Friday, January 15, 2010

မဟာဗျူဟာကိန်းသေနှင့် ပါရာဒိုင်းအသစ် - မောင်စူးစမ်း


စည်းလုံးညီညွတ်ရေးကိန်း
စည်းလုံးညီညွတ်ရေးသည် မည်သည့်အရေးကိစ္စ၌မဆို အမာခံအဖြစ် သဘောထားသည်။ စည်းလုံးညီညွတ်ရေးကို နာမည်အမျိုးမျိုးဖြင့် အနက်ဖွင့်ကြသည်။ နိုင်ငံရေးပါတီများ စည်းလုံးညီညွတ်မှုကို တပ်ပေါင်းစုဟူ၍လည်းကောင်း၊ အမျိုးသားညီညွတ်ရေးဟူ၍လည်းကောင်း အမျိုးမျိုး နာမည်တပ်ခဲ့ကြသည်။ မြန်မာ့နိုင်ငံရေးတွင် ညီညွတ်ရေး၊ တပ်ပေါင်းစု စသည့် ပညတ်တို့သည် "ကလီရှေး" ဖြစ်နေခဲ့သည်မှာ ကြာပြီ။ မကြာမီ နိုင်ငံရေးပါတီများဥပဒေနှင့် ရွေးကောက်ပွဲဥပဒေတို့ ရောက်ရှိလာတော့မည်ဖြစ်သည်။ ဤဥပဒေတို့အရ စည်းလုံးညီညွတ်ရေးဆိုသော အယူအဆသည် မည်သည့်ပုံသဏ္ဌာန်ဖြင့် ဆီလျော်မည်ကို စောင့်ကြည့်ရမည်။

နိုင်ငံတော်ထူထောင်ရေး၊ တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်မှုကိစ္စတို့၌ စည်းလုံးညီညွတ်ရေးသည် မဟာဗျူဟာမြောက်ကိန်းသေ Strategic Constant ဖြစ်သည်။ စည်းလုံးညီညွတ်ရေး၌ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ စည်းလုံးညီညွတ်ရေးနှင့် နိုင်ငံရေးပါတီများ ညီညွတ်ရေးတို့ဆိုပြီး နှစ်မျိုးရှိလေသည်။ လွတ်လပ်ရေးကြိုးပမ်းမှုခေတ်၌ ပင်လုံစာချုပ်နှင့် ဖဆပလအဖွဲ့ချုပ်သည် ဤမဟာဗျူဟာမြောက်ကိန်းသေကို ထင်ဟပ်စေခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲ
ယခု လမ်းညွှတ်ဒီမိုကရေစီတွင် ဖော်ပြပါ မဟာဗျူဟာမြောက်ကိန်းသေသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ရုပ်လုံးပေါ်ရမည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ ပုံသဏ္ဌာန်ပေါ်ရမည်။ ၂၀၁၀ ရွေးကောက်ပွဲအပြီးပေါ်မည့် လွှတ်တော်တို့တွင် ရုပ်လုံးပိုပြီး ပီပီပြင်ပြင်ဖြစ်လာမည်။ ထို့ကြောင့် ဖဆပလအဖွဲ့ချုပ်လို ပုံစံမျိုး၊ ပင်လုံစာချုပ်လိုပုံစံမျိုးတို့ကို ပြန်လွမ်းသည်မှာ မဆီလျော်တော့ဟု ယူဆသည်။ ဤပုံစံဟောင်းတို့ကို ပြန်စဉ်းစားပြီး ဤပုံစံဟောင်းမှ အပိုင်းအခြားတို့ဖြင့် ဆင်ခြင်သုံးသပ်သည်မှာ အတွေးအခေါ်ဆင်းရဲမှုကို ပြသည်ဟု ယူဆမိသည်။ ပါရာဒိုင်းအသစ်နှင့် ရွှေ့သွားခြင်းကို မမြင်ရာရောက်သည်။

ယခုမှ စမ်းသပ်
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဖြစ်စေ၊ အမျိုးသားစည်းလုံးညီညွတ်ရေးဖြစ်စေ မဟာဗျူဟာမြောက်ကိန်းသေသည် လမ်းညွှတ်ဒီမိုကရေစီ၌ ပုံသဏ္ဌာန်သစ်သို့ ပြောင်းလဲစရာရှိသည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ၌ တိုင်းရင်းသားအဖွဲ့အစည်းတို့သည် မဟာမိတ်ဖွဲ့ခြင်း၊ ပေါ်လာမည့် လွှတ်တော်အတွင်း မဟာမိတ်ဖွဲ့ခြင်းမျိုး စသည့် ပုံသဏ္ဌာန်တို့ဖြင့် မဟာဗျူဟာမြောက်ကိန်းသေကို ထင်ဟပ်ကြဖွယ်ရှိသည်။ ရွေးကောက်ပွဲအတွက် မဟာမိတ်ဖွဲ့ခြင်းသာ ဖြစ်ဖွယ်ရှိပြီး ရေရှည်အနာဂတ်ကိုမျှော်သည့် မဟာမိတ်ပုံစံ (Grand Alliance) မျိုး ဖြစ်ဖွယ်မရှိသေးပေး။ အဘယ်ကြောင့်ဆိုသော် ပေါ်ပေါက်မည့် ဒီမိုကရေစီသည် ပုံစံသစ်ဖြစ်၍ ယခုမှ စမ်းသပ်ကြည့်ရမည့်သဘော ရှိနေသောကြောင့် ဖြစ်သည်။

လက်ငင်းအာရုံ
ထို့အပြင် နိုင်ငံရေးပလေယာတို့ကိုယ်တိုင် ပါရာဒိုင်းအသစ်၌ ကိုယ့်ကိုယ်ကိုယ် လူထုကြားထဲ မှတ်ကျောက်တင် စမ်းသပ်ကြည့်ရဦးမည်ဖြစ်သည်။ စနစ်သစ်နှင့် နှစ်သစ်၌ အစစအရာရာသည် မြေစမ်းခရမ်းပျိုးကြည့်သည့်သဘော ဖြစ်နေမည်။ မြေသားစမ်းသပ်ကြည့်ပြီး ရေရှည်ကို မျှော်လင့်တွက်ချက်လို့ ရမည့်သဘောရှိသည်။ သို့ဖြင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး လွှတ်တော်တွေပေါ်လာကာ အစိတ်အပိုင်းအသီးသီးသည် သူ့နေရာနှင့်သူ ပုံသဏ္ဌာန်တွေ ရေရေရာရာ ပေါ်လာတော့မှသာ "ငါဘာကောင်လဲ" ဟု အမှတ်အသားကို သိကြမည်။ ထိုအခါကျမှသာ ရှေ့ခရီးကို မျှော်ကြည့်နိုင်မည်။ ယခုလောလောဆယ်၌ လက်ငင်းတာစားနိုင်သည့် လုပ်ငန်းစဉ်တို့ကိုသာ အာရုံထားနိုင်ကြမည်ဟု မှန်းဆရသည်။ စူပါအိုင်ဒီယာတို့ထက် နိစ္စဓူဝဘ၀အပေါ် အာရုံစူးစိုက်ပြောသော နိုင်ငံရေးစကားတွေ ပိုကြားရလိမ့်မည်ဟု မှန်းဆမိသည်။

(ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ ၆ အမှတ် ၂ နိုင်ငံရေးအချပ်ပိုမှ ပြန်လည်ကူးယူဖော်ပြပါသည်)

No comments:

Post a Comment

 
Web Statistics