Wednesday, May 05, 2010

ပြောမိပြောရာ သောင်းပြောင်းထွေလာ


(၁)
မော်ရင်ဟိုအကြောင်းဆောင်းပါးကို ကြိုက်တဲ့လူထက် အမြင်မကြည်တဲ့လူတွေက ပိုများနေတယ်။ အဓိကပြောကြတာက ကျွန်တော်ရေးတဲ့ စာတစ်ခုမှာ မော်ရင်ဟိုဟာ ဘောလုံးရသတွေကို ဖျက်ဆီးတတ်သူလို့ ရေးထားတဲ့အကြောင်း၊ အခုတော့ ဘာဖြစ်လို့ မော်ရင်ဟိုကို ချီးကျူးရပြန်တာလဲဆိုတဲ့ မေးခွန်းပါပဲ။ သေသေချာချာ ပြန်ဖတ်ကြည့်ကြစေချင်ပါတယ်။ မော်ရင်ဟိုရဲ့ အနိုင်(၃)မှတ်ရရင် ပြီးရောဆိုတဲ့ နည်းဗျူဟာကို ဝေဖန်ခဲ့ဖူးတာ၊ ရှုံ့ချရေးသားခဲ့တာ အမှန်ပါပဲ။ တကယ်လည်း အဲဒီဗျူဟာကို မကြိုက်ပါဘူး။ ဒါပေမယ့် အခုပြီးသွားတဲ့ ဘာစီလိုနာနဲ့ပွဲ အဖြစ်အပျက်နဲ့ မတူဘူးဆိုတာကို သိပ်ပြီးတော့ နားရှင်းကြပုံ မရပါဘူး။ ထပ်ပြီးရှင်းပြကာမှ ပိုရှုပ်သွားမှာလည်း စိုးရိမ်ရပါသေးတယ်။ အများစုသောပရိသတ်တွေဟာ စစ်ရုပ်ရှင်ကားတွေ ကြည့်ဖူးကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒီစစ်ကားတိုင်းမှာ ရန်သူဆီကို အမြဲတမ်းသွားပြီး စစ်တိုက်နေကြတာချည်း ရိုက်ပြထားတာ မဟုတ်ပါဘူး။ ကိုယ့်ကို လာတိုက်တဲ့ ရန်သူတွေကို ခံစစ်နေရာကနေ ကြံ့ကြံ့ခံတွန်းလှန်ရင်း အခြေအနေကောင်းတစ်ခုကို ဖန်တီးတဲ့စစ်ကားတွေလည်း ပါတယ်ဆိုတာလောက်တော့ သတိပြုမိကြမယ် ထင်ပါတယ်။ ကိုယ့်ထက်အဆအတန် အင်အားများတဲ့ ရန်သူတွေရဲ့ တိုက်စစ်ဆင်မှုကို ရှိတဲ့လူ၊ လက်နက်လေးတွေနဲ့ နည်းလမ်းမျိုးစုံသုံးပြီး ပြန်တိုက်ကြတာကို ကြည့်ရတုန်းကတော့ သဘောကျနေခဲ့ပြီးကာမှ မော်ရင်ဟိုက ဘာစီလိုနာနဲ့ပွဲမှာ ခံစစ်ကစားသွားတာကို ဘာဖြစ်လို့ နားမလည်ကြသလဲ ဆိုတာကို ကျွန်တော်လည်း နားမလည်နိုင်ပါဘူး။ ဒီလောက်ကြည့်ကောင်းတဲ့ပွဲကို ဘောလုံးပွဲက ရသပျက်သွားတယ်လို့ ပြောတဲ့လူတွေကို အံ့သြမိတာတော့ အမှန်ပါပဲ။ တိုက်စစ်တစ်ဖက်၊ ခံစစ်တစ်ဖက် ဒီလောက်စိတ်လှုပ်ရှားစရာကောင်းတာ ဘာဖြစ်လို့ ကြည့်မကောင်းတာလဲလို့ မေးရင်လည်း ကျွန်တော့်ကို မေးငေါ့ကြဦးမယ်။

