ခင်ဗျားဘလော့ဂ်မှာ စာရေးဆရာတစ်ယောက်ရဲ့ ဆောင်းပါးတွေကို အမြဲလိုလို တင်ပေးတတ်တယ်နော်။ အဲဒီစာရေးဆရာကို အတော်ကြိုက်သလားဗျတဲ့။ အမြဲလိုလို အမေးခံရတတ်တဲ့ မေးခွန်းဖြစ်ပါတယ်။ အတော်လည်း အဖြေရခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြိုက်တယ်၊ မကြိုက်ဘူးလို့ ဖြေလိုက်ရုံနဲ့ ပြီးနိုင်တဲ့ "Yes" or "No" ပုစ္ဆာမျိုး မဟုတ်လို့ပါပဲ။ သူတို့တွေအမြင်က အဲဒီစာရေးဆရာဟာ ကျွန်တော့်အတွက် ကိုးကွယ်ရာ၊ ယုံကြည်ရာ၊ အတုယူစရာ ဖြစ်နေတယ်လို့ ထင်နေကြပုံရပါတယ်။
ယေဘုယျအားဖြင့် အများပြောတတ်သလို ပြောရမယ်ဆိုရင်တော့ သူရေးတဲ့စာတွေကို ကြိုက်ပါတယ်လို့ ဖြေနိုင်မယ် ထင်ပါတယ်။ အဲဒီလိုဖြေတဲ့အတွက် သူရေးသမျှကို လက်ခံယုံကြည်တယ်၊ ကိုးကွယ်တယ်၊ လိုက်နာကျင့်သုံးတယ်လို့ မဆိုလိုပါဘူး။ သူရေးတဲ့စာ အများစုကိုတော့ ကြိုက်နှစ်သက်တာ၊ မက်မက်မောမော ဖတ်ဖြစ်တာတော့ အမှန်ပါပဲ။ အချို့အယူအဆတွေမှာ ကျွန်တော့်ယုံကြည်ချက်တွေ မတူတာမျိုး ခဏခဏ ကြုံရပါတယ်။ အဲဒီလို အခါမျိုးမှာဆိုရင်တော့ ဘယ်ကလာပြီး သူ့အယူအဆကို ကြိုက်ပါ့မလဲ။ လူဆိုတာ ကိုယ့်အယူအဆကိုပဲ ကိုယ်အမှန်လို့ ထင်တတ်ကြတာပဲ မဟုတ်လား။ တချို့အယူအဆတွေကိုတော့ သူရေးထားတာဖတ်ပြီး ပြန်ဆင်ခြင်သုံးသပ်ကြည့်တဲ့အခါ လက်ခံရမှာမျိုး ဖြစ်နေတဲ့အတွက် ကျွန်တော့်အယူအဆကို ပြောင်းလဲပစ်လိုက် ရတာတွေလည်း ရှိခဲ့ပါတယ်။ အဲဒီလို ပြောင်းလဲခဲ့ရတာလည်း အတော်လေးများပါတယ်။
သေချာတာကတော့ တစ်ပတ်တစ်ပတ် ဘယ်ဂျာနယ်မှာ သူဘယ်လိုရေးမလဲ ဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ဖတ်ရတာဟာ အင်မတန်မှကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ အဲဒီလို ပြောတဲ့အတွက် အချို့တွေကတော့ ပိုတယ်လို့ ဆိုကြမှာပါပဲ။ ဒါပေမယ့် ကိုယ်တကယ်ကြိုက်နှစ်သက်တဲ့ စာရေးဆရာတစ်ယောက်ရဲ့ စာတွေကို စောင့်ဖတ်ဖူးတဲ့ လူတွေအတွက်တော့ ကျွန်တော့်ခံစားချက်ကို နားလည်ပေးနိုင်ကြမယ် ထင်ပါတယ်။ (ဟိုးအရင်တုန်းက စာရေးဆရာမကြီး တစ်ယောက်ရဲ့စာတွေကို အမြဲတမ်း တမ်းတမ်းတတနဲ့ စွဲလန်းနှစ်ခြိုက်ခဲ့ဖူးတယ်။ ထွက်သမျှစာအုပ် အကုန်နီးပါးဖတ်ဖူးတယ် ဆိုတဲ့အထိ သဘောကျနှစ်သက်ခဲ့ရတာ။ ဒါပေမယ့် အကြောင်းကြောင်းတွေကြောင့် အဲဒီစာရေးဆရာမကြီးက စာအုပ်ထွက်တာ အရမ်းကို ကျဲပါးသွားတယ်။ အင်မတန် ရေးနိုင်လိုက်တာဆိုတဲ့ ကလောင်တစ်ချောင်း အရေးမသွက်တော့တာကိုတော့ နှမြောမိတာ အမှန်ပါပဲ။)
အခြားလူတွေနဲ့ အကြိုက်ချင်း တူချင်မှတူမှာ ဖြစ်ပေမယ့် အဲဒီစာရေးဆရာကို ကျွန်တော်ကြိုက်ရခြင်း အကြောင်းအရာတွေကတော့-
- ရေးနိုင်လိုက်တာလို့ နှုတ်ကထွက်ပြီး သြချရလောက်အောင် စာတွေကို အဆက်မပြတ် ရေးနိုင်တာ။
- ရေးသမျှစာတွေထဲမှာ တွေးစရာ တစ်ခုမဟုတ်တစ်ခု ထည့်ပေးတတ်တာ။
