Thursday, May 06, 2010

သတင်းသမားဆိုတာ ဆွဲချမလုပ်ရဘူး - လူထုစိန်ဝင်း


"ဂျာနယ်ရုံးတော်စီရင်ချက်" ဆိုတဲ့ခေါင်းစဉ်နဲ့ စာတစ်ပုဒ် ရေးခဲ့ဖူးပါတယ်။ မှုခင်းသတင်း ရေးကြတဲ့အခါမှာ လူသတ်ကောင် ဘယ်သူ၊ မုဒိမ်းကောင် ဘယ်ဝါ၊ ဖောက်ထွင်းရေးသမား မောင်ဟိုဒင်း စသဖြင့် နာမည်တွေနဲ့အတူ နာမ၀ိသေသနပုဒ်တွေပါ တပ်ပေးလိုက်ကြတာတွေနဲ့ ပတ်သက်ပြီး ရေးခဲ့တာဖြစ်တယ်။

ဥပဒေသတ်မှတ်ချက်
မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှာ ကျင့်သုံးကြတဲ့ တရားဥပဒေစနစ်တွေမှာ တရားရုံးတော်က အပြစ်ရှိတယ်လို့ စီရင်ဆုံးဖြတ်ခြင်း မပြုသမျှ ကာလပတ်လုံး မည်သူမဆို အပြစ်မရှိတဲ့ နိုင်ငံသူ၊ နိုင်ငံသားများ ဖြစ်ကြတယ်လို့ အတိအလင်း သတ်မှတ်ထားကြပါတယ်။ တစ်စုံတစ်ယောက်က စွပ်စွဲတယ်ဆိုရုံမျှနဲ့ အပြစ်ရှိတယ်လို့ သတ်မှတ်ပြောဆို ရေးသားခြင်း မပြုနိုင်ပါဘူး။ ရဲ ဒါမှမဟုတ် အစိုးရဥပဒေရုံးက ရုံးတော်မှာ လျှောက်ထားစွဲချက်တင်ရုံနဲ့လည်း အပြစ်ရှိတယ်လို့ သတ်မှတ်ခြင်း မပြုနိုင်သေးပါဘူး။ အဲဒီအဆင့်မှာ သံသယရှိသူ (suspected)၊ စွပ်စွဲခံရသူ (accused, alleged) ဆိုတဲ့ အသုံးအနှုန်းများသာ သုံးနိုင်ပါတယ်။

သြဇာသုံးခြင်း
စွဲချက်တင်တယ်ဆိုတာက စွပ်စွဲသူဘက်က အမှုအခင်းဖြစ်ပျက်ပုံ အခြင်းအရာတွေကို အခိုင်အမာ တည်ဆောက်ပြီး သက်သေသက္ကာရတွေ အစုံအလင်နဲ့ ရုံးတော်ကို လျှောက်ထားတင်သွင်းတဲ့ အဆင့်သာဖြစ်တယ်။ ရုံးတော်က အပြစ်ရှိတယ် မရှိဘူး စီရင်ဆုံးဖြတ်ခြင်း မပြုသေးပါဘူး။ အဲဒီအချိန်မှာ စွပ်စွဲခံရသူကို လူသတ်သမား၊ မုဒိမ်းသမား၊ ဖောက်ထွင်းရေးသမားဆိုတဲ့ ၀ိသေသနပုဒ်တွေတပ်ပြီး ရေးသားမယ်ဆိုရင် တရားစီရင်ရေး တိမ်းစောင်းသွားအောင် သြဇာသုံးခြင်းဆိုတဲ့ အဓိပ္ပာယ်သက်ရောက် သွားစေနိုင်ပါတယ်။ တရားရုံးတော်ကို မထေမဲ့မြင်ပြုမှု (contempt of court) နဲ့ ရုံးတော်က အရေးယူ အပြစ်ပေးနိုင်ပါတယ်။