(၂)
ဒီအသက်အရွယ်ကြီးကျမှ မကြီးမငယ်နဲ့ အံဆုံးပေါက်တာ အတော်ဆိုးတာပါပဲဗျာ။ ဘာဖြစ်လို့ အခုမှပေါက်ရသလဲတော့ ကျွန်တော်လည်း နားမလည်ပါဘူး။ အတော်တော့ အခံရခက်တယ်ဗျ။ ပါးစပ်လည်း ဟလို့မရ၊ အစာစားရင်လည်း အဆင်မပြေ၊ သွားတိုက်ရင်လည်း တကယ့်ငရဲ၊ ရေသောက်ရင်လည်း မြိုချလို့မရ၊ တံတွေးမြိုချရင်လည်းနာနဲ့ တော်တော်ကြီးကို စိတ်ညစ်နေရကြောင်းပါ။ ဒီကြားထဲ သူငယ်ချင်းတွေရဲ့ ပေါက်ကရ စကားလုံးတွေကြားမှာ ဘယ်လိုမျက်နှာထားရမယ် မသိပါဘူး။ အေးဗျာ… သူတို့ပြောမယ်ဆိုလည်း ပြောချင်စရာပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း အခုမှ ထ,ပေါက်တဲ့ အံဆုံးကို အတော်ကြီးကို အမြင်ကတ်နေမိတယ်။

(၃)
ပြီးခဲ့တဲ့အပတ်က မွေးရပ်မြေကို ခဏပြန်သွားခဲ့ပါတယ်။ တခြားအရိပ်တွေကိုတော့ သေသေချာချာ မသိပါဘူး။ မိဘဆွေမျိုးတွေရဲ့ အရိပ်ဟာ အေးမြတယ်ဆိုတာတော့ လက်တွေ့ကြုံခဲ့ရပါတယ်။ မတွေ့တာကြာပြီဖြစ်တဲ့ ဦးလေးတွေ၊ အဒေါ်တွေ၊ ညီအစ်ကို မောင်နှမ၀မ်းကွဲတွေနဲ့ တွေ့ရတာ အတော်ကြီးကို ပျော်ဖို့လည်းကောင်း ကြည်နူးဖို့လည်း ကောင်းပါတယ်။ အချို့အချို့သော ဆွေမျိုးတွေကြောင့် အမျိုးတွေကို သိပ်မခင်တတ်ပေမယ့် အမေ့ဘက်က အမျိုးတွေကို သံယောဇဉ်ကြီးမိတာကိုတော့ ကိုယ့်ကိုယ်ကိုယ်လည်း အံ့သြရတယ်။ ပြီးခဲ့အပတ်ကတော့ ကျွန်တော့်စိတ်တွေ အတော်လေးကို အေးချမ်းခဲ့ရပါတယ်။ စိတ်ဖိစီးမှုတွေလည်း အတော်အသင့် လျော့ပါးခဲ့ရတယ်။ စဟယ်၊ နောက်ဟယ်၊ ပြောဟယ်၊ ဆိုဟယ်နဲ့ အခုထိ လွမ်းနေမိဆဲ အခိုက်အတန့်လေးတွေပါပဲ။

(၄)
ပဉ္စမတန်းတက်တော့မယ့် ကျွန်တော့်တူမလေး (အစ်မ၀မ်းကွဲကမွေးတဲ့သမီး) နဲ့ စကားစမြည်ပြောရတာ အင်မတန်မှကို ပျော်စရာကောင်းပါတယ်။ အရွယ်နဲ့မလိုက်အောင် အရာရာကို သိနားလည်လွန်းတဲ့ သူ့ကို ကျွန်တော်အချစ်ပိုမိပါတယ်။ သူကလည်း ကျွန်တော်ရောက်ပြီဆိုတာနဲ့ ကျွန်တော့်နားကနေ မခွာတော့ပါဘူး။ သူသိထားသမျှ သတင်းတွေကို ဖောက်သည်ချတော့တာပါပဲ။ ဈေးထဲက ငါးသည်တွေ ရန်ဖြစ်တာကနေစပြီး ရပ်ကွက်ထဲက လင်မယားစကားများတာ၊ ဘယ်သူထီပေါက်တာအဆုံး အကုန်လုံးကို သိနေတော့တာပါပဲ။ အဆိုးဆုံးကတော့ ကျွန်တော့်အမေ (သူ့အဘွား)အကြောင်းကို တစ်လုံးမကျန် ပြန်ပြီး ဖောက်သည်ချတာပါပဲ။ အမလေး… ဘယ်လောက်လည်သလဲဆိုရင် စကားကို အကျယ်ကြီးမပြောဘူး၊ အသံတိုးတိုးလေးနဲ့ ကျွန်တော့်အနားကပ်ပြီး ပြောတာပါ။ အမေကလည်း သိတာပေါ့။ သူ့အကြောင်းကို အတင်းတုပ်နေပြီ ဆိုတာကို။ သူ့တူမကို မျက်စလှမ်းပစ်ပြတော့တာပေါ့။ အဲဒီတော့ ကျွန်တော့်အမက လှမ်းအော်ပါတယ်။ "ဟိုမှာကြည့်… ဘညွန့်လုပ်နေပြီ" တဲ့။ အင်း… ဘညွန့်ကလည်း အခုထိ ပြောစရာကို ဖြစ်သွားတော့တာပါပဲ။ အဲဒီအကြောင်းကို သီးသန့်ရေးဦးမယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော့်တူမလေးဆီကနေ အိမ်နဲ့ပတ်သက်တဲ့သတင်းတွေ၊ ရပ်ကွက်နဲ့ပတ်သက်တာတွေ၊ အမျိုးတွေနဲ့ ပတ်သက်တာတွေ အကုန်လုံးကို သိခွင့်ရတာတော့ အသေအချာပါပဲ။ အဲ...  ကျွန်တော်ပြန်ရင်လည်း ကျွန်တော့်အကြောင်းကို အခြားသူတွေကို ပြန်ပြောရဦးမှာနဲ့ တူမလေးခမြာ အလုပ်ရှုပ်နေဦးမယ် ထင်ပါရဲ့။ ဦးဦးဉာဏ်ကလေ... ဘယ်လို၊ ဘယ်ညာ စသည်ဖြင့် ပြောနေဦးမယ့် တူမလေးကို သတိရနေမိကြောင်းပါ။

