ငယ်စဉ်တောင်ကျေး ကလေးဘ၀အရွယ် လူမှန်းသူမှန်းမသိခင်ကတည်းက ကျွန်တော်တို့တွေမှာ ကဗျာတွေနှင့် ရင်းနှီးခဲ့ရသည်ဟု ထင်မြင်မိသည်။ အငိုမရပ်သည့်သားငယ်၊ ဂျီကျနေသည့် သားငယ်ကို မိခင်တို့ခမြာ အငိုတိတ်ပြီး အိပ်ပျော်သွားရလေအောင် အမျိုးမျိုးချော့မော့၍ သိပ်ကြရလေသည်။ ထိုအမျိုးမျိုးထဲတွင် မိခင်တို့အတွက် အသုံးအ၀င်ဆုံးနှင့် အထိရောက်ဆုံးမှာ ကဗျာသီချင်းများကို သီကျူးရွတ်ဆိုခြင်း ဖြစ်လေသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ငယ်စဉ်ကတည်းကပင် သံစဉ်များ၊ ကာရန်များနှင့် ယဉ်ပါးနေခဲ့သည်ဟု ဆိုနိုင်မည်ထင်သည်။ တစ်နည်းပြောရလျှင် လူမှန်းမသိတတ်သေးသည့် အူဝဲအရွယ်ကတည်းက အခြားသောနည်းလမ်းများဖြင့် ချော့မော့သည်ထက် ကာရန်သံချိုချိုလေးများကို ကျွန်ုပ်တို့ ပိုမိုသဘောကျခဲ့သည်မှာ အသေအချာဖြစ်ပေသည်။
"လူကလေးရယ်ငို၊ ခိုဖမ်းလို့ပေး၊ ခိုဖြူခိုပြာနက်ရယ်၊ ဖမ်းခက်လှသေး" ဟူ၍ ရွတ်ဆိုပြီးလျှင် ငိုနေသောသားငယ်၊ သမီးငယ်တို့ကို ချော့မြူခဲ့ကြလေသည်။ ထို့အတူပင် "မိတ္ထီလာကန်တော်အောက်က၊ ဖားကောက်ခဲ့ပါ၊ ဖားပါရင် တစ်ကောင်နှစ်ကောင်ပေးပါ၊ မျက်လုံးရယ်ပြူးကြောင်ကြောင်နဲ့ ဖားကောင်ကသေး" ဟူသော အသံတို့ဖြင့်လည်းကောင်း၊ "လူကလေးရဲ့အိပ်ချိန်တန်၊ ဗျိုင်းကြီးရှေ့ကပျံ၊ ပျံလေသည့်ကိုရွှေဗျိုင်း၊ ညွတ်တွေက၀ိုင်း၊ ညွတ်ဝိုင်းတဲ့ကိုဗျိုင်းဖြူ၊ ကယ်သူကွယ်ရှိဘူး၊ မြစ်နဒီသောင်စပ်မှာ၊ တောင်ခတ်လို့လူး" ဟူ၍လည်းကောင်း ကလေးငယ်တို့ကို အိပ်ပျော်အောင် ချော့မြူခဲ့ကြလေသည်။
နည်းနည်းလေး သိတတ်သည့်အရွယ်၊ စကားစပြောသည့်အရွယ် ရောက်လာပြန်တော့ အမေ့ရင်ခွင်ထဲမှာ အသာမှိန်းရင်း အမေဆိုပြနေသည့် "ရွှေလမှာ ယုန်ဝပ်လို့၊ ဆန်ဖွပ်သည့်အဘိုးအို၊ ဟောကြည့်ပါဆို၊ ဆိုသာဆို၊ ပိုမိုသည့်စကား၊ ကလေးအငိုတိတ်အောင်၊ အရိပ်အယောင်ပြတယ်၊ ဖိုးလနတ်သား" ဟူသော အမေ့အသံကို နားထောင်ရင်း ကောင်းကင်တွင် ထွန်းလင်းနေသည့် လမင်းကြီးထဲမှာ အဘိုးကြီးအိုနှင့် သူ့ဘေးက ယုန်လေးကိုပင် လှမ်းမြင်လိုက်မိသေးသည်။ အတော်အတန်အရွယ်ရောက်သည်အထိ လမင်းကြီးကို မော့ကြည့်မိတိုင်း ဆန်ဖွပ်နေသည့် အဘိုးအိုနှင့် ယုန်လေးကို မြင်နေရဆဲ ဖြစ်ခဲ့ပေသည်။
