Thursday, April 22, 2010

ဥပေက္ခာ ၀တ္ထုတိုများ (၂)


သဘာဝဟာ သဘာဝပါ
ကိုဉာဏ် (ပန်းလောင်မြေ)
(၁)
"ဟဲ့သား... စာအုပ်ဖတ်ရင်း ဘာဖြစ်နေတာတုန်း၊ မျက်မှောင်ကြီးလည်းကျုံ့၊ ပါးစပ်ကလည်း ပွစိပွစိနဲ့"

"ဒီမှာလေ မေမေရဲ့၊ ပုံပြင်စာအုပ်ထဲမှာ "ယုန်နဲ့လိပ်" ပုံပြင်ကို ဖတ်နေရလို့"

အမေယုန်မကြီးက အသာအယာပြုံးလိုက်သည်။ ထို့နောက် ဒေါသထွက်နေသည့် သားငယ်ကို နှစ်သိမ့်လိုက်သည်။

"အဲဒါက ပုံပြင်ထဲမှာပါ သားငယ်ရယ်... ကြာပဲကြာလှပါပြီ"

"ပုံပြင်ဆိုပေမယ့် မဖြစ်နိုင်တာကိုတော့ မရေးသင့်ဘူးပေါ့ မေမေရယ်... သေသွားတဲ့ ဘိုးဘိုးဘွားဘွားတွေအတွက် ဘယ်လောက်ရှက်စရာ ကောင်းလိုက်သလဲ"

အမေယုန်မကြီးက ဘာစကားမှ မဆိုတော့ဘဲ ထွက်ခွာသွားသည်။ ယုန်လေးဖြူဖွေးကတော့ ပုံပြင်စာအုပ်ကိုကိုင်ရင်း အခန်းထဲမှာ အတွေးများစွာဖြင့် ကျန်နေရစ်ခဲ့သည်။

(၂)
ဘိုးဘိုးကြီးရဲ့ စကားသံကို အားလုံးက စိတ်ဝင်တစားနှင့် ငြိမ်သက်စွာ နားထောင်နေကြသည်။ မိဘများ အစာရှာသွားနေသည့် နေ့လည်ဘက်အချိန်တွင် မိမိတို့၏ ကလေးငယ်များကို ဘိုးဘိုးကြီးထံတွင် အပ်နှံခဲ့ကြရသည်။ ဘိုးဘိုးကြီးကလည်း အသက်အရွယ်ကြီးပြီ ဖြစ်သဖြင့် အရင်လို အစာရှာ မထွက်နိုင်တော့။ ကျန်ခဲ့သည့် ကလေးတွေကိုပဲ အဖော်လုပ်၊ အစောင့်လုပ်ပြီး အိမ်မှာကျန်ရစ်ခဲ့ရသည်။ အစာရှာပြန်လာခါမှ အိမ်နီးချင်းတွေက ဘိုးဘိုးကြီးအတွက် စားစရာနည်းနည်းစီ ခွဲဝေပေးကြသည်။ ကလေးတွေကို ဘိုးဘိုးကြီးနှင့် စိတ်ချယုံကြည်စွာ ထားခဲ့ရသည့်အတွက် အစာရှာရာတွင် စိတ်ပူစရာ၊ နောက်ဆံတင်းစရာ မလိုတော့သဖြင့် နှစ်ဦးနှစ်ဖက် အဆင်ပြေနေကြလေသည်။ ကလေးတွေကလည်း ဘိုးဘိုးကြီးနှင့် ဆော့ကစားရတာကို ပျော်ကြလေသည်။ အထူးသဖြင့် သူတို့တွေအတွက် ဘိုးဘိုးကြီးပြောပြသော ပုံပြင်များက စွဲဆောင်မှုအရှိဆုံး ဖြစ်လေသည်။ ဘယ်လောက်နားထောင်ရ၊ နားထောင်ရ သူတို့အတွက် ဘယ်တော့မှမရိုးသည့် ပုံပြင်ကတော့ ယုံနဲ့လိပ် အပြေးပြိုင်သော ပုံပြင်ဖြစ်သည်။ အခုလည်း လိပ်ဘိုးဘိုးကြီးက ယုန်နဲ့လိပ် ပုံပြင်ကို ပြောပြနေလေသည်။

