ပဋိပက္ခများကို ဖြေရှင်းရာ၌ လူပုဂ္ဂိုလ် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းများအကြား ကိစ္စဖြစ်စေ၊ နိုင်ငံများကိစ္စဖြစ်စေ ညှိနှိုင်းဖြေရှင်းသောပုံစံကို Dialogue ဒိုင်ယာလော့ဟု ခေါ်ခဲ့ကြသည်။
မြန်မာ့နိုင်ငံရေး လက်ရှိအခြေအနေ (၂၀၁၀) မှာတော့ လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲများ ကျင်းပတော့မည့်အချိန်။ အချို့လည်း ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်ကြ၊ စိတ်အားမြှင့် ပြင်ဆင်နေကြ၊ အချို့က နိုင်ငံရေးဈေးဆစ်ပွဲ မလျှော့သေး။ ဒီကြားထဲ ဒိုင်ယာလော့ ဒိုင်ယာလော့ဟု တောင်းဆိုလာပြန်။ နောက်ခံကားကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ယင်းသည် ပေးထားချက်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ယင်းကို ပြည်သူက ပြဋ္ဌာန်းခဲ့သည်။ ယင်းကို လက်ရှိအစိုးရကပင်လျှင် ပြင်ဆင်၍ မရတော့။ ပြင်ဆင်နိုင်သော လမ်းကြောင်းမှာ လွှတ်တော်များပင် ဖြစ်သည်။ လွှတ်တော်တွင်း ဒိုင်ယာလော့များမှသာ အဖြေရှာနိုင်မည်။ ဒိုင်ယာလော့လုပ်ချင် လွှတ်တော်ထဲ ရောက်အောင်ဝင်ဟု ဆိုရိုးပေါ်ခဲ့။ စောစောက ဈေးဆစ်ချင်သူလည်း လွှတ်တော်ထဲရောက်အောင်သွားပြီး ဈေးဆစ်မှ ရနိုင်သည်။ လွှတ်တော်ထဲဝင်ခွင့် ကိုယ့်ဘာသာကိုယ် ပြန်ပိတ်ထားလျှင် သွားပြီ၊ မှောင်ထဲချောင်ထဲ။ ဒိုင်ယာလော့ (တရားဝင် အခွင့်အရေး) ဆုံးရှုံးသွားမည်။ နောင် မြန်မာ့နိုင်ငံရေးမှာတောင် ပါနိုင်ဖွယ်မရှိ။
၁၉၄၇ အက်၊ ၁၉၇၄ အက် ဟူ၍ ဖွဲ့စည်းပုံအခြေခံဥပဒေနှစ်ရပ် ရှိခဲ့ဖူးသည်။ အခြေခံဥပဒေတစ်ခု၏ သက်တမ်းသည် အနည်းဆုံး ဆယ်စုနှစ် တစ်ခု၊ သို့သော် လွှတ်တော်ဒိုင်ယာလော့ အခင်းအကျင်းများပေါ်တွင် များစွာ တည်မှီနေလိမ့်မည်။ မြန်မာ့အနာဂတ်နိုင်ငံရေးကို လွှတ်တော်ဒိုင်ယာလော့များက ပြဋ္ဌာန်းမည်။ ယင်းသည် မြန်မာ့နိုင်ငံရေး ဖိုရမ်သစ်ဖြစ်မည်။
နိုင်ငံတကာ အခင်းအကျင်းများ၌လည်း စူပါပါဝါနှင့် စူပါပါဝါ အလောင်းအလျာ (ဆိုကြပါစို့ - အမေရိကန်နှင့် တရုတ်) အင်အားကြီးသူနှင့် အင်အားနည်းသူ (ဒါက ထင်ရှားပြီးသား) အပေးအယူ အညှိအနှိုင်း Common Ground ဘုံသဘောတူညီချက် ရှာကြသည်။ နိုင်ငံရေးပလေယာများ လိုလားချက်၊ တောင်းဆိုချက်များ အမျိုးမျိုးကွဲပြားနေတတ်၍ ဒိုင်ယာလော့ အောင်မြင်ရေး Common Ground ကို ရှာဖွေကြရခြင်း ဖြစ်သည်။ အဆိုပါ Common Ground ဖြင့် စတင်မှ ဒိုင်ယာလော့ ရှေ့ဆက်လို့ရမည်။ မဟုတ်လျှင် ခရီးဆက်မရ။ ချောမွေ့မှုမရှိ၊ အောင်မြင်မှုလည်း မရှိနိုင်ဟု အဓိပ္ပါယ်ထွက်နေသည်။
