Friday, May 07, 2010

သင်္ကြန်တွင်းမှာ ရလိုက်တဲ့ ဒီမိုကရေစီ - စိုးမြင့်သိန်း


သင်္ကြန်မှာ သီလယူပြီး စာဖတ်ရာက ရလိုက်တဲ့ ဆင်ခြင်စရာတွေကို "သင်္ကြန်တွင်းမှာ ရလိုက်တဲ့ ဒီမိုကရေစီတွေ" လို့ တင်စားလိုက်တာ ဖြစ်ပါတယ်။ မျှဝေခွင့်ပြုပါ။

ပထမဆုံး မဟာဂန္ဓာရုံဆရာတော်ကြီး အရှင်ဇနကာဘိဝံသရဲ့ "အခြေပြု သဒ္ဒါ" ကျမ်းစာ နိဂုံးချုပ်မှာ "ဤအခြေပြုထက် ကောင်းသည်ဟု ပညာရှိ သူတော်ကောင်းအပေါင်းတို့ အသိအမှတ် ပြုလောက်သော အခြေပြုတစ်မျိုး ပေါ်ပေါက်လာသည့်အခါ ထိုကျမ်းစာသစ် အခွင့်သာအောင် ဤကျမ်းစာအခြေပြုက ရှောင်တိမ်းကွယ်ပရစ်ပါစေ" လို့ ဆုတောင်းထားတာကို မျှဝေပါရစေ။ ကျွန်တော်ရေးတဲ့စာထက် ပိုကောင်းတဲ့စာ ရေးနိုင်ပါက ကျွန်တော့်စာလည်း ရှောင်တိမ်းပေးပါ့မယ်၊ ဒီလိုဆင်ခြင်လို့ ရပါတယ်။ ပိုကောင်းတဲ့ အသစ်ပေါ်လာရင် နေရာဖယ်ပေးမယ်ဆိုတဲ့ သဘောထားဟာ ဒီမိုကရေစီသဘောထားပေါ့။

ဂျာမန်ဒဿနဆရာကြီး နီရှေး (Nietzsche 1844-1900) ကတော့ ဘာသာရေး အတွေးအခေါ်တွေကို ကြိုက်သူမဟုတ်၊ သူက တစ်နေရာမှာ [သူရဲကောင်းများသည် ဘာသာရေးအဆုံးအမများနှင့် ဘ၀ကို ငြီးငွေ့စေပြီး လူအများကို ဘ၀၏ ကျေးကျွန်အဖြစ်သို့ တွန်းပို့နေသော ရိုးရာအစဉ်အလာ စိုက်ထူထားတဲ့ ကျောက်ပြားတွေကို ရိုက်ချိုးပစ်ရမည်။ သူရဲကောင်းများသည် ဘ၀ကို အကောင်းမြင် မျက်စိဖြင့် ကြည့်နေရမည်။ သူရဲကောင်းများသည် ခွန်အားဗလ ပြည့်ဝကြရမည်။ တီထွင်ဖန်တီးတတ်ကြရမည်။ ရွှင်လန်းကြရမည်။ လွတ်လပ်စွာ နေထိုင်တတ်ကြရမည်] လို့ ရေးပါတယ်။

ဟုတ်ယောင်ပဲ... အဲ-အဲဒီအတွေးအခေါ်ကို ကျွန်တော်တို့ မြန်မာ့ဒဿနိကဗေဒ ပါမောက္ခဆရာကြီး ဒေါက်တာခင်မောင်ဝင်းက ခုလို ပြတ်ပြတ်သားသား ပယ်ချခဲ့တာ ဖတ်ရသဗျ။

အထက်ပါအယူအဆသည် တစ်ချိန်က ဂျာမနီနိုင်ငံအား လွှမ်းမိုးခဲ့သည်။ (၂၀)ရာစုအတွင်း ကမ္ဘာစစ်ကြီး နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။ ဤကမ္ဘာစစ်ကြီး နှစ်ပွဲစလုံး၌ပင် အထက်ပါ နိချေး၏ သူရဲကောင်းဝါဒကို လက်ကိုင်ထားခဲ့သော ဂျာမနီနိုင်ငံသည် စစ်ရှုံးခဲ့ရ၏။ ဤသည်ကပင် သူရဲကောင်းဝါဒမှာ လက်တွေ့တွင် အလုပ်မဖြစ်ကြောင်း ပြသခဲ့ဟန် ရှိ၏။

ယနေ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ကူးပြောင်းရေးကာလမှာ သူရဲကောင်းဝါဒ သုံးမရတော့ဘူးဆိုတာလည်း ဆရာကြီး မောင်စူးစမ်းက အကြိမ်ကြိမ် ရေးခဲ့ပြီးပါပြီ။ ဗိုလ်ချုပ်အောင်ဆန်းကို ဒိုင်းလုပ်ပြီး ရှေ့ကို အတင်းဇွတ်တက်မယ့် ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ သတိထားဖို့ပါပဲ။

တစ်ခါ ပြောင်းလဲခြင်းနှင့် ပတ်သက်သော ပြင်သစ်ဒဿနဆရာကြီး Henri Bergson ဟင်နရီဘတ်ဆွန်၏ အရေးအသားမူရင်း Text တစ်ခု -
[ပြောင်းလဲနေသော ဖြစ်စဉ်ကြီးကို စိတ်ကူးပုံကားချပ် ရေးဆွဲကြည့်ပါ။ ဗဟိုချက်မဆိုတာ ရှိကောင်းရှိပါမည်။ ထိုဗဟိုချက်မသည်ပင် ထာဝရမတည်မြဲ၊ ပြောင်းလဲခြင်းဖြစ်နေ၍ ပြောင်းလဲခြင်းကိုသာ အမှန်တရားဟု ခေါ်ရမည်။

ပြောင်းလဲနေသော ဖြစ်စဉ်နှင့်အတူ လိုက်ပါခြင်းကသာ အမှန်တရားကို သိနိုင်မည်ဖြစ်ပြီး မပြောင်းလဲဘူးဆိုသော concept (စိတ်ကူးချက်)တွေကို တည်ဆောက်ခြင်းသည် အမှန်တရားမရဘဲ မှားယွင်းသောလမ်းစဉ် လိုက်ခြင်းသာ ဖြစ်မည်။ concept နောက်လိုက် Rationalism ဆင်ခြင်ခြင်းဝါဒသည် မှား၏။ ပြောင်းလဲနေသော ဖြစ်စဉ်နှင့် ထပ်တူလိုက်သွားခြင်းသာ intuition အမှန်တရား (အလိုလို ထိုးထွင်းသိ အမှန်တရား) ဖြစ်သည်။ ပြောင်းလဲခြင်းနှင့်အတူ စိတ်က လိုက်ပါခြင်း ဖြစ်၏။]

ကောင်းပြီ။ ယနေ့ခေတ်စားနေသော အမေရိကန်နိုင်ငံခြားရေးဝါဒ ပေါ်လစီနှင့် မောင်စူးစမ်း၊ ကျော်ဝင်းတို့ မကြာခဏ ရေးပြနေသော Pragmatism ပရက်မာဝါဒကကော ဘာလဲ။ Pragmatism ဆိုတာ လက်တွေ့စစ်ဆေးလိုတဲ့ အမှန်တရား၊ ဆင်ခြင်ပြီးရတဲ့ အမှန်တရားမဟုတ်ဟု အဓိပ္ပါယ်ထွက်ပါတယ်။ ဒီဝါဒရဲ့ ဗိသုကာ ၀ီလျံဂျိမ်းရဲ့ ပင်ကိုအရေးအသားကို မိတ်ဆက်ပေးပါ့မယ်။

လောကမှာ လူအချို့က စကားလှလှများ အသုံးပြုတတ်ကြသည်။ အသံနေ အသံထား ကောင်းကြသည်။ ထိုအခါ ကျွန်တော်တို့ နားယောင်သွားတတ်သည်။ သို့သော် စကားလုံးများ နောက်ကွယ်၌ ဗလာနတ္ထိ ဘာမျှမရှိ၊ အသံသာရှိ အဆံမရှိ အဓိပ္ပါယ်မရှိ အယူအဆများ ဖြစ်နေတတ်၏။ Pragmatism အလိုအရ သံတုံးတစ်တုံး၊ မာသလားခြစ်ကြည့်၊ ခြစ်လို့ရရင် သံတုံးမဟုတ်၊ ခြစ်လို့မရရင် သံတုံး... ဒီလို မှတ်စတမ်း။ Pragmatism အရ မည်မျှ ခမ်းနားကြီးကျယ်သော စကားလုံးဝါကျဖြစ်ပါစေ... လက်တွေ့စစ်ဆေးလို့မရလျှင် လွှင့်သာပစ်လိုက်ပါ။ ယင်းတို့၌ အဓိပ္ပါယ်မရှိပါ... ဟူလို။

ထို့ကြောင့် အရာဝတ္ထုတစ်ခုကို သိသောသိခြင်းသည် တစ်ခုတည်းမဟုတ်။ ယင်းသည်လည်း အစဉ်ပြောင်းလဲနေသော ဖြစ်စဉ်ဖြစ်၍ ပြောင်းလဲနေခြင်းကို အမှန်တရားဟု ၀ီလျံဂျိမ်းက ဆိုခြင်းဖြစ်သည်။

ထို့နောက် ဘ၀သည် အဓိပ္ပါယ်မရှိ၊ ဘ၀ကို မိမိပိုင်၍ အခြားသူတွေက မပိုင်၊ မိမိဘ၀သာ မိမိဖန်တီးနိုင်သည်ဟု Exit တို့က ခံယူ၏။ ယင်းမှာ အစွန်းရောက်ခြင်းတစ်မျိုးဟု ဒေါက်တာခင်မောင်ဝင်းက ဝေဖန်လိုက်သည်။

ဘ၀တွင် ဖြစ်ပျက်ခဲ့သမျှ အချို့သည် ယခုဘ၀ကံ (မိမိအလုပ်များ)ကြောင့် ဖြစ်ရပြီး တချို့သည် အတိတ်ကံ၏ အကျိုးမျှသာဖြစ်ကြောင်း တွေ့နေရသည်။ အနာဂတ်ကိုတော့ မခွဲခြားနိုင်ပါ။ ပစ္စုပ္ပန်မှာတောင် ရိုးသားကြိုးစားရင်း မိမိလိုသောအကျိုးကို မရသောအခါ မိမိကိုယ်မိမိ အတိတ်ကံက အဆုံးအဖြတ်ပေးနေသည်ဟု မှတ်ယူရန်ဖြစ်ကြောင်း ရေးခဲ့သည်။ (ဒဿနိကဗေဒ ပါမောက္ခကြီးသာ အစဉ်လုပ်လိုပြီး ၀န်ကြီးတို့၊ သံအမတ်ကြီးတို့ မလုပ်ချင်ဘဲ လုပ်ခဲ့ရကြောင်း ဒေါက်တာခင်မောင်ဝင်းက သုံးသပ်ပြခဲ့သည်။)

ဘ၀မှာ အဓိပ္ပါယ်ရှာ၍ မတွေ့သည်မှာ မှန်ပါ၏။ သို့သော် ရယ်ဖွယ်ကောင်းသည်ဟုမူ မပြောဝံ့ပါဟု ဆရာကြီး ဒေါက်တာခင်မောင်ဝင်းက ဆိုပါသည်။ အသက် (၇၀)ကျော်အထိ ဤဘ၀တွင် နေထိုင်ပြီးသော်လည်း ဘ၀၏ အဓိပ္ပါယ်ကို တိတိကျကျ မပြောနိုင်သေးပါ။ တစ်ခါတစ်ရံ Existentialist များ ပြောသကဲ့သို့ ကျွန်တော်၏ဘ၀အတွင်း ကျွန်တော် ပိတ်မိနေသည်ဟု ခံစားရပါသည်။ ဤသို့ ပိတ်မိနေသဖြင့် ဤဘ၀မှ ထွက်ချင်သလားလို့ မေးလျှင် မထွက်ချင်သေးပါ။ ဖြစ်နိုင်ပါက နှစ်ပေါင်း ၁၅၀ လောက် အနည်းဆုံး နေကြည့်ချင်ပါသည်ဟု ရေးခဲ့သည်။

ကျွန်တော် (စိုးမြင့်သိန်း)လည်း ဆရာကြီးနည်းတူ ဤဘ၀မှာ ပိတ်မိနေသော်လည်း မထွက်ချင်သေးဘဲ နှစ်ပေါင်း နောက်ထပ် ၆၀ (အသက် ၁၂၀) ထိ နေကြည့်ချင်ပါသည်။

