Monday, February 15, 2010

ပုဂ္ဂလိကလုပ်ပိုင်ခွင့်၏ နိုင်ငံရေးဘောဂဗေဒ - အောင်ထွဋ်


မြန်မာနိုင်ငံတွင် အသွင်ကူးပြောင်းရေးဟု ပြောရမည့် လုပ်ငန်းစဉ်ကြီးတစ်ခု ဖြစ်ပေါ်နေသည်ဖြစ်ရာ သိသာထင်ရှားမှု အရှိဆုံးနယ်ပယ်မှာ စီးပွားရေးနယ်ပယ်ဖြစ်သည်။ စီးပွားရေးနယ်ပယ်တွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ပုဂ္ဂလိကပိုင်ပြုလုပ်ရေး လုပ်ငန်းစဉ်ဟုလည်း ခေါ်ဆိုနိုင်ပါသည်။

၁၉၉၀ ပြည့်လွန်နှစ်များတွင် ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးခဲ့သော်လည်း ပုဂ္ဂလိကလုပ်ငန်းများ တည်ရှိခွင့်ကိုသာ ခွင့်ပြုခြင်းဖြစ်ပြီး နိုင်ငံ၏ အဓိကစီးပွားရေး လုပ်ငန်းကြီးများစွာကို နိုင်ငံပိုင်အဖြစ် ဆက်လက်လုပ်ကိုင်နေခဲ့သည်ကို တွေ့ရသည်။ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများ တည်ထောင်လုပ်ကိုင်ခွင့် အလို့ငှာ လိုအပ်သော ကုန်ထုတ်စွမ်းအားစုများကို အစိုးရက ထောက်ပံ့နေသောကြောင့် ကုန်လုပ်စွမ်းအားစုများ ရယူသုံးစွဲခွင့်တွင် အခက်အခဲများ ရှိခဲ့ပါသည်။ တစ်နည်းအားဖြင့် ပြောရလျှင် အစိုးရသည် ကုန်လုပ်စွမ်းအားစုများ ရယူသုံးစွဲခွင့်ကို ထိန်းချုပ်သူ၊ ပြဋ္ဌာန်းသူထက်ပို၍ ကုန်လုပ်စွမ်းအားစုများကိုပါ ကိုယ်တိုင်ထောက်ပံ့သူဖြစ်နေခဲ့ရာ မော်တော်ယာဉ်၊ တယ်လီဖုန်း၊ လျှပ်စစ်ဓာတ်အား၊ လောင်စာဆီအားလုံး အစိုးရထံမှ ၀ယ်ယူခဲ့ရသည်ကို တွေ့ရသည်။ ယခု ဖြစ်ပေါ်နေသော အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွင် မည်သို့သော ရည်ရွယ်ချက်များ ပါဝင်စေကာမူ နိုင်ငံတော်သည် မူလနေရာမှန်ဖြစ်သော ကုန်လုပ်စွမ်းအားစုများ ရယူသုံးစွဲခွင့်ကို ထိန်းချုပ်သူ၊ ပြဋ္ဌာန်းသူ တစ်နည်းအားဖြင့် ပြည်သူ့ရေးရာ ၀န်ဆောင်မှုပေးသူအဖြစ် ပြောင်းလဲရပ်တည်ခြင်းဖြစ်၍ ကြိုဆိုလိုက်ပါသည်။

ပုဂ္ဂလိကပိုင် ပြုလုပ်ရေးလုပ်ငန်းစဉ်သည် ယေဘုယျအားဖြင့် စီးပွါးရေးနှင့် သက်ဆိုင်သည်ဟု ယူဆဖွယ်ရာရှိသော်လည်း အမှန်အားဖြင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနယ်ပယ်အားလုံး ပါဝင်ပတ်သက်နေသည်သာ ဖြစ်ပေသည်။ လက်တွေ့ဥပမာများအရ ပုဂ္ဂလိကပိုင် ပြုလုပ်ရေးလုပ်ငန်းစဉ်သည် သက်ဆိုင်ရာနိုင်ငံ၏ နိုင်ငံရေးနှင့် စီးပွားရေး သက်ဝင်ရှင်သန်ရေးအတွက် မဖြစ်မနေ လုပ်ကိုင်ရမည့် အဆင့်တစ်ခုဖြစ်ပြီး သက်ဆိုင်ရာ အစိုးရအနေဖြင့် ပြည်သူလူထုနှင့် ယုံကြည်မှု တည်ဆောက်ရန် အခွင့်အလမ်းကြီးတစ်ခုလည်း ဖြစ်ပေသည်။

ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းလုပ်ငန်းစဉ်သည် သဘောတရားအားဖြင့် ပုဂ္ဂလိကပိုင်ကဏ္ဍကို ပိုမိုတာဝန်ယူစေခြင်းနှင့် တာဝန်ခံစေခြင်းများကို ဖြစ်ပေါ်စေခြင်းဖြစ်ရာ ကျယ်ပြန့်သော စီးပွါးရေးနှင့် လူမှုရေး အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်စေတတ်ပေသည်။ ထိုစီးပွားရေးနှင့် လူမှုရေးအကျိုးသက်ရောက်မှုများသည် ပီပြင်ကောင်းမွန်ခဲ့လျှင် နိုင်ငံရေး တည်ငြိမ်မှုများကို ဖြစ်ပေါ်စေပြီး မပီပြင်ခဲ့လျှင် နိုင်ငံရေး မတည်ငြိမ်မှုကို ပိုမိုဖြစ်ပေါ်စေသည်ကို တွေ့ရသည်။

တစ်နည်းအားဖြင့် ပြောရလျှင် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်လာသော လူမှုရေးအကျိုးဆက်များသည် နိုင်ငံရေး ပြောင်းလဲမှုများကို ဖြစ်ပေါ်စေသောကြောင့် ထိုလုပ်ငန်းစဉ်၏ Transparency (ပွင့်လင်းမှု) and Accountability (တာဝန်ယူမှု) သည် အဆုံးတွင် နိုင်ငံရေးအမျိုးမျိုးကို ဖြစ်ပေါ်စေသည်ဆိုသော အချက်ဖြစ်သည်။ တစ်ဖက်တွင်လည်း အချို့သော ပုဂ္ဂလိကပိုင်ပြုသည့် လုပ်ငန်းစဉ်များသည် ဖြစ်ပေါ်စေလိုသော နိုင်ငံရေးကို ရည်ရွယ်၍ နိုင်သူ (Winner)၊ ရှုံးသူ (Loser) များကို ကြိုတင်ပြဋ္ဌာန်း အကောင်အထည်ဖော်သော သဘောရှိရာ Transparency and Accountability သည်ေ၀၀ါးသွားတတ်ပေသည်။

ပုဂ္ဂလိကပိုင်ပြုခြင်းဆိုသည်မှာ အစိုးရကထောက်ပံ့နေသော ကုန်လုပ်စွမ်းအားစုများကို ပုဂ္ဂလိကများသို့ လွှဲပြောင်းပေးခြင်းဖြစ်သည်။ အချို့လုပ်ငန်းများမှာ ပုဂ္ဂလိကနယ်ပယ်ကို ယခင်က လုပ်ကိုင်ခွင့်မပေးခဲ့သော လုပ်ငန်းများ ဖြစ်သည်။ (ဥပမာ- လောင်စာဆီလုပ်ငန်း)။ အချို့လုပ်ငန်းများမှာ ပုဂ္ဂလိကကဏ္ဍသို့ ယခင်ကတည်းက လုပ်ကိုင်ခွင့်ပေးပြီးသား လုပ်ငန်းများဖြစ်သည်။ (ဥပမာ- ချိုချဉ်စက်ရုံ)။

မည်သို့ပင်ဖြစ်စေ ဈေးကွက်စီးပွါးရေးစနစ်တွင် နိုင်ငံတော်များ၏ အခန်းကဏ္ဍသည် ကုန်လုပ်စွမ်းအားစုများ ထောက်ပံ့သူမဟုတ်ဘဲ ကုန်လုပ်စွမ်းအားစုများ ရယူသုံးစွဲခွင့်ကို ရှောရှောရှူရှူဖြစ်အောင် ပြဋ္ဌာန်းသူသာ ဖြစ်ပေသည်။

အထက်ပါ သဘောတရားများအရ အစိုးရက ထောက်ပံ့နေသော ကုန်လုပ်စွမ်းအားစုများကို ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းပေးခြင်းမှာ များစွာသင့်တော်သော လုပ်ငန်းစဉ်ဖြစ်ပေသည်။ ဤနေရာတွင် အဓိကကျသည်မှာ မည်သို့ လွှဲပြောင်းပေးသနည်းဆိုသော နည်းလမ်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းနှင့် ပုဂ္ဂလိကများကို လုပ်ပိုင်ခွင့်ပြုသည့် လုပ်ငန်းများ တိုးချဲ့ခွင့်ပြုခြင်းကို တစ်ပြိုင်နက်ပြုလုပ်နေသော်လည်း အဆိုပါလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပုဂ္ဂလိကကဏ္ဍထံသို့ သတင်းအချက်အလက်များ ပေးပို့ခြင်း မရှိသလောက်ဖြစ်သည်ကို တွေ့ရသည်။ ယေဘုယျအားဖြင့် အစိုးရများသည် သတင်းလုံခြုံမှုကို ဦးစားပေးကြသည်ဆိုသော်လည်း ယခုကိစ္စသည် လျှို့ဝှက်လုပ်ငန်းစဉ်တစ်ခု မဟုတ်ဘဲ နိုင်ငံသားပုဂ္ဂလိကများအား ကျယ်ကျယ်ပြန့်ပြန့် သိရှိစေခြင်းဖြင့်သာ အကောင်အထည်ဖော်ရမည့် လုပ်ငန်းများဖြစ်ပေသည်။

မည်သို့ပင်ဖြစ်စေ နိုင်ငံတော်ကသာ လုပ်ကိုင်ခွင့်ရှိခဲ့သည့် လုပ်ငန်းများကို ပုဂ္ဂလိကများသို့ လုပ်ကိုင်ခွင့် ပြုရာတွင်လည်းကောင်း၊ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂလိကပိုင် ပြုလုပ်ရာတွင်လည်းကောင်း အောက်ပါ Institutional Capacity များ လိုအပ်သည်ဟု ပညာရပ်ဆိုင်ရာကျမ်းများက ဖွင့်ဆိုပါသည်။
၁။ ပွင့်လင်း၍ ထင်သာမြင်သာရှိစေခြင်း (Transparency) နှင့် တာဝန်ယူမှု တာဝန်ခံမှုရှိစေခြင်း (Accountability)
၂။ တည်ဆဲဥပဒေများအရ ၀င်ငွေရလမ်း မဖော်ပြနိုင်သော ငွေမည်းများကို စစ်ဆေးခြင်းနှင့် ဥပဒေဘောင်အတွင်း ရောက်ရှိစေခြင်း။
၃။ လုပ်ငန်းများ တိုးချဲ့ရန်အလို့ငှာ ဘဏ်ချေးငွေများ အသင့်ရှိစေခြင်း။

  • (က) ပုဂ္ဂလိကဘဏ်ကြီးများ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကူညီနိုင်ရန် လမ်းဖွင့်ပေးခြင်း။
  • (ခ) ထိုသို့ လမ်းဖွင့်ပေးရာတွင် ဘဏ်များ ခြေချော်လက်ချော် မဖြစ်အောင် အာမခံစနစ်တစ်ခု အသက်သွင်းပေးခြင်း။
၎။ လုပ်ငန်းများ လွှဲပြောင်းယူရန် ကုမ္ပဏီများ ဖွဲ့စည်းထူထောင်ခွင့်ကို အလျင်အမြန် စီစဉ်ပေးခြင်း။
၅။ အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် အကျိုးကျေးဇူးရှိစေရန်အလို့ငှာ အများပိုင်ကုမ္ပဏီများ ထူထောင်ခွင့်ပေးခြင်း၊ လိုအပ်ပါက အစိုးရက ကနဦးမတည်ငွေ ရှယ်ယာထည့်ဝင်ပေးခြင်း၊ ရှယ်ယာရှင်များ အကျိုးစီးပွါး အကာအကွယ်ပေးမည့် စောင့်ကြည့်အဖွဲ့အစည်းများ ထူထောင်ပေးခြင်း။
၆။ အရင်းအနှီးရော နည်းပညာပါ လိုအပ်ချက်ရှိသည့် လုပ်ငန်းများကို ပုဂ္ဂလိကပိုင်ပြုရာတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ လိုအပ်သည့်အားလျော်စွာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တရားဝင် ၀င်ရောက်ခွင့်ကို အလျင်အမြန်စီစဉ်ပေးခြင်း၊ ရာနှုန်းပြည့် ခွင့်မပြုနိုင်သည့် လုပ်ငန်းများကို ဖက်စပ်လုပ်ကိုင်စေခြင်း၊ တရားမ၀င် နိုင်ငံခြားအရင်းအနှီးများ ၀င်ရောက်မလာနိုင်စေရန် တားဆီးပေးခြင်း။

…. စသည့် လုပ်ငန်းစဉ်များကို Comprehensive သဘော တစ်ပါတည်းဆောင်ကြဉ်းပေးရန် လိုအပ်ပါသည်။ နိုင်ငံတော်များ၏ စီးပွါးရေးကို ပြုပြင်စီရင်ခြင်းသည် ကားတစ်စီးကို မောင်းနှင်နေစဉ် ပြုပြင်စီရင်ခြင်းဖြစ်ရာ များစွာခက်ခဲသည့်တိုင် အကြိမ်ကြိမ်ပြန်လည်ပြင်ရခြင်း မဖြစ်စေရန်ကိုလည်း "အစကောင်းမှ အနှောင်းသေချာ" သဘောဆောင်ရွက်ရန် လိုအပ်ပေသည်။

(The Voice Weekly ဂျာနယ် အတွဲ ၆ အမှတ် ၁၅ မှ ပြန်လည်ကူးယူဖော်ပြပါသည်)

1 comment:

 
Web Statistics