ဆန္ဒမဲပေးခြင်း
နိုင်ငံရေးသိပ္ပံပညာတွင် မဲပေးခြင်းကို သုံးဆင့်ခွဲခြားလေ့လာသည်။ ဆန္ဒမဲပေးသည့် လုပ်ထုံးလုပ်နည်းများကို လေ့လာခြင်း၊ လူထုအများ မဲပေးရာတွင် မဲပေးခြင်းဆိုင်ရာ အပြုအမူနှင့် သေးငယ်သော အဖွဲ့အစည်းတစ်ခု (ဥပမာ လွှတ်တော်တွင်း)၌ မဲပေးခြင်းဟူ၍ ဖြစ်သည်။ မဲပေးခြင်း၏ အဓိကအလုပ်မှာ အများထဲမှ ရွေးချယ်ခြင်း ဖြစ်သည်။ မိမိ၏ ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိခြင်းသည် ဒီမိုကရေစီ၏ အသည်းနှလုံးဟု ဆိုသည်။ ပြည်သူများသည် ရာထူးဌာနန္တရနေရာများအတွက် ရွေးချယ်တင်မြှောက်ခွင့် ရှိသည်။ မူဝါဒအပြောင်းအလဲ ပြုသင့် မသင့် ဆန္ဒမဲပေးခွင့်ရှိသည်။ ကိုယ်စားလှယ်လောင်း အများထဲမှ တစ်ယောက်ကို မဲပေးရွေးချယ်ရာတွင် လျှို့ဝှက်မဲပေးစနစ်ကို ကျင့်သုံးနိုင်မှသာ ဒီမိုကရေစီနည်းကျသည်ဟု လက်ခံကြသည်။ မဲပေးပိုင်ခွင့်ရှိသော အသက်အရွယ် သတ်မှတ်ချက်ကိုလည်း နိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေများတွင် ထည့်သွင်းပြဋ္ဌာန်းရသည်။ များသောအားဖြင့် (၁၈)နှစ် ဖြစ်သည်။ မဲပေးသည့် လုပ်ထုံးလုပ်နည်းများအနက် လူပုဂ္ဂိုလ်ကို မဲပေးခြင်းနှင့် ပါတီကို မဲပေးခြင်းဟူ၍ ရှိသည်။ တစ်ခါတစ်ရံ လူပုဂ္ဂိုလ်က ကောင်းသော်လည်း ပါတီကမကောင်းလျှင် ထိုပုဂ္ဂိုလ်အား မဲပေးခြင်းဖြင့် ထူးခြားဖွယ် မရှိချေ။ မဲဆန္ဒရှင်များသည် ဆင်ခြင်တုံတရားဖြင့် မဲပေးနိုင်ရန် လေ့လာဆည်းပူးမှု အထူးပြုကြရသည်။
ဆန္ဒမဲပေးစနစ်
ခေတ်သစ်ဒီမိုကရေစီနိုင်ငံများတွင် ဆန္ဒမဲပေးသည့် စနစ်နှစ်မျိုးရှိသည်။ သာမန် မဲအသာရပြီး နိုင်ခြင်းနှင့် ရာခိုင်နှုန်း ၅၀ မကျော်လျှင် ဒုတိယအကျော့ မဲထပ်ရွေးရခြင်း ဖြစ်သည်။ သာမန်အသာရသည့် မဲဆိုသည်မှာ ကိုယ်စားလှယ်လောင်း နှစ်ယောက် သို့မဟုတ် သုံးယောက် ပါဝင်ယှဉ်ပြိုင်ရာတွင် မဲအများဆုံးရသူက အရွေးခံရသည့်စနစ် ဖြစ်သည်။ သူရရှိသောမဲသည် ဆန္ဒမဲဦးရေ၏ ၅၀ ရာခိုင်နှုန်း မကျော်သည့်တိုင်အောင် အရွေးချယ်ခံရသည်ဟု သတ်မှတ်သည်။ ယူကေ၊ ယူအက်စ်အေ၊ ကနေဒါ၊ နယူးဇီလန် စသည်တို့တွင် ဤစနစ်ကျင့်သုံးသည်။ ဒုတိယစနစ်မှာ ပြင်သစ်စနစ် ဖြစ်သည်။ ပထမအကြိမ် မဲပေးပွဲ ပြုလုပ်ရာတွင် ကိုယ်စားလှယ်လောင်း မည်သူမျှ ရာခိုင်နှုန်း ၅၀ အထက် မဲမရလျှင် တစ်ပတ်အကြာ၌ ဒုတိယအကျော့ ပြန်လည်အရွေးခံရသည့် စနစ်ဖြစ်သည်။ တစ်ယောက်ယောက်က မဲရာခိုင်နှုန်း ၅၀ ကျော်ရရှိလျှင် တစ်ကြိမ်တည်း အရွေးခံရသည်။ ဒုတိယအကျော့ ပြန်လည်ယှဉ်ပြိုင်ကြရာတွင် ပထမအကြိမ် မဲပေးပွဲ၌ မဲဦးရေ၏ ၁၂.၅ ရာခိုင်နှုန်းအထက် ရရှိထားသူများသာ ပါဝင်ယှဉ်ပြိုင်ခွင့် ရရှိသည်။
ရန်ကုန်တိုင်းမ် ဂျာနယ်
အတွဲ (၆) အမှတ် (၁၇)
မေ ၆ - ၁၂၊ ၂၀၁၀
စာမျက်နှာ - ၁၂
No comments:
Post a Comment