"နောက်ဆုံးတော့ကွာ... ငါတို့ရဲ့ လိပ်သူရဲကောင်းက အရင်ဆုံး ပန်းဝင်သွားတာကွ"

"ဟေး"

ကလေးတွေက ဟေးကနဲထအော်ပြီး လက်ခုပ်တွေတီးကြသည်။ သူတို့လိပ်တွေအတွက် အဆိုပါ လိပ်သူရဲကောင်းသည် ငယ်စဉ်မှသည် သေသွားသည်အထိ လွှမ်းမိုးမင်းမူနေခဲ့သည် မဟုတ်ပါလား။ လိပ်ကလေး တုံ့နှေးကတော့ ဘိုးဘိုးကြီးပြောပြသည့် ပုံပြင်ကို နားထောင်နေရင်း အတွေးများဖြင့် လည်ပတ်နေခဲ့သည်။ ဂုဏ်ယူသည့်စိတ်၊ ပျော်ရွှင်သည့်စိတ်၊ ကြည်နူးသည့်စိတ်များဖြင့် ကြက်သီးမွေးညှင်းများပင် ထလာသေးတော့သည်။ ဒါပေမယ့် အဲဒီပုံပြင်ကိုပြောပြတိုင်း လိပ်ဘိုးဘိုးကြီးမျက်နှာမှာ အမျိုးအမည်မသိ ခံစားချက်တစ်ခုကို သူသတိထားမိလေသည်။

(၃)
"ဟေ့ကောင်၊ မင်း ဘာကြည့်တာလဲ"

"မင်းကရော ဘာကြည့်တာလဲကွ"

"ငါက ကြည့်ချင်လို့ ကြည့်တာကွာ၊ မင်းဘာလုပ်ချင်လဲ"

ယုန်ကလေးဖြူဖွေးနှင့် လိပ်ကလေးတုံ့နှေးတို့ တောလမ်းတစ်နေရာတွင် ဆုံတွေ့ကြခြင်း ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ဘာရန်ငြိုးရန်စမှ မရှိပါဘဲလျက် တစ်ဦးကိုတစ်ဦး ဘာကြောင့်ကြည့်မရသည်ကို နားမလည်နိုင်ကြချေ။ နောက်ဆုံးတော့ ငြင်းခုန်စကားများရင်း သူတို့နှစ်ယောက် အပြေးပြိုင်ဖို့ သဘောတူညီလိုက်ကြသည်။

(၄)
ဖြူဖွေးနှင့် တုံ့နှေး အပြေးပြိုင်မည့်သတင်းကို နီးစပ်ရာလက်ဆင့်ကမ်း ပြောကြရင်း တစ်တောလုံးနီးပါး သိသွားကြသည်။ သို့သော် ဘယ်သူကမှ အရေးတယူလုပ်ပြီး မေးမြန်းစုံစမ်းခြင်း မရှိကြ။ ကလေးတွေပီပီ အရူးထကြတာလို့ပဲ သတ်မှတ်ထားကြသည်။ ဖြူဖွေးသူငယ်ချင်း ၄-၅ ဦးနှင့် တုံ့နှေးရဲ့ သူငယ်ချင်းတွေကတော့ အားပေးဖို့ ရောက်နေကြချေပြီ။ အကွာအဝေးတစ်ခု သတ်မှတ်ပြီး ယှဉ်ပြိုင်ကြရန် သဘောတူကြသည်။

လိပ်ကလေးတုံ့နှေးက စီးထားသော ဖိနပ်ကို သေချာပြန်စစ်နေသည်။ ဖိနပ်ကြိုးတင်းနေသလို ဖြစ်နေသဖြင့် အသစ်ပြန်ပြင်စီးသည်။ ယုန်ကလေး ဖြူဖွေးကတော့ ခြေပြောင်နဲ့ပဲ ပြေးမယ်ဟုဆိုသည်။ တော်ကြာနေ... ဖိနပ်ကောင်းလို့နိုင်တာဟု ဘာညာအသံထွက်လာမှာစိုးလို့ဟု ဆင်ခြေပေးသည်။ နှစ်ယောက်စလုံး တာလွှတ်သည့်နေရာတွင် အဆင်သင့် ရပ်နေကြသည်။

