၊ ရွှေတောင် တရုတ်မော်၊ ပန်းတောင်တစ်ဝိုက်တွင် မြန်မာတို့ကို စည်းရုံးလျက် ပြည်မြို့ရှိ မွန်တပ်များကို တိုက်ဖျက်ကြလေသည်။ အလောင်းဘုရားလည်း ပြည်သို့ ချီတက်တိုက်ခိုက်ရုံမျှမက သံလျင်နှင့် ဒဂုံရှိ မွန်တပ်များကို ဖြိုခွင်းနိုင်လေသည်။ မွန်တို့ အကြိမ်ကြိမ် စစ်ထိုးသော်လည်း အရှုံးသာ ပေးရလေသည်။ အလောင်းဘုရားသည် သံလျင်နှင့် ဟံသာဝတီကိုပါ သိမ်းယူနိုင်ခဲ့လေသည်။ ဤသို့အားဖြင့် မြန်မာရာဇ၀င်သည် ရတနာသိင်္ဃ ကုန်းဘောင်မြို့တော်တွင် ပြန်လည်၍ အခန်းသစ်စတင်ခဲ့ပြန်လေသည်။

၁။ အလောင်းဘုရား (၁၁၁၅-၁၁၂၂)
မွန်တို့ကို တိုက်ဖျက်အောင်နိုင်ပြီးနောက် ရတနာသိင်္ဃမြို့တွင် ထီးနန်းစိုက်တည်လေသည်။ ဟံသာဝတီကိုကား ၁၁၁၉ ခုနှစ်တွင်မှ အပြီးတိုင် အောင်မြင်လေသည်။ အလောင်းဘုရားသည် နိုင်ငံတော်ကို ပြန်လည်စည်းရုံး ထူထောင်လေသည်။ အင်္ဂလိပ်တို့မှာ အလောင်းဘုရားက အင်အားကြီးမားစွာဖြင့် အုပ်ချုပ်နိုင်သည်ကို သိမြင်ရသောအခါ လက်နက်လက်ဆောင်များဆက်သ၍ အလောင်းဘုရားထံမှ မြန်မာနိုင်ငံတွင် အခြေစိုက်၍ ကုန်ကူးခွင့်ရရန် လျှောက်ထားလေသည်။ အလောင်းဘုရားသည် မွန်တို့အား အင်္ဂလိပ်တို့က အားပေးချီးမြှောက်ပြုသည်ကို အပြစ်တင်ပြီးမှ အင်္ဂလိပ်တို့အား ကုန်ကူးခွင့်ပြုသော မဟာမိတ်စာချုပ်ကို ချုပ်ဆိုတော်မူလေသည်။ ထိုစာချုပ်အရ အင်္ဂလိပ်တို့အား ပုသိမ်နှင့် ဟိုင်းကြီးကျွန်းတို့တွင် နေထိုင်ခွင့်နှင့် လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်ပြုလေသည်။ အင်္ဂလိပ်တို့က အမြောက်၊ ခဲယမ်း၊ သေနတ်တို့ကို ဆက်သလေသည်။ အလောင်းဘုရားသည် မဏိပူရသို့လည်းကောင်း၊ ယိုးဒယားသို့လည်းကောင်း ချီတက်လေသည်။ အင်္ဂလိပ်တို့သည် မဟာမိတ်စာချုပ်ကိုဖျက်၍ မွန်တို့အား တိတ်တဆိတ် လက်နက်ထောက်ပံ့ကူညီသောကြောင့် ဟိုင်းကြီးကျွန်းရှိ အင်္ဂလိပ်တို့ကိုလည်း တိုက်ခိုက်စေလေသည်။ ၁၁၂၂ ခုနှစ်တွင် ယိုးဒယားသို့ စစ်ချီရာ၌ အလောင်းဘုရားသည် နာမကျန်းဖြစ်၍ တပ်ဆုတ်ခဲ့သည်တွင် မုတ္တမအနီး ကင်းရွာ၌ နတ်ရွာစံလေသည်။