ထို့ကြောင့်ပင် ကျွန်တော်တို့၏ မသိစိတ်ထဲ၌ ငယ်စဉ်တောင်ကျေးဘ၀ကပင် ကဗျာအပေါ် ချစ်မြတ်နိုးစိတ်များ ကိန်းအောင်နေခဲ့သည်ဟု ကျွန်တော်က ဆိုလိုခြင်းဖြစ်သည်။ ကဗျာအပေါ်ချစ်ခင်မြတ်နိုးခြင်းသည် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားခြင်းပင် ဖြစ်ပေသည်။ ယဉ်ကျေးလိမ္မာသော ကလေးငယ်များ၏ အနာဂတ်သည်လည်း သာယာဖြောင့်ဖြူးမည်မှာ ယုံမှားသံသယဖြစ်ဖွယ် မရှိချေ။ ငယ်စဉ်ကတည်းက ကဗျာသံများ၊ ဂီတသံများကြားတွင် ပျော်မွေ့ခဲ့ရသော ကလေးငယ်များ၏စိတ်သည် မည်သည့်အကြောင်းနှင့်မျှ ပတ်ဝန်းကျင်ကို ဖျက်ဆီးချင်စိတ်၊ ကမ္ဘာလောကကြီးကို ဖျက်ဆီးချင်စိတ်များ ရှိလာနိုင်မည် မဟုတ်ပါ။
ကျောင်းနေသည့်အရွယ်ရောက်လာတော့ "ရွှေဗဟိုရ် စည်သံများကိုလ၊ မကြားရ ကြာလေပြီ၊ လေးလရာသီ။ တိုင်းဌာနီ မဟုတ်ပါပြီလို့၊ ကြက်သံကို ဗဟိုရ်ပြုရတယ်၊ တောသူ့ရွာမို့" ဟူ၍ ရွတ်ဆိုရင်း ကျေးလက်တောရွာအလှကို မြင်ယောင်ခံစားမိကြရသည်။ "ရန်ကြီးအောင်၊ ကုန်းဘောင်ခ၊ ငါးမည်ရပြည်ရွှေဘို၊ ဘေးရန်ကပြို၊ မုဆိုးဘို၊ ရန်ပြိုတဲ့နာသိင်္ဃ၊ ဘိုးတော်ဒေသ" ဟူ၍ ရွတ်ဆိုကျက်မှတ်ရင်း ဆရာ၊ ဆရာမတို့ပြောပြသော သမိုင်းကြောင်းနှင့်ယှဉ်၍ ကြက်သီးမွေးညင်းထကာ မြို့ရွှေဘိုသို့ ချက်ချင်းပင်ပြေးကြည့်ချင်စိတ် ပေါက်မိခဲ့ကြရသည်။ နွေရာသီကျောင်းပိတ်ခါနီး လေရူးပွေချိန်တွင် "တောင်တောရယ်သာ၊ မာလာကငုံဖူး၊ တစ်ပင်ကိုနှစ်ပင်ယှက်တယ်၊ ကျေးငှက်ကမြူး"ဆိုပြီး ရွတ်ဆိုရင်းက ဘာကိုလွမ်းမှန်း၊ ဘာကိုဆွေးမှန်းမသိ ဖြစ်ခဲ့ကြရသေးသည်။