ယနေ့ မြန်မာ့နိုင်ငံရေးအခြေအနေသစ်တွင် လက်ရှိ တပ်မတော်အစိုးရက ဖွဲ့စည်းပုံနှင့်အညီ ရွေးကောက်ပွဲများ ကျင်းပပေးတော့မည်။ ယင်းမှ ထွက်ပေါ်လာသော အရပ်သားအစိုးရ(သစ်) သို့ စနစ်တကျ အာဏာလွှဲပေးတော့မည်။ ယင်းသည် တပ်မတော်အစိုးရ၏ မှန်ကန်သော မဟာဗျူဟာထွက်ပေါက်လည်း ဖြစ်သည်။
ဤနေရာတွင် သဘောထား၊ ဆန္ဒ၊ ရည်ရွယ်ချက်၊ ပန်းတိုင်၊ လမ်းကြောင်းက အမျိုးမျိုးညံစီ ထွက်နေသည်။ ဒါလည်း သဘာဝတော့ ကျပါသည်။ နိုင်ငံနှင့်လူမျိုးအကျိုး ဘယ်နည်းက အကောင်းဆုံးလဲ။ ဆန်းစစ်ဝေဖန်ကြဖို့တော့ လိုလာပြီ။
တပ်မတော်အစိုးရက Road Map ရှိသည်။ သူ့အဆင့်နဲ့သူ လုပ်ဆောင်ပေးနေသည်။ မူဘောင်လမ်းစဉ်ရှိသည်။ ထိုအတိုင်း အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။ ဤတွင် နိုင်ငံရေးဈေးဆစ်ခြင်း Precondition တောင်းဆိုခြင်းတို့သည် ပကတိဘ၀ လက်ရှိမြန်မာ့သမိုင်း ရာဇ၀င်အခြေအနေနှင့် မကိုက်ညီ၊ မဟပ်စပ်။ Possible မဖြစ်၊ နိုင်ငံရေးသည် Art of Possible သာ ဖြစ်သည်။
နိုင်ငံရေးသမားကောင်းသည် ဒါကို မြင်သိ နှလုံးသွင်း ရှုထောင့်မှန်မှ ဖြစ်မည်။ နိုင်ငံရေးသမားကောင်းသည် ရေရှည်လည်း ကြည့်၊ ရေတိုလည်း ကြည့်၊ Alternative အော်ထာနေထစ်လည်း ရှိမှဖြစ်မည်။ အရံရွေးချယ် လက်ခံထားနိုင်မှု ရှိကိုရှိရမည်။ ဒါမှ ဒါဟေ့ တောင်းဆိုပြီး တစ်ဖက်ပိတ်လမ်းဆုံး၌ ထိုင်မည်ကြံလျှင် ဘယ်လောက်ထိုင်ထိုင် အချိန်တန်လျှင် "မှိုင်" သွားရမည်။
သေချာသည်။ မဖြစ်နိုင်တဲ့လမ်းက ဖွင့်လာ ပွင့်လာမှာမဟုတ်။ ယင်းသည် မြန်မာ့နိုင်ငံရေးဖြစ်သည်။ အပြင်မှ ကြားဝင် လမ်းဖွင့်ပေးမည့် ပြင်ပအင်အား တန်ခိုးရှင်ကို မျှော်နေသည်ဆိုလျှင် ယင်းသည် နိုင်ငံရေး ကြန်အင်လက္ခဏာကောင်း မဟုတ်ပေ။ တကယ့်လက်တွေ့ဘ၀၌ ဂျိမ်းစ်ဘွန်းတို့၊ အာနိုးတို့ မရှိပေ။
Common Ground သည် လက်တွေ့ဖြစ်နိုင်ချေကို အခြေခံရမည်။ လက်တွေ့နှင့်ကင်းကွာ (မဟပ်စပ်သော) တောင်းဆိုချက် (မိုးတစ်လုံးလေတစ်လုံး) များသည် နှစ်ဖက် Win-Win ပေါ်လစီနှင့် မညီ။ ရှဥ့်လည်းလျှောက်/ ပျားလည်းစွဲ မဖြစ်နိုင်။
နှစ်ဦးနှစ်ဖက် အဆင်ပြေသွားနိုင်သော မဟာဗျူဟာအဖြစ် ရွေးကောက်ပွဲကို တွေ့ရသည်။ နိုင်ငံနှင့် ပြည်သူအကျိုးကို သယ်ပိုးနိုင်ရေး ရွေးကောက်ပွဲကို ၀င်ရမည်။ သဘောကွဲလွဲတာတွေကို တရားဝင် ဖြေရှင်းခွင့်ရဖို့ ရွေးကောက်ပွဲကို သုံးရမည်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲပစ်ဖို့ ရွေးကောက်ပွဲကို ကျင်းပရမည်။