(၅)
မတွေ့တာ အတော်ကြီးကို ကြာနေပြီဖြစ်တဲ့ အစ်မ၀မ်းကွဲရဲ့ အိမ်ကိုသွားလည်ဖြစ်တယ်။ ၀န်ကြီးဌာနတစ်ခုရဲ့ စက်ရုံတစ်ခုမှာ အလုပ်လုပ်ပါတယ်။ သူတို့အိမ်က လိုင်းခန်းလို့ခေါ်ကြတဲ့ အိမ်ထောင်သည်တွေအတွက် ပေးထားတဲ့ အိမ်တန်းတွေမှာ နေကြရတာပါ။ သူက စက်ရုံမှာ အရာရှိဖြစ်ပေမယ့် အိမ်ထောင်မရှိသူဆိုတော့ အရာရှိအိမ်ထောင်သည်အခန်းလည်း မရပါဘူး။ မိသားစုကလည်း သူနဲ့အတူ လိုက်နေတာဆိုတော့ အခြားဝန်ထမ်းတွေနေတဲ့ အိမ်ထောင်သည်လိုင်းခန်းမှာပဲ အခန်းယူပြီး နေတာဖြစ်ပါတယ်။ သူတို့အိမ်ပေါ်ကို တက်လိုက်တဲ့အခါမှာ အံ့သြတကြီး သတိထားမိတာတစ်ခုက အိမ်ခေါင်မိုးတွေဟာ ကြယ်မြင်လမြင် ဖြစ်နေတာပါပဲ။ ဒါပေမယ့် အကုန်လုံးမဟုတ်ပါဘူး။ ရှေ့ခြမ်းကတော့ သွပ်မိုးတွေ မိုးထားပါတယ်။ နောက်ခြမ်းကတော့ ဆွေးနေပြီဖြစ်တဲ့ ၀ါးကပ်မိုးတွေက ဟိုနေရာကျိုး၊ ဒီနေရာကျိုးနဲ့ ကောင်းကင်ပြင်ကြီးကို ဟင်းလင်းမြင်ပြီး နေဓာတ်တွေ အပြည့်အ၀ ရနေတာပေါ့။ ဘယ်လိုဖြစ်တာတုန်းလို့ မေးကြည့်မိတော့ လူကြီးလာစစ်မယ်ဆိုတော့ ရှေ့ခြမ်းတွေကို သွပ်မိုးပေးထားတယ်တဲ့။ ရှေ့ကနေ လူကြီးလိုက်စစ်တဲ့အခါ အမြင်အရတော့ အိမ်အမိုးတွေအားလုံးက သွပ်မိုးတွေပေါ့လေ။ အဲ… ဒါပေမယ့်လည်း အိမ်အမိုးရဲ့ နောက်ခြမ်းတွေကတော့ ဟောင်းလောင်းပေါက်တွေနဲ့ ကြယ်မြင်လမြင် လောကဓံ ဖြစ်နေတာပါတဲ့။ ပြောစရာစကားတွေ ဆွံ့အသွားခဲ့ရကြောင်းပါ။

ကျေးဇူးတင်ပါသည်။ နောက်များမှ ဆက်ပါဦးမည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ မေလ ၅ ရက်၊ ဗုဒ္ဓဟူးနေ့။
နေ့လည် ၃ နာရီ ၁၅ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics