ဒီနှစ်မှာတော့ မြန်မာ့ရိုးရာယဉ်ကျေးမှု နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ကို မြန်မာ့ရိုးရာဓလေ့စရိုက်တွေနဲ့ ကင်းကွာမသွားအောင် တာဝန်ရှိသူတွေက ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေကြတာကို တွေ့ရဖတ်ရတဲ့အတွက် ၀မ်းသာရတယ်။ အများစုကတော့ အကောင်းမြင်ကြမယ် မထင်ပါဘူး။ အုပ်စုနှစ်ခု ကွဲနေတယ်လို့ မြင်မိတယ်။ လူကြီးတွေက ကြိုဆိုကြတယ်၊ ၀မ်းမြောက်ကြတယ်၊ ဖြစ်သင့်တာကြာပြီလို့ မှတ်ချက်ပြုကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် လူငယ်တွေကတော့ ကြောင်တောင်တောင်လုပ်ရပ်လို့ မြင်ကြတယ်၊ အဓိပ္ပါယ်မရှိဘူးလို့ မြင်ကြတယ်။
သင်္ကြန်အဓိပ္ပါယ်တွေလွဲနေတယ်
ကျွန်တော့်အမြင်ကတော့ လုပ်သင့်တာကြာပြီဖြစ်တဲ့ လုပ်ရပ်လို့ မြင်ပါတယ်။ အခုမှ အရေးတယူ ထလုပ်တာဟာ နည်းနည်းများတောင် နောက်ကျနေသလားလို့ မြင်မိပါတယ်။ ဒါပေမယ့်လည်း မလုပ်တာထက်စာရင် နောက်ကျတာက ပိုကောင်းတယ်မဟုတ်လား။ သင်္ကြန်ဆိုတာ ပုံစံအမျိုးမျိုးနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတဲ့ ပွဲတော်တစ်ခု ဖြစ်နေခဲ့တယ်ဆိုတာ အားလုံးနီးနီး သိကြပါတယ်။ အရက်သောက်ပွဲတော်၊ မူးယစ်ရမ်းကားတဲ့ပွဲတော်၊ စိတ်ထင်တိုင်းကြဲတဲ့ ပွဲတော်တစ်ခု ဖြစ်နေတာ အတော်လေးတောင် ကြာခဲ့ပါပြီရော။ အရက်သောက်ပြီး မူးယစ်ရမ်းကားတာဟာ မြန်မာ့ရိုးရာမဟုတ်ပါဘူး၊ သင်္ကြန်တွင်းဆိုပြီး နှမချင်း မစာမနာ နှုတ်အားဖြင့်၊ ကိုယ်အားဖြင့် ထိကပါးရိကပါးလုပ်တာဟာ မြန်မာ့ယဉ်ကျေးမှု မဟုတ်ပါဘူး၊ သင်္ကြန်တွင်းမှာ သူငယ်ချင်းတွေစုဝေး အရက်သောက်ပြီး မူးမူးရူးရူး ကခုန်တာဟာလည်း မြန်မာမှုဓလေ့မဟုတ်ပါဘူး။
မြန်မာနှစ်သစ် ဘယ်လောက်ကိုကူး
သင်္ကြန်ဆိုတာ ပျော်စရာအခါသမယဆိုတာ မှန်ပါတယ်။ မြန်မာလူမျိုးတွေအတွက် တကယ့်ကို အနှစ်သာရအပြည့်နဲ့ ပျော်စရာကာလဖြစ်ပါတယ်။ မြန်မာတို့ရဲ့ နှစ်သစ်ကူးအချိန်အခါ ဖြစ်တာကြောင့်မို့ ထူးခြားတဲ့ အချိန်ကာလလို့တောင် ပြောလို့ရပါတယ်။ အခြားနိုင်ငံတွေမှာ Happy New Year