သို့ဆိုလျှင် ရွေးကောက်ပွဲကို ငြင်းပယ်သူသည် ဘာဖြစ်သွားမည်နည်း။ လူထု ဆန့်ကျင်ရေးဖြစ်သွားမည်။ Anti-People။
နိုင်ငံရေးဟူသည်မှာ ပြည်သူလူထု (သို့မဟုတ်) ပြည်သူ့ကိုယ်စားလှယ်များပါဝင်သော အစုအဖွဲ့များ၏ ပေါင်းစပ်ညှိနှိုင်း ဆုံးဖြတ်ချက်များ Collective Decisions လုပ်ကြသော ဖြစ်စဉ်ပင် ဖြစ်သည်။ ရွေးကောက်ပွဲဟူသည်မှာ ၁၇ ရာစုမှစ၍ ယနေ့ ဂလိုဘယ်ကမ္ဘာခေတ်အထိ ကမ္ဘာမှာ မငြင်းတမ်း ကျင်းသုံးရသော ဒီမိုကရေစီစနစ် ဖြစ်သည်။ ယင်းကို မည်သူငြင်းသနည်း။
နိုင်ငံရေးသမား၊ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲတွင် အဆုံးအဖြတ် ကမ္ဗည်းတင်ခံရမည်။ လူထုက နိုင်ငံရေးတွင် တရားဝင် ပါဝင်လာခွင့်လည်း ဖြစ်သည်။ ယင်းကို မည်သူငြင်းနေသနည်း။
အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး (ကောင်း၊ သစ်) ပေါ်လာမည်။ ယင်းကို မည်သူငြင်းနေသနည်း။
လွှတ်တော်ဒိုင်ယာလော့များ ပေါ်လာတော့မည်။ လွှတ်တော်ဒိုင်ယာလော့ မြန်မာ့နိုင်ငံရေး ဖိုရမ်သစ်တွင် ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးစနစ်သစ်ကို ပုံလောင်းကြရမည်။ ယင်းကို မည်သူငြင်းနေသနည်း။
ဘုံအကျိုးစီးပွားများ ပေါ်လာမည်။ ယင်းသည် လွှတ်တော်တွင် နိုင်ငံရေးပလေယာသစ်တို့ မည်မျှ အဆင့်မြင့်မြင့် အားကောင်းကောင်း ပါဝင်ဆင်နွှဲနိုင်သနည်းပေါ် မူတည်မည်။
အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် ကာလကြီးသုံးပါးတွင် ဒီမိုကရေစီ ဘယ်အဆင့်ရောက်ပလဲ ဟူသည်မှာ လွှတ်တော်ဒိုင်ယာလော့ ပါဝါအပေါ် မူတည်နေတော့မည်။ လွှတ်တော်တွင်း ဒီမိုကရေစီဖော်ဆောင်နိုင်မှု အခြေအနေသည် လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီသက်ရောက်မှု အနေအထားကို တိုက်ရိုက်ပြဋ္ဌာန်းလာတော့မည်။
သို့ဖြစ်ရာ မြန်မာ့နိုင်ငံရေး အနာဂတ်စာမျက်နှာတွင် အဓိကမဏ္ဍိုင်မှာ လွှတ်တော်နိုင်ငံရေး ဖြစ်လာမည်ဖြစ်သည်။ လွှတ်တော်နိုင်ငံရေးမဏ္ဍိုင်၏ ဒိုင်ယာလော့ပါဝါသည် မြန်မာ့လူ့အဖွဲ့အစည်းအပေါ် ကြီးစွာ သက်ရောက်လာတော့မည်ဟု Focus လုပ်ကြည့်နိုင်ပြီ။
စာကိုး။ ဧပြီ ၂၂/၂၈၊ ၂၀၁၀။ ရန်ကုန်တိုင်းမ်။
အမှတ် (၆၄)
May 13, 2010
စာမျက်နှာ - ၁၈
No comments:
Post a Comment