အခုလတ်တလော ကြားရသမျှ၊ ဖတ်ရသမျှ သတင်းတွေထဲက အမှတ်ထင်ထင် ဖြစ်နေတာလေးတွေကို ပြန်ပြီးဖောက်သည်ချတာပါ။ ဘယ်သတင်းကို ဘယ်လိုကြားကြောင်း၊ ကျွန်တော်က ဘယ်လိုထင်ကြောင်း စသည်ဖြင့် လက်ဘက်ရည်ဆိုင်ပြီး လေကန်သလိုမျိုး ပြောပြထားတာပါ။ နှစ်သက်နိုင်ကြပါစေဟု....။
(၁)
အခုတလော လူတိုင်းအပြောဆုံးသတင်းနဲ့ပဲ စလိုက်ကြတာပေါ့။ အခြားမဟုတ်ပါဘူး။ အိုက်စလန်က မီးတောင်တစ်ခုကြောင့် ဥရောပနိုင်ငံတွေ ကမောက်ကမ ဖြစ်ကုန်တဲ့သတင်းပေါ့။ သိပြီးသားပေမယ့် အကြမ်းဖျင်းပြန်ပြောရရင် မီးတောင်ပြာမှုန် တိမ်တိုက်တွေကြောင့် ဥရောပက လေယာဉ်ခရီးစဉ်တွေ ထောင်နဲ့ချီပြီး ဖျက်လိုက်ရတာတွေ၊ လေကြောင်းလိုင်းတွေ အထိနာသွားတာတွေပေါ့။ သဘာဝမီးတောင်တစ်ခုရဲ့ အကျိုးသက်ရောက်မှုဟာ နိုင်ငံတွေအများကြီးအတွက် ခေါင်းချင်းရိုက်လောက်အောင်၊ စီးပွားရေးတွေ ကမောက်ကမဖြစ်ကုန်စေတယ်ဆိုတာ ဘယ်လောက်များ အံ့သြစရာ ကောင်းလိုက်သလဲ။ အားလုံးကို ဖန်တီးတီထွင်နိုင်တယ်ဆိုတဲ့ လူသားတွေဟာ သဘာဝမီးတောင်တစ်ခုရဲ့ ကလူကျီစယ်မှုကို ဒီအတိုင်း လက်ပိုက်ကြည့်နေရတာ ဘယ်လောက်များ ခံပြင်းဖို့ ကောင်းသလဲ။ ဒါပေမယ့် တစ်ခုတော့ ဖြေသာစရာ ရှိပါတယ်။ တစ်ချို့နေရာတွေမှာ သဘာဝဟာ သဘာဝအတိုင်းပဲ ဖြစ်နေတာ ကောင်းမယ်ထင်ပါတယ်။ သဘာဝတရားအားလုံးကို လူသားတွေက လိုက်ပြီး ပြုပြင်ပြောင်းလဲနေတာ၊ ဖန်တီးယူနေတာဟာ သဘာဝမကျဘူးလို့ မြင်မိပါတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော်တို့တွေလည်း လူသားမဆန်တော့သလို ဖြစ်လာနေတာ အတော်ကြာခဲ့ပြီပေါ့။ နောက်ဆိုရင် တီထွင်ထားတဲ့ စက်ရုပ်တွေက လူသားဆန်ပြီး၊ လူသားတွေက စက်ရုပ်ဆန်ကုန်ကြတော့မလား မပြောတတ်ပါဘူး။သူများနိုင်ငံတွေက လေယာဉ်ခရီးစဉ်တွေ ဖျက်သိမ်းကုန်တာ၊ ခရီးသွားတွေ ဒုက္ခရောက်တာကိုတော့ စိတ်မကောင်းဖြစ်ရပေမယ့် သဘာဝတရားဟာ လူသားတွေကို အနိုင်ရသေးတယ် ဆိုတဲ့အတွက်တော့ ကျေနပ်မိတာ အမှန်ပဲ။ ကျွန်တော်တို့နိုင်ငံမှာတော့ အဲဒီလိုမျိုး မီးတောင်ပြာတွေကြောင့် ခရီးစဉ်နှောင့်နှေးတာတွေမျိုး မဖြစ်နိုင်ဘူးလို့ ထင်တာပါပဲ။
မီးတောင်ပြာမှုန့်တွေ ပျံ့လွင့်နေတဲ့ ဧရိယာအခြေအနေနဲ့ လေယာဉ်ခရီးစဉ်တွေ အခြေအနေကို အောက်ပုံမှာ ကြည့်ရှုနိုင်ပါတယ်။
A. မီးတောင်တွေရဲ့ သဘောသဘာဝကို Animation နဲ့ ရှင်းပြထားတာကိုကြည့်ရန်
B. အိုက်စလန်က မီးတောင်တည်ရှိတဲ့နေရာရဲ့အကြောင်းကိုလေ့လာရန်
C. ကြည့်ဖြစ်အောင် သွားကြည့်သင့်တဲ့ မီးတောင်နဲ့သက်ဆိုင်တဲ့ ဓာတ်ပုံတွေ
(၂)