"ရွှီ"

ခရာသံကြားသည်နှင့် နှစ်ယောက်လုံး တာထွက်ကြသည်။ ယုန်ကလေးဖြူဖွေးကို ဖြတ်ခနဲသာ မြင်လိုက်ရသည်။ အလျင်အမြန် ပြေးထွက်သွားသည်မှာ ဒုံးပျံပစ်လိုက်သလား အောက်မေ့ရသည်။ လိပ်ကလေးတုံ့နှေးကတော့ တစ်လှမ်းချင်းအားစိုက်ကာ ပြေးနေလေသည်။ ဒီနေ့ကျမှ အရင်နေ့တွေကထက် ပိုမိုပေါ့ပါးပြီး သွက်လက်နေသည်ဟု ထင်နေမိသည်။

"ဝေးးးးး ဖြူဖွေးကွ၊ ဖြူဖွေး၊ ယုန်ဖြူဖွေးကွ"

ဖြူဖွေးသူငယ်ချင်းတွေက ထအော်လိုက်သဖြင့် တုံ့နှေး ခေါင်းထောင်ကြည့်လိုက်သည်။ အလို... ဖြူဖွေးက ပန်းတိုင်နေရာမှာ စိုက်ထားသော ဒေါင်းမြီးတံကို ကိုက်ပြီး ပြန်လာနေချေပြီ။ သူ့ပုံစံကလည်း ချွေးတောင်မထွက်ဘူးဟူသည့် မျက်နှာပေးဖြင့် တုံ့နှေးကို ကလိနေသည်ဟု မြင်မိသည်။ ပန်းဝင်သည့်နေရာသို့ ဖြူဖွေးပြန်ရောက်လာပြီး သူ့သူငယ်ချင်းတွေကို ဒေါင်းမြီးတံကို ပေးလိုက်သည်။ သူငယ်ချင်းတွေက ဖြူဖွေးကို ၀ိုင်းပတ်ပြီး ကခုန်နေကြသည်။ တုံ့နှေးကတော့ မျက်နှာမသာမယာဖြင့် သူငယ်ချင်းများနှင့်အတူ ပြန်သွားခဲ့လေသည်။

(၅)
"ဒီလိုနဲ့... နောက်ဆုံးတော့ကွယ်... ငါတို့ရဲ့ လိပ်သူရဲကောင်းကြီးက အနိုင်ရသွားတာပေါ့"

"ဟေး"

"ဘိုးဘိုးတုံ့နှေး၊ နောက်နေ့ကျရင်လည်း အဲဒီ "ယုန်နဲ့လိပ်" ပုံပြင်ကို ပြောပြဦးနော်"

"အေးပါကွယ်၊ အေးပါ၊ သွား.. သွား... သွားဆော့ကြတော့၊ အချင်းချင်း ရန်မဖြစ်ကြနဲ့နော်"

"ဟုတ်ကဲ့ပါ ဘိုးဘိုး"

ကလေးတွေ ထွက်သွားတော့မှ မျက်ဝန်းထောင့်တွင် တွဲလွဲခိုနေသည့် မျက်ရည်ဥတို့ကို အသာအယာသုတ်လိုက်မိသည်။ လွန်ခဲ့သည့် အချိန်ကာလတစ်ခုဆီက ဖြူဖွေးနှင့်သူ အပြေးပြိုင်ခဲ့ကြတာကို တွေးမိတိုင်း......။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၂ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၂ နာရီ ၂၄ မိနစ်တွင်ပြီး၏။

1 comment:

  1. အောင်မော်10:56 AM

    တွေးစ၇ာလေးတွေပေးသွားတာကိုသဘောတွေ့မိတယ်။

    ReplyDelete

 
Web Statistics