သရုပ်ဆောင်ပြချက်
တချို့မှုခင်းသတင်းတွေ ရေးကြရာမှာ စွပ်စွဲခံရသူကို ဘယ်လိုဘယ်ပုံ မှုခင်းကျူးလွန်ခဲ့တယ်ဆိုတဲ့ သရုပ်ဆောင်ပြချက် (demonstration) တွေကို အသေးစိတ်ဖော်ပြနေကြတာတွေ တွေ့ရပါတယ်။ ဖောက်ထွင်းရေးသမားက အိမ်ပေါ်ကို ဘယ်လိုတက်တယ်။ ဘယ်တံခါးကို ဘယ်လိုဖွင့်တယ်။ ဘယ်နေရာက ဘီရိုကို ဘယ်လိုဖွင့်ပြီး ယူတယ်ဆိုတာတွေကို ဓာတ်ပုံရိုက်ပြီး အတိအကျ ဖော်ပြကြတယ်။ မုဒိမ်းကျင့်၊ လူသတ်မှုဆိုရင်လည်း အလားတူပဲ။ မုဒိမ်းသမားက မိန်းကလေးကို ဘယ်နေရာကစောင့်ပြီး ဘယ်လိုဓားထောက် ဆွဲခေါ်သွားတယ်။ ဘယ်ချုံကွယ်မှာ ဘယ်လိုမတော်မတရားပြုကျင့်ပြီး ဘယ်လိုသတ်ခဲ့တယ်။ ဓားကို ဘယ်နေရာမှာ ၀ှက်ထားခဲ့တယ် ဆိုတာတွေကို တစ်ကွက်ချင်း ဇာတ်လမ်းဆင် ရိုက်ယူထားသမျှအားလုံး သတင်းထဲမှာ ထည့်သွင်းဖော်ပြကြတယ်။

သတင်းထောက်အလုပ်မဟုတ်
ဒီလို သရုပ်ဆောင်ပြချက်မျိုးတွေကို ရဲက အမှုတည်ဆောက်ရာမှာ ပိုပြီးခိုင်မာစေဖို့အတွက် ပြုလုပ်ကြလေ့ရှိတယ်။ ဒါပေမယ့် တရားရုံးက ဒီတင်ပြချက်တွေကို ဖြစ်ရပ်မှန်လို့ ဆုံးဖြတ်ချက်မချရသေးသရွေ့ ဒါတွေဟာ စွပ်စွဲချက် သက်သက်မျှသာ ရှိသေးတယ်။ သတင်းအဖြစ်ရေးရာမှာ ရဲဘက်က စွပ်စွဲတင်ပြချက်အဖြစ် ပေါ်လွင်အောင် ရေးဖို့လိုပါတယ်။ လူသတ်သမား၊ မုဒိမ်းသမား၊ ဖောက်ထွင်းသမားဆိုတဲ့ ၀ိသေသနပုဒ်တွေ လုံးဝထည့်မရေးရပါဘူး။ ဒီလို ၀ိသေသနပုဒ်တွေ ထည့်ရေးပြီး သရုပ်ဆောင်ပြချက် ဓာတ်ပုံတွေကိုလည်း တကယ့်ဖြစ်ရပ်မှန်အဖြစ် ရေးသားဖော်ပြတယ်ဆိုရင် သတင်းထောက်အလုပ် လုပ်ရာမရောက်တော့ဘဲ "ဆွဲချ" အလုပ် လုပ်တဲ့သဘော သက်ရောက်သွားပြီဖြစ်တယ်။ ရေးတဲ့သူဟာ သတင်းထောက်မဟုတ်တော့ပါဘူး။ "ဆွဲချ" ဖြစ်သွားပါပြီ။

အမှုခိုင်မာစေဖို့
သရုပ်ဆောင်ပြချက် ဓာတ်ပုံတွေ စီစဉ်ရိုက်ကူးတယ်ဆိုတာ ရဲကသူ့အမှု ခိုင်မာစေဖို့အတွက် လုပ်တာဖြစ်တယ်။ သူ့အလုပ် သူလုပ်တာမို့ ဘာမှပြောစရာ မလိုဘူး။ တရားရုံးတော်ကလည်း ဒီပုံတွေကိုသာကြည့်ပြီး တစ်ဖက်သတ် ဆုံးဖြတ်တာမဟုတ်ဘူး။ စွပ်စွဲခံရသူဘက်က တင်ပြတဲ့ သက်သေအထောက်အထား တွေကိုလည်း အသေအချာ ကြားနာစစ်ဆေးရသေးတာဖြစ်တယ်။အားလုံးကြားနာစစ်ဆေးပြီးမှ စီရင်ချက်ချရပါတယ်။ ရဲဘက်က ဘယ်လိုပဲ စွပ်စွဲစွပ်စွဲ၊ ခိုင်လုံထင်ရှားမှုမရှိလို့ ကွင်းလုံးကျွတ်လွှတ်ပေးလိုက်ရတဲ့ အမှုမျိုးတွေ မနည်းလှပါဘူး။ ဘယ်လိုပဲရှိစေ၊ ရဲက ရဲအလုပ်လုပ်ပြီး တရားရုံးက တရားရုံးအလုပ် လုပ်ကြရင် ပြီးတာပါပဲ။ ဘာပြဿနာမှ ပေါ်လာစရာ မရှိပါဘူး။