ဆိုပြီး ရူးသွပ်ကြသလိုမျိုး မြန်မာတွေမှာလည်း ကိုယ်ပိုင်နှစ်သစ်ကူးပွဲတော် Happy New Year ရှိတယ်လို့ ဂုဏ်ယူနိုင်တဲ့ပွဲ ဖြစ်ပါတယ်။ အခုတော့ သင်္ကြန်ကျလို့သာ ပျော်ကြ၊ ရွှင်ကြ၊ ကဲကြ၊ ကွဲကြတယ်။ မြန်မာသက္ကရာဇ် ဘယ်နှခုနှစ်ကို ကူးပြောင်းမှန်းတောင် မသိတဲ့လူတွေက ဒုနဲ့ဒေး ဖြစ်ပါတယ်။ ဘယ်လောက်များ ရင်နာဖို့ကောင်းလိုက်ပါသလဲ။ ကိုယ့်ရဲ့ ကိုယ်ပိုင်နှစ်သစ်ကူးပွဲတော်ဟာ ဘယ်နှခုနှစ်ကို ကူးပြောင်းတယ်ဆိုတာ မသိပါဘဲ သင်္ကြန်ကို ခုတုံးလုပ်ပြီး လုပ်ချင်ရာလုပ်နေကြတာကို ဘယ်လိုများ ပြောရပါ့မလဲ။
မြို့မကိုကျေးဇူးတင်တယ်
သင်္ကြန်မှာ ရေကစားတဲ့အလေ့အထဟာ ဘယ်လိုဖြစ်လာသလဲ၊ ဘာကြောင့် ဒီလိုအချိန်မှာ တစ်ဦးနဲ့တစ်ဦး ရေပက်လောင်းကြသလဲ၊ မြန်မာ့ရိုးရာယဉ်ကျေးမှုနဲ့အညီ ရေသဘင်ပွဲ ဆင်ယင်နွှဲတယ်ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာတွေကို အခုခေတ်လူငယ်တွေ မသိသလောက် ဖြစ်သွားကြပါပြီ၊ သိလည်းမသိချင်ကြတော့ပါဘူး။ သူတို့အတွက် သင်္ကြန်ဆိုတာ မူးမယ်၊ ကမယ်၊ ပျော်မယ်၊ သွားမယ်ဆိုတာလောက်ပဲ အရေးကြီးတော့တာကိုး။ သင်္ကြန်မြို့တော်လို့ တင်စားကြတဲ့ မန္တလေးလို နေရာမှာတောင် အခုနောက်ပိုင်း သရုပ်ပျက်တွေ အများကြီးတွေ့လာရပြီ။ ဖြေသာတာတစ်ခုကတော့ ခေတ်လူငယ်တွေဟာ ဘယ်လောက်ကြီးပဲ ခေတ်ဆန်တယ်ပြောပြော မြို့မတီးဝိုင်းကိုတော့ သိသေးတာ၊ လေးစားသေးတာပဲ ဖြစ်ပါတယ်။ မြို့မနဲ့ မန္တလေး၊ မန္တလေးနဲ့သင်္ကြန်၊ သင်္ကြန်နဲ့မြို့မ ဆိုတာတွေဟာ တစ်သားတည်း ဖြစ်နေပြီဖြစ်တဲ့ အမှတ်အသားတွေ၊ သရုပ်သကန်တွေ ဖြစ်နေပါတယ်။ သင်္ကြန်လို့ ဆိုလိုက်တာနဲ့ လူတိုင်းနီးနီး တွဲပြီးမှတ်မိနေတာက မန္တလေးနဲ့မြို့မ ဖြစ်ပါတယ်။ ဘယ်အဆိုတော် ဘယ်လောက်ပဲ နာမည်ကြီးကြီး၊ ဘယ်သီချင်းတွေ ဘယ်လောက်ပဲကောင်းကောင်း၊ သင်္ကြန်မှာ မြို့မတီးဝိုင်းနဲ့ မြနန္ဒာလောက် ရင်ခုန်ဖို့ကောင်းတာ မရှိသေးဘူးလို့ ဆိုချင်ပါတယ်။ ခေတ်သီချင်းတွေဟာ နားထောင်နေတုန်းခဏတော့ လိုက်အော်လို့ကောင်း၊ လိုက်ကလို့ကောင်းပေါ့။ ဒါပေမယ့် မြို့မတီးဝိုင်းရဲ့ xxx မြနန္ဒာ၊ ရေညိုညိုရစ်ကာသန်းတော့၊ ရွှေမန်းတောင်ရိပ်၊ အတူတူခိုမယ် ပျိုဖြူတွေရယ် xxx ဆိုတဲ့ အသံကသာ ရင်ထဲအထိ ခံစားရတာဖြစ်ပါတယ်။ မြန်မာမှန်ရင်လေ အဲဒီသီချင်းကြားတာနဲ့ အလိုလိုကို ပျော်သလိုလို၊ ၀မ်းနည်းသလိုလို ဖြစ်လာရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ့ယဉ်ကျေးမှုတွေကို တစ်ဖက်တစ်လမ်းကနေ ထိန်းသိမ်းပေးနေသလို ဖြစ်နေတဲ့ မြို့မအဖွဲ့ကြီးကို ကျေးဇူးတင်ပါတယ်။ မြန်မာ့ယဉ်ကျေးမှုတွေကို အမှန်တကယ် ထိန်းသိမ်းနေတဲ့ NGO စစ်စစ် တစ်ခုလို့တောင် မြင်မိပါတယ်။
စီးပွားရေးသမားတွေ ပျော်တဲ့အချိန်
သင်္ကြန်မှာ မြန်မာတွေပျော်တာမပျော်တာ၊ လူငယ်တွေ ပျော်တာမပျော်တာတော့ အသေအချာ မသိပါဘူး။ ဒါပေမယ့် စီးပွားရေးသမားတွေကတော့ ပျော်နေမှာ အသေအချာပါပဲ။ ဘာကြောင့်လဲဆိုတော့ ဒီလိုအချိန်အခါဆိုတာ သူတို့အတွက် ပိုက်ဆံတွေကို ဒလဟောကို သဲ့ယူလို့ရနေတဲ့ကာလ ဖြစ်နေတာကိုး။ ဓာတ်ဆီရောင်းတဲ့လူတွေ၊ ဒီဇယ်ရောင်းတဲ့လူတွေ၊ သင်္ကြန်ပစ္စည်းရောင်းတဲ့လူတွေ၊ မဏ္ဍပ်တွေအတွက် သစ်တွေဝါးတွေ ရောင်းတဲ့လူတွေ၊ ဘီယာဆိုင်တွေ၊ အရက်ဆိုင်တွေ၊ အထူးကုဆေးခန်းကြီးတွေ စတဲ့စတဲ့ အမျိုးမျိုးသော လုပ်ငန်းကြီးတွေဟာ ဒီလိုအချိန်မှာ သိပ်ပျော်ကြမှာပေါ့။ သူတို့အတွက် သင်္ကြန်ဆိုတာ ရေသဘင်ပွဲတော် မဟုတ်ပါဘူး။ ပိုက်ဆံရှာပွဲတော် ဖြစ်ပါလိမ့်မယ်။ ကိုယ်ကြိုက်တဲ့ဈေးတင်ပြီး သင်္ကြန်တွင်းမို့ဆိုတဲ့ ခေါင်းစဉ်တပ်လိုက်ရင် ပြီးသွားတာပဲကိုး။
အရင်တုန်းကနဲ့ အခု သင်္ကြန်
ငယ်ငယ်တုန်းက ကျွန်တော်တို့ ကြုံခဲ့ရဖူးတဲ့သင်္ကြန်ကို ပြန်လွမ်းမိပါတယ်။ သင်္ကြန်ဆိုတာနဲ့ နယ်မြို့မှာနေခဲ့ရတဲ့ ကျွန်တော်တို့တွေ မျက်စိထဲမှာ ပြေးမြင်မိတာက အုန်းလက်မဏ္ဍပ်ရယ်၊ မုန့်လုံးရေပေါ်ရယ်၊ ယိမ်းအကတွေရယ်၊ သင်္ကြန်အလှပြကားတွေရယ်၊ ဘုရားသွားကျောင်းတက် လုပ်ကြတဲ့ သက်ကြီးရွယ်အိုတွေရယ်ပါ။ သင်္ကြန်တွင်းဆိုရင် လူကြီးတွေက ဘုန်းကြီးကျောင်းမှာ စိတ်အေးလက်အေး၊ နားအေးပါးအေး ဥပုသ်ယူမယ်၊ တရားနာမယ်၊ တချို့တွေက