၂။ နောင်တော်ကြီးမင်း (၁၁၂၂-၁၁၂၅)
အလောင်းဘုရား နတ်ရွာစံလျှင် သားတော်ကြီး ဒီပဲယင်းမြို့စား သီရိသုဓမ္မရာဇာသည် ထီးနန်းကို ဆက်ခံလေသည်။ မင်းခေါင်နော်ရထာသည် မြေဒူးမင်းနှင့် သဘောကွဲလွဲသဖြင့် အင်းဝမှ ထောင်ထားခြားနားရာ ချီတက်လုပ်ကြံရလေသည်။ ၁၁၂၂ ခုနှစ်တွင် အရှေ့အိန္ဒိယကုမ္ပဏီ ကိုယ်စားလှယ်လာရောက်၍ ဟိုင်းကြီးကျွန်း သတ်ဖြတ်မှုအတွက် လျော်ကြေးတောင်း၍ အလောင်းဘုရားလက်ထက်က စာချုပ်ကို အတည်ပြုရန် အရေးဆိုလေသည်။ စာချုပ်ကို အတည်မပြုသော်လည်း ပုသိမ်နှင့် ရန်ကုန်တွင် နေထိုင်ခွင့်ပြုလေသည်။ တောင်ငူစား ဘထွေးတော် ခားနားသည်ကိုလည်း နှိမ်နင်းရလေသည်။ စစ်ကိုင်းမြို့ကို ပြုပြင်၍ မြို့သစ်တည်လေသည်။
   
၃။ ဆင်ဖြူရှင် မြေဒူးမင်း (၁၁၂၅-၁၁၃၈)
နောင်တော်ကြီးမင်း နတ်ရွာစံလျှင် သားတော်မြေဒူးမင်းသား သီရိဓမ္မရာဇာသည် ထီးနန်းဆက်ခံလေသည်။ ထိုမင်းလက်ထက် ဇင်းမယ်ကို အောင်နိုင်၍ အဘယဂါမဏိကို ဇင်းမယ်မြို့ဝန် ခန့်လေသည်။ ၁၁၂၅ ခုနှစ်တွင်ပင် အင်းဝမြို့တော်ကို ပြုပြင်၍ နေမျိုးသီဟပတေ့အား ယိုးဒယားသို့ ချီစေလေသည်။ ၁၁၂၇ ခုနှစ်တွင် အင်းဝသို့ မြို့တော်ပြောင်းလေသည်။ ၁၁၂၆ ခုနှစ်တွင် မဟာနော်ရထာအား ထားဝယ်ကြောင်းဖြင့် ယိုးဒယားသို့ ချီစေပြန်လေသည်။ ယိုးဒယားကို အောင်နိုင်၍ သုံ့ပန်းပညာသည်များ အပါအ၀င် လူတစ်သိန်းကျော် ခေါ်ဆောင်လာခဲ့လေသည်။ ထိုမင်းလက်ထက်တွင် ဗြိတိသျှတို့က မြှောက်ပေးသဖြင့် မဏိပူရက ထိပါးနှောင့်ယှက်လာရာ ၁၁၂၆ ခုနှစ်တွင် ချီတက်နှိမ်နင်းရလေသည်။ ၁၁၂၇ ခုနှစ်တွင် ဗန်းမော်မှ တရုတ်ကုန်သည်တစ်ဦးသည် ဗန်းမော်စစ်ကဲကို မချေမငံပြု၍ နေပြည်တော်သို့ပို့၍ စစ်ဆေးသည်တွင် ပြန်၍လွှတ်လိုက်သော် တရုတ်ပြည် မိုင်းဆည်ဝန်ထံ တိုင်ကြားလေသည်။ ကျိုင်းတုံတွင်လည်း တရုတ်ကုန်သည်တစ်ဦးသည် အကြွေးတောင်းရာမှ ခိုက်ရန်ဖြစ်ပွားသဖြင့် ငယ်သားတစ်ဦး သေဆုံးသည်တွင် မြန်မာမြို့ဝန်က စီရင်ဆုံးဖြတ်သည်ကို မကျေနပ်ဘဲ မိုင်းဆည်ဝန်ကို တိုင်ကြားလေသည်။ တရုတ်တို့လည်း ကျိုင်းတုံကို လာရောက်ထိပါးရာ ၁၁၂၇ ခုနှစ်တွင် လက်ဝဲ၀န်မှူးကို စေလွှတ်တိုက်ခိုက်စေလေသည်။ ၁၁၂၈ ခုနှစ်တွင် တရုတ်တို့ ဗန်းမော်သို့ ချီလာပြန်ရာ မြန်မာတို့က နိုင်နင်းစွာ တိုက်ထုတ်နိုင်လေသည်။ ၁၁၂၉ ခုနှစ်တွင် တရုတ်တို့ ချီတက်လာပြန်၍ သိန္နီကို တိုက်ပြန်လေသည်။ တရုတ်တို့ အင်အားကြီးမားလှသော်လည်း တိုက်လှန်နိုင်လေသည်။ ၁၁၃၁ ခုနှစ်တွင် ဗန်းမော်သို့ တရုတ်တပ် ချီလာပြန်ရာ တရုတ်တို့တွင် လူပေါင်းပေါများလှ၍ သတ်သော်လည်း ကုန်မည်မဟုတ်ဟု ဗိုလ်မှူးမဟာသီဟသူရက စစ်ပြေငြိမ်းခဲ့လေသည်။