- ပြောချင်တဲ့အကြောင်းအရာအပေါ်မှာ ဖတ်တဲ့လူ ချက်ချင်းလက်ငင်း သဘောပေါက်သွားအောင် ရှင်းရှင်းလင်းလင်း ရေးနိုင်တာ။
- မြန်မာပြည်၊ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာတွေကို ချစ်ခင်မြတ်နိုးတာ။
- ကိုယ်ယုံကြည်တဲ့အပေါ်မှာ ရဲရဲဝံ့ဝံ့ ထုတ်ဖော်တင်ပြရဲတာ။
ကျွန်တော်သဘောအကျဆုံးကတော့ နေ့စဉ် မဖြစ်မနေ စာရေးတယ်ဆိုတဲ့ သူ့အကျင့်ပါပဲ။ စာရေးချင်တဲ့လူ တစ်ယောက်အတွက် ရေးစရာတွေ အများကြီးရှိနေတယ်ဆိုတဲ့ သက်သေပြချက်တစ်ခုလည်း ဖြစ်ပါတယ်။ အဲဒါကြောင့်လည်း သူ့စာတွေကို စွဲစွဲမြဲမြဲ ဖတ်လာပြီဆိုကတည်းက နေ့စဉ်ဆိုသလို စာရေးဖြစ်အောင် ကျွန်တော်ကြိုးစားပါတယ်။ စိတ်တိုင်းမကျလို့ ဘလော့ဂ်မှာ မတင်ဖြစ်ရင်တောင် ကွန်ပျူတာထဲမှာတော့ ပြောချင်၊ ရေးချင်တာတွေကို ကဗျာဖြစ်စေ၊ ဆောင်းပါးဖြစ်စေ၊ ၀တ္ထုတိုဖြစ်စေ၊ မှတ်စုသဘောမျိုးဖြစ်စေ အချိန်ပေးပြီး ရေးဖြစ်ခဲ့ပါတယ်။ အဲဒီရဲ့ အကျိုးသက်ရောက်မှုကတော့ လုပ်ပါများလာတဲ့အခါ အခုဆိုရင် တွေ့သမျှ အကြောင်းအရာအားလုံးက ကျွန်တော့်အတွက် စာရေးချင်စရာတွေ ဖြစ်နေတာပါပဲ။ ဗီဒီယိုကြည့်နေရင်းလည်း စာရေးစရာ အတွေးပေါ်တယ်။ လမ်းလျှောက်နေရင်းလည်း စာရေးဖို့အချက်အလက် တွေးနေမိတတ်တယ်။ စာရေးချင်တဲ့စိတ်က ဘယ်လောက်တောင် များနေသလဲဆိုရင် စားလည်းဒီစိတ်၊ သွားလည်းဒီစိတ် ဖြစ်နေတဲ့အတွက် ကိုယ့်ဘာသာကိုယ် မနည်းပြန်ပြီး ထိန်းနေရတဲ့ အထိပါပဲ။ ကွန်ပျူတာရှေ့မှာ ထိုင်မိရင် အိပ်ရေးပျက်တတ်လွန်းလို့ မှတ်စုစာအုပ်ထဲမှာပဲ တေးမှတ်ထားလိုက်ပြီး နောင်အချိန်ရမှ ပြန်ရေးတာမျိုးကို လုပ်ရပါတယ်။ သူကတော့ စာရေးဆရာမို့ စာရေးတာကို အလုပ်တစ်ခုအနေနဲ့ လုပ်နိုင်ပေမယ့် ကျွန်တော့်အတွက်ကတော့ အခြားဦးစားပေးစရာ အလုပ်တွေ ရှိနေသေးတာကိုး။
ပြောချင်တာကတော့ အဲဒီစာရေးဆရာကြီးကို ကျွန်တော်လေးစားပါတယ်၊ သူပြောသမျှ၊ ရေးသမျှ အကြောင်းအရာအားလုံးကို လက်မခံနိုင်ပေမယ့် သူ့အယူအဆအပေါ် သူယုံယုံကြည်ကြည်နဲ့ ရေးနေတာတွေကိုတော့ လေးလေးစားစားဖတ်ပါတယ်။ သူ့စာအများစုကိုလည်း မလွတ်တမ်း စောင့်ဖတ်ဖြစ်ပါတယ်။ ကျွန်တော့်အတွက် ကိုးကွယ်ရာ၊ ယုံကြည်ရာ ဆိုတဲ့အထိတော့ မဟုတ်ရပါဘူး။ ဒါပေမယ့် စာရေးချင်တဲ့ ကျွန်တော့်အတွက်တော့ သူဟာ အတုယူ၊ လေးစား၊ အားကျဖို့ကောင်းတဲ့ စာရေးဆရာတစ်ဦး ဆိုတာကတော့ အသေအချာပါပဲ။
သူ့လိုမျိုး စာတွေအများကြီး ရေးချင်တယ်၊ အတွေးတွေအများကြီး ပေးချင်တယ်၊ ယုံကြည်တာကို ယုံကြည်တဲ့အတိုင်း ထုတ်ဖော်တင်ပြချင်တယ်။ သူ့စာတွေ အများကြီးဖတ်ခဲ့တဲ့အတွက်၊ ဖတ်နေတဲ့အတွက် သူ့ရဲ့ ဒဿနတွေ၊ ရေးဟန်ပြောဟန်တွေ ကျွန်တော့်မှာ ပူးကပ်နေတယ်ဆိုရင်လည်း "ဟုတ်မှာပါဗျာ" လို့ ပြန်ပြောရုံမှတစ်ပါး...........။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၂ ရက်၊ ကြာသပတေးနေ့။
နေ့လည် ၁ နာရီ ၂၈ မိနစ်တွင်ပြီး၏။
No comments:
Post a Comment