သတင်းပေးလိုလို
ကြားထဲက အနေအထိုင်မတတ်ဖြစ်ပြီး ကိုယ့်အလုပ်ဖြစ်တဲ့ သတင်းထောက်အလုပ်ကို မှန်မှန်ကန်ကန်မလုပ်ဘဲ ရဲကပေးတဲ့အတိုင်း လိုက်ရေးတဲ့ သတင်းထောက်ကသာ ရဲသတင်းပေးလိုလို၊ ဆွဲချလိုလိုဖြစ်ပြီး စာဖတ်ပရိသတ်ရဲ့ အထင်မြင်သေး ခံရရုံသာမက ရုံးတော်ကသာ မသက်ညှာဘူးဆိုရင် ရုံးတော်ကို မထီမဲ့မြင်ပြုမှုနဲ့တောင် အရေးယူခံရတဲ့အဖြစ် ရောက်သွားနိုင်ပါတယ်။ သတင်းသမားဆိုတာ ဖြစ်တဲ့သတင်းကို ဖြစ်တဲ့အတိုင်း တိတိကျကျ မှန်မှန်ကန်ကန် ရေးသားဖော်ပြဖို့ပဲ အားထုတ်ရတယ်။ ကိုယ့်အတ္တနောမတိနဲ့ဝင်ပြီး မှားတယ်၊ မှန်တယ် ဆုံးဖြတ်လို့မရဘူး။ ဆွဲချဝင်လုပ်လို့လည်း မရဘူး။ သတင်းထောက်ဆိုတာ သတင်းထောက်သာဖြစ်တယ်။

နိုင်ငံရေးပွဲစားမဟုတ်
လူတစ်ဖက်သား ဒုက္ခရောက်အောင် ချောက်တွန်းခြင်း၊ ဆွဲချလုပ်ခြင်းဆိုတာ အင်မတန်အောက်တန်းကျတဲ့ အလုပ်မျိုးဖြစ်တယ်။ အင်မတန် စိတ်ထားယုတ်ညံ့သူများကလွဲလို့ ဘယ်သူမှမလုပ်ဘူး။ မလုပ်ရုံသာ မဟုတ်ဘူး။ လုပ်တဲ့သူများကို လူတိုင်းက စက်ဆုပ်ရွံရှာပြီး ဆေးဖော်ကြောဖက်တောင် မလုပ်ချင်ကြဘူး။ ကြဉ်ထားလေ့ရှိကြတယ်။ သတင်းသမားဆိုတာ စတုတ္ထမဏ္ဍိုင်ကို တည့်မတ်အောင် တာဝန်ယူထိန်းသိမ်း စောင့်ရှောက်ရသူဖြစ်လို့ ဆွဲချအလုပ်မျိုး ဘယ်သူ့ကိုမှ မလုပ်ရသလို တရားသူကြီးအလုပ် ၀င်လုပ်ပြီး မှားတယ် မှန်တယ်လည်း မဆုံးဖြတ်ရပါဘူး။ အလားတူပဲ သတင်းသမားဆိုတာ နိုင်ငံရေးသမား မဟုတ်သလို နိုင်ငံရေးပွဲစားလည်း မလုပ်ရပါဘူး။ ဘယ်သူ့ဘက်ကမှ ရှေ့နေလည်း လိုက်မပေးရပါဘူး။ သတင်းသမားရဲ့ အလုပ်က သတင်းကို အမှန်ဆုံး၊ အမြန်ဆုံး၊ အတိကျဆုံး ရေးသားဖော်ပြပေးဖို့သာ ဖြစ်ပါတယ်။

Weekly Eleven News ဂျာနယ်
အတွဲ (၅) အမှတ် (၃၀)
May 5, Wednesday 2010
စာမျက်နှာ - ၂၁

No comments:

Post a Comment

 
Web Statistics