စစ်ပြေငြိမ်းသည်ကို ဘုရင်အမျက်တော်ရှိသဖြင့် မဟာသီဟသူရသည် မဏိပူရကို ဆက်လက်တိုက်သိမ်းလေသည်။ ၁၁၃၃ ခုနှစ်တွင် မကွေးမြို့မှ ဆင်ဖြူတော်ရ၍ ဆင်ဖြူရှင်ဘွဲ့ ခံတော်မူလေသည်။

၎။ စဥ့်ကူးမင်း (၁၁၃၈-၁၁၄၃)
အလောင်းဘုရား၏ သားတော်များသည် အစဉ်အတိုင်း ထီးနန်းဆက်ခံကြရန် မှာကြားခဲ့သည့်အတိုင်း သားတော်နောင်တော်ကြီးနှင့် ဆင်ဖြူရှင်တို့ နန်းစံပြီးနောက် အမြင့်မင်းသားက ထီးနန်းစံရမည်ဖြစ်သော်လည်း ဆင်ဖြူရှင်က အစဉ်ကိုဖောက်ကာ သားတော် စဥ့်ကူးစားအား အိမ်ရှေ့အရာပေးသဖြင့် စဥ့်ကူးမင်း နန်းတက်လေသည်။ စဥ့်ကူးမင်းသည် ညီတော်စလင်းစား နှင့် ဘထွေးတော် အမြင့်စားတို့ကို သတ်ဖြတ်လုပ်ကြံရုံသာမက ဘထွေးတော် ဗဒုံမင်း၊ ပုခန်းမင်း၊ ပင်းတလဲမင်းတို့ကိုလည်း ရပ်ဝေးသို့ ပို့လေသည်။ နောင်တော်ကြီး၏ သားတော်ကိုလည်း စားမြဲဖောင်းကားမြို့ကို ပို့လွှတ်ထားလေသည်။ ထီးနန်းရရှိရေးအတွက် စဥ့်ကူးမင်းသည် ထိတ်လန့်စွာဖြင့် ပရမ်းပတာ စီမံဆောင်ရွက်လေရာ နန်းတွင်းသားတို့ မညီမညွတ် ရှိလေသည်။ စဥ့်ကူးမင်းသည် အရက်သေစာနှင့် အပျော်အပါး လိုက်စားလေသည်။

၅။ ဖောင်းကားစားမင်း (၁၁၄၃)
ဖောင်းကားစားမောင်မောင်သည် မိမိအား လိုလားသူများ အကူအညီနှင့် စဥ့်ကူးမင်း အညာသီဟတောသို့ထွက်ခိုက် နန်းတော်ကို စီးနင်းသိမ်းပိုက်လေသည်။ သို့ရာတွင် ၇ ရက်မျှသာ နန်းစံရလေသည်။

No comments:

Post a Comment

 
Web Statistics