ဘာပဲဖြစ်ဖြစ် ကဗျာတို့၏ အခန်းကဏ္ဍသည် ကျွန်ုပ်တို့၏ ဘ၀တွင် အနည်းနှင့်အများဆိုသလို အရေးပါသော အခန်းကဏ္ဍက ပါဝင်ခဲ့သည်မှာ ငြင်းဆိုဖွယ်မရှိဟု ထင်ပါသည်။ ကဗျာသံတွေကြောင့် ကျွန်တော်တို့တွေ အိပ်ပျော်ခဲ့ရသည်၊ ကဗျာသံတွေကြောင့် ကျွန်တော်တို့တွေ ပြုံးပျော်ခဲ့ရသည်၊ ကဗျာသံတွေကြားမှာ စိတ်ကူးယဉ်ခဲ့ကြရသည်။ ကဗျာတွေဖတ်ပြီး ရင်ခုန်ကြည်နူးခဲ့ကြရသည်။ ကျွန်တော်တို့တွေအားလုံး တစ်နည်းမဟုတ် တစ်နည်းနည်းဖြင့် ကဗျာတွေနှင့် လုံးထွေးရစ်ပတ်နေခဲ့ကြသည်သာ ဖြစ်ပါသည်။
ရှေးအဆက်ဆက် ကဗျာက၀ိတို့ကြောင့် သင်ခန်းစာယူစရာများ၊ လိုက်နာကျင့်ကြံစရာများ၊ ပျော်ရွှင်ကြည်နူးဖွယ်ရာများ ခံစားခဲ့ကြရသည်။ သူ့ကျွန်ဘ၀တွင်လည်း မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးအတွက် ကလောင်ကိုသွေး၍ ကဗျာရေးကာ မြန်မာပြည်သူတို့ကို အလုပ်အကျွေးပြုခဲ့သော ကဗျာက၀ိသူရဲကောင်းတို့ ပေါ်ထွက်ခဲ့သည်မှာ အထင်အရှားပင် ဖြစ်သည်။ လွတ်လပ်ရေးရပြီးသည့်နောက်တွင်လည်း တိုင်းပြည်တိုးတက်ရေး၊ မြန်မာတို့ ယဉ်ကျေးမှုမြင့်မားရေး၊ စည်းကမ်းရှိရေးတို့အတွက် ကဗျာက၀ိအဆူဆူတို့က ထောက်ပြခဲ့၊ ညွှန်ပြခဲ့၊ ဖော်ထုတ်စပ်ဆိုပြခဲ့ကြပြီး ဖြစ်ပေသည်။ ယခုအချိန်အထိလည်း နည်းလမ်းအမျိုးမျိုး၊ ပုံစံအသွယ်သွယ်ဖြင့် အကြောင်းအရာအဖုံဖုံ၊ ဘ၀အစုံစုံကို ကဗျာဆရာတို့ ဖွဲ့စပ်သီကုံးနေဆဲ၊ စပ်ဆိုမွေးထုတ်နေဆဲပင် ဖြစ်သည်။
ကဗျာဆရာများအတွက် ထူးမြတ်လှသည့် ယနေ့ ၂၀၁၀ ပြည့်နှစ် မတ်လ ၂၁ ရက်နေ့ ကဲ့သို့ ကမ္ဘာ့ကဗျာနေ့တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ လူမျိုးမရွေး ဘာသာမရွေး ရှေးအဆက်ဆက် ကဗျာက၀ိကြီးများမှသည် ယနေ့ခေတ် ကဗျာက၀ိများအထိ ကဗျာများကို စပ်ဆိုခဲ့၊ စပ်ဆိုဆဲ၊ စပ်ဆိုနေဦးမည့် ကဗျာရေးဖွဲ့သူအပေါင်းကို မမေ့မလျော့ဖြင့် လေးမြတ်စွာ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
လောကအကျိုး၊ လူမျိုးအကျိုး၊ နိုင်ငံအကျိုးအတွက် ကဗျာကောင်းများ ဆထက်တပိုး ရေးသားစပ်ဆိုနိုင်ကြပါစေဟု…။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ် မတ်လ ၂၁ ရက်၊ တနင်္ဂနွေနေ့။
နံနက် ၉ နာရီ ၃၀ မိနစ်တွင်ပြီး၏။
No comments:
Post a Comment