ဘ၀ကို စဉ်းစားရာ၌ ဤဘ၀ကိစ္စလောက်နှင့် ရှင်း၍မရဘဲ အတိတ်ဘ၀ကို ထည့်သွင်းစဉ်းစားမှသာ ဖြေရှင်း၍ ရပါလိမ့်မည်။ အတိတ်ကံကို ထည့်သွင်းစဉ်းစားရပါမည်။ ဉာဏ်နှင့်ဝီရိယကိုသာ စိုက်ထုတ်နေရပြီး ဤသို့ စိုက်ထုတ်တိုင်း အောင်မြင်နေလျှင် ကံကောင်းသည်ဟု မှတ်ယူဝမ်းသာရပါမည်။ ဤဉာဏ်နှင့် ၀ီရိယကို အစွမ်းကုန် စိုက်ထုတ်သော်လည်း အောင်မြင်ခြင်းမရှိခဲ့သော် အတိတ်ကံဟု မှတ်ယူ၍ စိတ်ကို တည်ငြိမ်စွာထားရန် ဖြစ်ပါသည်။ Exit များကဲ့သို့ ပူပန်နေရန် မလိုပါ။ ထို့ကြောင့် စိတ်တည်ငြိမ်မှုကို ရလိုလျှင် ကံကိုယုံပါ။ သို့သော် ဉာဏ်နှင့် ၀ီရိယကို အစွမ်းကုန် စိုက်ထုတ်ပါ...ဟု ဒေါက်တာခင်မောင်ဝင်းက အကြံကောင်း ပေးပါသည်။

ဆရာကြီးက ဆက်လက်ရေးသားရာမှာ ဒဿနပညာ၏ တာဝန်သည် ရှုထောင့်ကို လေ့လာခြင်းမည်၏။ ယင်းကို ဂျာမန်ဒဿနဆရာကြီး Edmund Husserl 1858-1938 က ထောက်ပြခဲ့၏။ သူ့အလိုအရ မည်သည့်အရာရာကို ကြည့်ကြည့်... လူသည် ရှုထောင့်ကို သုံးရသည်။ ရှုထောင့်တစ်ခုမှ ကြည့်လေ့ရှိသည်။ ရှမ်းရိုးမကို အနီးမှ ကြည့်/ အဝေးကြည့်။ လနှင့်ကြယ်တွေကို အမှန်အတိုင်းကြည့် (ကြယ်က လထက်ကြီးပြီး ဝေးသည်ကို သတိပြု)

ကျွန်တော်တို့ ဗုဒ္ဓဘာသာ အလိုအားဖြင့် သံသရာတွင် လည်ပတ်နေကြသော ကျွန်တော်တို့အားလုံး၌ အခြေခံရှုထောင့် သုံးမျိုးရှိ၏။ ပထမရှုထောင့်မှာ လောဘရှုထောင့် ဖြစ်၏။ ဒုတိယရှုထောင့်မှာ ဒေါသရှုထောင့် ဖြစ်၏။ တတိယရှုထောင့်မှာ မောဟရှုထောင့် ဖြစ်၏။ ဤရှုထောင့်သုံးမျိုးမှ ကျွန်တော်တို့သည် လောကကြီးကိုကြည့်ရာ ကျွန်တော်တို့မြင်ရသော အရာများမှာ သူ့အရှိအတိုင်း ရှိနေကြသောအရာများ မဟုတ်ကြတော့ဘဲ လောဘဖြင့် အရောင်ဆိုးမှု၊ ဒေါသဖြင့် အရောင်ဆိုးမှု၊ မောဟဖြင့် အရောင်ဆိုးမှုများကို ခံနေရသော လောကကြီးဖြစ်နေ၏-လို့ ဒေါက်တာခင်မောင်ဝင်းက ရေးပြပါသည်။
ကျမ်းကိုး
(၁) အရှင်ဇနကာဘိဝံသ၊ အခြေပြုသဒ္ဒါ
(၂) ဒေါက်တာခင်မောင်ဝင်း၊ ဒဿနဗေဒ အနောက်တိုင်းဒဿနဗေဒကို မြန်မာ့မျက်စိဖြင့် ကြည့်ခြင်း။
(၃) မောင်စူးစမ်း၊ ရွေးကောက်ပွဲ နိုင်ငံရေး Electorial Politics

Northern Star ဂျာနယ်
အမှတ် (၆၃)၊ May 6, 2010
စာမျက်နှာ - ၁၇

No comments:

Post a Comment

 
Web Statistics