ရုံးပိတ်ရက်မှာ ဒုလ္လဘ၀တ်ကြတယ်၊ တချို့ကတော့ အိမ်မှာပဲ အေးအေးဆေးဆေး နားကြတယ်။ လူငယ်တွေကတော့ ဘယ်မဏ္ဍပ်မှာ ရေပက်မယ်၊ ဘယ်မြို့က သင်္ကြန်ကို သွားလည်ကြမယ်၊ ညပိုင်းမှာ မြို့လယ်မဏ္ဍပ်မှာ သင်္ကြန်ယိမ်းအကတွေ သွားကြည့်ကြမယ်၊ စသဖြင့်ပေါ့လေ။ အခုတော့ နယ်တွေမှာလည်း အတုမြင်အတတ်သင်တွေ ဖြစ်ကုန်ပါပြီလေ။ မြို့ပြယဉ်ကျေးမှုတွေက အဆီးအတားမရှိ နယ်တွေဆီကိုပါ ကူးစက်လာကြပါပြီ။ သင်္ကြန်ဆိုတာနဲ့ လူငယ်တွေက ဘယ်မှာသွားမူးကြမလဲ၊ ဘယ်မဏ္ဍပ်မှာ သွားကဲကြမလဲ၊ ဘယ်လိုသရုပ်ပျက် ၀တ်စားဆင်ယင်မှုတွေ လုပ်ရမလဲ ဆိုတာတွေကိုပဲ တွေးနေကြပြီ။ ဆံပင်ကလည်း အရောင်မျိုးစုံထွက်ပြီး ထောင်နေတယ်၊ ဘောင်းဘီကလည်း ဒူးနေရာကပြဲ၊ အနားကဖွာလန်ကြဲ၊ အင်္ကျီမှာလည်း အင်္ဂလိပ်စာလုံးအပြည့်နဲ့ စတစ်ကာတွေ၊ ပေါက်ကရအရုပ်မျိုးစုံနဲ့ ဒီဇိုင်းတွေ၊ လက်မှာကလည်း အချွန်တွေအတက်တွေ ပတ်ထားလိုက်တာ ဘာတွေမှန်းမသိတော့ဘူး၊ နွေရာသီ ပူပူလောင်လောင်ကြီး၊ ရေတစိုစိုမှာ စီးထားတဲ့ဖိနပ်ကလည်း တစ်ထွာလောက်မြင့်တဲ့ သားရေဘွတ်ဖိနပ်နဲ့၊ အရက်၊ ဘီယာသောက်ထားလို့ မျက်နှာကနီကြင်ကြင်၊ မျက်လုံးကရီဝေေ၀ ဖြစ်နေပါတယ်ဆိုမှ အရောင်မျိုးစုံကိုလည်း မျက်နှာပေါ်မှာ ကြောင်ခြစ်သလို ခြစ်ထားသေးတယ်၊ ခေါင်းပေါ်မှာကလည်း ဘာတံဆိပ်တွေမှန်းမသိတဲ့ ခေါင်းစည်းတွေ ထိုးထိုးထောင်ထောင်နဲ့။ ကဲ... အဲဒါ မြန်မာသင်္ကြန်လား။
တော်တဲ့လူငယ်တွေလည်း ရှိပါသေးတယ်
အဲဒီလိုတွေပြောနေတော့ ဒီနေ့ခေတ်လူငယ်လေးတွေ အသုံးမကျဘူး ပြောနေတယ်လို့ မထင်စေချင်ဘူး။ တချို့လူငယ်လေးတွေကျတော့လည်း အင်မတန်မှကို တော်ကြပါတယ်။ သင်္ကြန်တွင်းမှာ ရပ်ကွက်အလိုက်၊ မြို့အလိုက် စည်စည်ကားကားဖြစ်အောင် တက်တက်ကြွကြွနဲ့ လုပ်နေကြတဲ့ လူငယ်တွေရှိတယ်၊ တရားစခန်းတွေမှာ အားထုတ်နေကြတဲ့ လူငယ်တွေအများကြီးရှိတယ်၊ သင်္ကြန်တွင်းမှာ ဘုရားကျောင်းကန်တွေကို သန့်ရှင်းရေးလုပ်ဖို့ ညီညီညွတ်ညွတ်နဲ့ စိတ်တူကိုယ်တူ ဆောင်ရွက်နေကြတဲ့ လူငယ်အဖွဲ့လေးတွေရှိတယ်၊ သက်ကြီးရွယ်အိုတွေကို ခေါင်းလျှော်ပေးခြင်း၊ လက်သည်းခြေသည်းညှပ်ပေးခြင်း စတာတွေလုပ်ပေးကြတဲ့ လူငယ်တွေရှိတယ်။ အဲသည်လူငယ်တွေကရော သင်္ကြန်မှာ မပျော်ကြဘူးလားဆိုတော့ သူတို့တွေလည်း ပျော်ကြတာပါပဲ။ သူတို့လည်း ရေပက်ကြတယ်၊ ရေလောင်းကြတယ်၊ မဏ္ဍပ်တွေသွားကြတာပါပဲ။ ဒါပေမယ့် သူတို့ကတော့ သင်္ကြန်ဆိုတာ အရက်နဲ့ပျော်ရတဲ့ ပွဲတော်မဟုတ်ဘူးဆိုတာကို ကောင်းကောင်းသိကြသူတွေ ဖြစ်ပါတယ်။ ကိုယ့်စိတ်ပျော်ရွှင်ဖို့အတွက် အရက်သောက်စရာ မလိုပါဘူး။ စောစောကပြောတဲ့ ကုသိုလ်ရေးအလုပ်တွေကို လုပ်ခြင်းဟာလည်း မိမိစိတ်ကို အတိုင်းအဆမရှိ ပျော်ရွှင်စေပါတယ်။ ကုသိုလ်ရသလို၊ လူသာဓုခေါ်၊ နတ်သာဓုခေါ်ရတဲ့ အလုပ်မျိုးတွေ ဖြစ်ပါတယ်။
အရက်ကို ခါးခါးသီးသီး
ပြောခဲ့သမျှ အကြောင်းအရာတွေက အရက်နဲ့လွတ်တာကို မရှိတဲ့အတွက် အချို့က တစ်မျိုးမြင်နိုင်ပါတယ်။ သင်္ကြန်တွင်းမှာ အရက်သောက်တာကို အပြစ်ကြီးတစ်ခုလုပ်ပြီး ပြောနေတယ်လို့ မြင်စရာရှိပါတယ်။ သင်္ကြန်တွင်းမှာမှ မဟုတ်ပါဘူး၊ ဘယ်အချိန်မှာပဲဖြစ်ဖြစ် အရက်သောက်တာဟာ မကောင်းတဲ့အလုပ် ဖြစ်ပါတယ်။ အရက်သမား အမှားတစ်ထောင်လို့ ပြောတတ်ကြပါတယ်။ တကယ်တော့ အမှားက တစ်ထောင်ကမယ်တောင် မထင်ပါဘူး။ အရက်သမား အမှားများစွာလို့ပဲ ပြောချင်ပါတယ်။ သက်ဆိုင်ရာပညာရပ်တွေမှာ တစ်ဖက်ကမ်းခပ်အောင် တော်ပါလျက်နဲ့ အရက်ကြောင့် ဘ၀ပျက်သွားသူတွေ၊ ကျန်တဲ့အချိန်မှာ လူတိုင်းအပေါ် ကူညီတတ်၊ ရိုင်းပင်းတတ်ပေမယ့် အရက်သောက်ပြီးသွားရင် ဉာဉ်ဆိုးလွန်းတဲ့အတွက် ၀ိုင်းအကျဉ်ခံထားရသူတွေကို ပတ်ဝန်းကျင်မှာရော၊ စာတွေထဲမှာရော မြင်နေရတဲ့အတွက် အရက်ရဲ့ဆိုးကျိုးကို ကိုယ်တိုင်သောက်စရာမလိုဘဲ သိနေတာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အရက်သမားဆိုရင် ဘယ်လောက်ပဲတော်တော် အထင်မကြီးပါဘူး။ ငါးပါးသီလထဲမှာ အရက်သောက်ခြင်းဟာ အဆိုးဆုံးလို့ သိနားလည်ထားပါတယ်။ အရက်သောက်ပြီး မူးယစ်နေပြီဆိုရင် လူစိတ်ကင်းမဲ့ပြီး ကျန်တဲ့ လေးပါးလုံးကို ကျူးလွန်ဖို့ ၀န်မလေးတတ်ကြဘူးလို့ ဟောပြောတာတွေ၊ ရေးသားတာတွေကို ဖတ်ဖူး၊ နာဖူး၊ ကြားဖူးနေပါတယ်။ တကယ်လက်တွေ့မှာလည်း အဲဒီအတိုင်း ကြုံခဲ့ဖူးတာ မနည်းလှပါဘူး။ အရက်မူးပြီး ဖြစ်သွားရတဲ့ အမှုတွေ မြန်မာပြည်မှာမှ မဟုတ်ဘူး၊ နိုင်ငံတကာမှာလည်း ဘယ်လောက်များနေသလဲဆိုတာ စဉ်းစားကြည့်ဖို့ ကောင်းပါတယ်။ အဲလိုတွေ သိနေတဲ့အတွက် သင်္ကြန်တွင်းကာလတိုလေးမှာ လူငယ်တွေအနေနဲ့ အရက်ကြောင့် အမှားမှားအယွင်းယွင်း မဖြစ်စေချင်၊ ဘ၀တွေမပျက်စေချင်လို့ ခါးခါးသီးသီးကို ဆန့်ကျင်နေရခြင်း ဖြစ်ပါတယ်။ အရက်မဟုတ်ဘူး ဘီယာသောက်တာပါလို့ ပြောလာကြမှာတွေကိုလည်း ကြိုတင်ကြားယောင်နေမိသေးတယ်။
မြန်မာဆန်ဆန် ပျော်ကြရအောင်
သင်္ကြန်ဟာ မြန်မာတို့ရဲ့ ရိုးရာယဉ်ကျေးမှုပွဲတော် ဖြစ်ပါတယ်။ ဒီတစ်နှစ်တည်း ကြုံရမယ့်ပွဲတော်လည်း မဟုတ်ပါဘူး။ နှစ်စဉ်နှစ်တိုင်း ကမ္ဘာတည်သရွေ့၊ မြန်မာဆိုတာရှိနေသရွေ့ ကြုံနေရဦးမယ့် ပွဲတော်ဖြစ်ပါတယ်။ အဲဒီလိုပွဲတော်မှာ မြန်မာလူမျိုးတစ်ယောက်အနေနဲ့ မြန်မာယဉ်ကျေးမှုနဲ့အညီပဲ ပျော်ရွှင်စွာ ဖြတ်သန်းစေချင်ပါတယ်။ စိတ်ထင်တိုင်းကြဲပြီး လုပ်ချင်တာလုပ်ရမယ့် ပွဲတော်ဆိုပြီး သတ်မှတ်ထားကြရင်တော့ နောင်ဆိုရင် မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုတာ ဘာလဲလို့ ပြန်မေးရတဲ့အထိ ဖြစ်သွားပါလိမ့်မယ်။ ခဏလာလည်တဲ့ နိုင်ငံခြားသား တိုးရစ်တွေက ပုဆိုးတွေ၊ ထဘီတွေဝတ်၊ သပြေခက်နဲ့ ရေလောင်းနေတဲ့အချိန်မှာ ကျွန်တော်တို့မြန်မာတွေက ရင်ဟိုက်၊ ကျောဟိုက်၊ ဘောင်းဘီတို ပေါင်လည်လောက်ဝတ်၊ ရေစိုစိုမှာ မမြင်သင့်တာတွေ အကုန်မြင်ရအောင်ဝတ်စားပြီး သရုပ်ပျက်နေကြမယ်ဆိုရင်တော့ သင့်တော်မယ်မထင်ဘူးလို့ တွေးမိပါတယ်။ ခေတ်နဲ့အညီ ပျော်တာတော့ ပျော်ကြပါ၊ ခေတ်လူငယ်ပီပီ ကဲတာတော့ ကဲကြပါ၊ ခေတ်မီမီ ရေကစားကြတာတော့ ကစားကြပါ၊ ဒါပေမယ့် အရိုးပေါ်ကို အရွက်ဖုံးတဲ့အထိတော့ မဖြစ်စေဖို့ စဉ်းစားပေးကြပါဦးလို့ ဒီနေရာကနေ တိုက်တွန်းလိုက်ပါရစေ။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၅ ရက်၊ တနင်္လာနေ့။
နံနက် ၁၀ နာရီ ၃၅ မိနစ်တွင်ပြီး၏။
No comments:
Post a Comment