ဘယ်မှာနေမှန်းလည်းမသိ၊ ဘယ်ရောက်နေမှန်းလည်းမသိ၊ သေသလား၊ ရှင်သလားလည်းမသိရဘဲ ပျောက်ချင်းမလှပျောက်နေတဲ့ ကမ္ဘာကျော် အကြမ်းဖက်သမားကြီး အိုစမာဘင်လာဒင်လည်း Facebook သုံးတယ်ဆိုတော့ အံ့သြရပြန်ရော။ အမေရိကန်တွေကပဲ လုပ်ကြံတာလား၊ တကယ်ပဲ ဘင်လာဒင်က Facebook သုံးသလားဆိုတာကတော့ သူကိုယ်တိုင်မှပဲ သိနိုင်မယ်ထင်ပါရဲ့။ တကယ်သုံးတယ်ဆိုရင်တော့ အတော်မလွယ်တဲ့လူလို့ မှတ်ချက်ချရမယ်ထင်ပါရဲ့။ သူ့စာမျက်နှာနာမည်က mountains of the world လို့ ဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရပါတယ်။ အခုတော့ အဲဒီစာမျက်နှာကို ဖယ်ရှားလိုက်ကြတယ်လို့ သိရတာပဲ။ထားပါတော့... ပြောချင်တာက ဘင်လာဒင်ကို ဘာဖြစ်လို့ အမေရိကန်တွေက သေစာရင်းမသွင်းဘဲ ခဏခဏ အသက်သွင်းနေသလဲဆိုတဲ့ မေးခွန်းပါ။ အတော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ တစ်ခါတရံမှာ နိုင်ငံရေးလှည့်ကွက်တွေဟာ အင်မတန်မှကို နားလည်ရခက်တဲ့အတွက် ဘင်လာဒင်ဆိုတဲ့ နာမည်တစ်ခုဟာ ဘယ်အချိန်အထိ အမေရိကန်တို့အတွက် အသုံးဝင်နေဦးမလဲဆိုတာကို တွေးနေမိတယ်။
(၃)
အဆိုတော် မျိုးကျော့မြိုင်နဲ့ မင်းသမီးတစ်ယောက် အိမ်ထောင်ကျသွားပြီဆိုတဲ့ သတင်းကို ဘာဖြစ်လို့ လူပြောများနေသလဲဆိုတာ စဉ်းစားနေမိပြန်ပါရောလား။ လူတစ်ယောက် အိမ်ထောင်ပြုတာ ဘာဆန်းတာမှတ်လို့ဗျာ။ ထားပါတော့.. မျိုးကျော့မြိုင်က အဆိုတော်ဆိုတော့ နာမည်ကြီးမို့ စိတ်ဝင်စားကြတာကို လက်ခံပါတယ်။ အခုတော့ သူ့ဟာသူ အိမ်ထောင်ကျတဲ့လူကိုပဲ ပြောနေလိုက်ကြတာများ နားထောင်နေရင်းနဲ့ အံ့သြလို့မဆုံးဘူး။ သူတို့ပြောနေကြတာတွေကို ဘယ်လိုများ သိကြသလဲ၊ တကယ်ရော ဟုတ်ရဲ့လားဆိုတာကို ဝေခွဲလို့လည်းမရ၊ ယုံလို့လည်းမရဘူး ဖြစ်နေတယ်။ ကျွန်တော်က မယုံကြည်ကြောင်း အမူအရာနဲ့ပြမိတော့ မင်းကတော့ ဘာမှမသိတဲ့ ငတုံးပါပဲဆိုတဲ့ အကြည့်မျိုးနဲ့ အကြည့်ခံလိုက်ရတာပဲ အဖတ်တင်တယ်။ တစ်ခါတလေတော့လည်း ဘာမှမသိတာက ပိုကောင်းမယ်ထင်ပါရဲ့။ဘာပဲပြောပြော "အသက်.... အထီးကျန်ဆန်လွန်းတယ်" ဆိုတဲ့သီချင်းကိုတော့ ကိုမျိုးကျော့မြိုင် ဆိုစရာမလိုတော့ဘူးပေါ့ဗျာ။ ၀မ်းသာပေးလိုက်ပါတယ်။
(၄)
အိန္ဒိယက နာမည်ကြီးတင်းနစ်မယ် မီယာဇာနဲ့ ပါကစ္စတန်က ခရစ်ကတ်အသင်းခေါင်းဆောင်ဟောင်း မင်္ဂလာဆောင်တဲ့ သတင်းကလည်း စိတ်ဝင်စားဖို့ ကောင်းသဗျ။ အိန္ဒိယနဲ့ ပါကစ္စတန်ဆိုတာက တကယ့်ရန်ဖက်တွေ။ အဲဒီလို နိုင်ငံနှစ်ခုက နာမည်ကြီး အားကစားသမားနှစ်ယောက် လက်ထပ်လိုက်ကြတာဟာ ထူးထူးဆန်းဆန်းနဲ့ အံ့သြစရာတွေ ဖြစ်သွားတာပေါ့။ ခြိမ်းခြောက်မှုတွေ များတဲ့အတွက် သူတို့အနေနဲ့ အာရပ်နိုင်ငံတစ်ခုမှာ အခြေချမယ်လို့ သိရတယ်။အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၉ နာရီ ၃၄ မိနစ်တွင်ပြီး၏။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။
ည ၉ နာရီ ၃၄ မိနစ်တွင်ပြီး၏။
အစ်ကိုရော
ReplyDeleteအချစ်နဲ့တွေ့ရင် ဘယ်လို လုပ်မှာလဲဟင် ...နည်းနည်း စပ်စုကြည့်တာပါ
ညီမ
ကိုညဏ်ကဘုန်းကြီးဝတ်မှာ..တဲ့
ReplyDeleteစာေ၇းဆ၇ာတစ်ယောက်ပြောဘူးတယ်...
လက်ထပ်တယ်ဆိုတာ ကိုယ်ပိုင်တဲ့မြို့ကို
၇န်သူ့လက်ထဲထည့်ပေးလိုက်၇သလိုပါဘဲတဲ့။