Thursday, May 13, 2010

လိုအင်ဆန္ဒများ (Wants), စစ်ပွဲ (War), စစ်ရာဇ၀တ်မှုများ (War Crimes)


လူတို့၏ မပြည့်ဝသေးသော လိုအင်များကို ဆိုလိုသည်။ လူတစ်ဦးချင်းသည် ယင်းတို့၏ လိုအင်များကို ပြည့်စုံစေရန် မျှော်မှန်းကြသည်ဖြစ်ရာ လိုအင်ဆန္ဒများအား ဖြည့်ဆည်းပေးရေးသည် အများပြည်သူဆိုင်ရာ မူဝါဒ၏ ပန်းတိုင်တစ်ခု ဖြစ်လာသည်။ ဘင်သမ်၏ လက်တွေ့အသုံးကျမှုဝါဒ (Utilitarianism) သည် လူတို့၏ လိုအင်များကို ပြည့်စုံစေခြင်းဖြင့် ပျော်ရွှင်မှုကို ဆောင်ကြဉ်းနိုင်သည်ဟု ဆိုလိုကြောင်း ဝေဖန်ခဲ့ကြသည်။ သို့သော် လူတစ်ဦးချင်း၏ လိုအင်များ ဖြည့်ဆည်းခြင်းသည် တစ်ဦးချင်းလွတ်လပ်ခွင့်အရ ဆောင်ရွက်ခြင်းဖြစ်သော်လည်း အများပြည်သူဆိုင်ရာ စံများနှင့် ပဋိပက္ခဖြစ်လာနိုင်သည်ဟု ဆိုသည်။

နှစ်ဖက် သို့မဟုတ် နှစ်ဖက်ထက်ပိုသော အဖွဲ့များအကြား လက်နက်ကိုင်ပဋိပက္ခကို စစ်ပွဲဟုခေါ်သည်။ များသောအားဖြင့် နိုင်ငံရေးရည်ရွယ်ချက်များအတွက် စစ်တိုက်ကြခြင်း ဖြစ်သည်။ အာဏာရရှိရေး၊ နယ်မြေချဲ့ထွင်ရေး၊ ပြည်ပစိုးမိုးမှုမှ လွတ်မြောက်ရေး စသည်ဖြင့် ရည်ရွယ်ချက်အသီးသီးဖြင့် စစ်တိုက်ကြသည်။ ပြည်တွင်းစစ် (Civil War)၊ ပြောက်ကျားစစ် (Guerrilla War)၊ ကန့်သတ်စစ် (Limited War)၊ အလုံးစုံစစ် (Total War)၊ ဂိုဏ်းဂဏစစ် (Gang War)၊ လူမျိုးနွယ်စုစစ် (Tribal War)၊ စစ်အေး (Cold War)၊ လူမျိုးရေးစစ် (Race War)၊ ကုန်သွယ်ရေးစစ် (Trade War)၊ လွတ်မြောက်ရေးစစ် (Liberation War)၊ ၀ါဒဖြန့်ချိရေးစစ် (Propaganda War)၊ လူတန်းစားစစ်ပွဲ (Class War) စသည်ဖြင့် စစ်အမျိုးမျိုးရှိသည်။ ကမ္ဘာ့နိုင်ငံများ အုပ်စုဖွဲ့ပြီး အကြီးအကျယ် တိုက်ခိုက်ကြသော ကမ္ဘာစစ်ပွဲ နှစ်ကြိမ် ဖြစ်ခဲ့ဖူးသည်။

စစ်ပွဲများတွင် စစ်ပြိုင်အင်အားစုများ လိုက်နာရမည့် စစ်ဥပဒေများနှင့် ဓလေ့ထုံးတမ်းများရှိသည်။ ယင်းတို့ကို ချိုးဖောက်ခြင်းကို စစ်ရာဇ၀တ်မှု ကျူးလွန်သည်ဟု ခေါ်သည်။ ကိုယ်တိုင်ချိုးဖောက်သူများသာမက ထိုသို့ ချိုးဖောက်ရန် ညွှန်ကြားသူများကိုပါ စစ်ရာဇ၀တ်မှုဖြင့် တရားခွင်တင်သည့် အစဉ်အလာရှိသည်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးတွင် နူရင်ဘတ်မြို့နှင့် တိုကျိုမြို့၌ စစ်ခုံရုံးများ ဖွင့်လှစ်ကာ စစ်အတွင်းက ဂျာမန်နာဇီများနှင့် ဂျပန်ဖက်ဆစ်များ ကျူးလွန်ခဲ့သော စစ်ရာဇ၀တ်မှုများကို စစ်ဆေးစီရင်ခဲ့သည်။ နူရင်ဘတ်တွင် ဖွင့်လှစ်ခဲ့သော အပြည်ပြည်ဆိုင်ရာ စစ်ခုံရုံး၏ ပဋိညာဉ်တွင် လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများ (Crimes Against Humanity) ကို အတိအကျ ဖွင့်ဆိုပေးခဲ့သည်။ ထိုနောက်ပိုင်းတွင် ၁၉၄၉ ဂျနီဗာကွန်ဗင်းရှင်းနှင့် ၁၉၇၇ နောက်ဆက်တွဲ ပရိုတိုကိုးလ်-၁ တို့ကို ချိုးဖောက်လျှင် စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်းဟု သတ်မှတ်သည်။ ဆက်လက်၍ ၁၉၉၃ ယူဂိုဆလားဗီးယားနိုင်ငံဟောင်းဆိုင်ရာ နိုင်ငံတကာ စစ်ရာဇ၀တ်မှုခုံရုံး စတက်ကျုဥပဒေနှင့် ၁၉၉၈ နိုင်ငံတကာရာဇ၀တ်တရားရုံး ရောမစတက်ကျူဥပဒေတို့က စစ်ရာဇ၀တ်မှုများနှင့် ပတ်သက်၍ ထပ်မံအဓိပ္ပါယ်ဖွင့်ဆိုခဲ့ကြသည်။ ၁၅ မေ ၂၀၀၂ အထိ နိုင်ငံပေါင်း ၁၃၉ နိုင်ငံတို့သည် ရောမစတက်ကျု (Rome Statute) ကို လက်မှတ်ရေးထိုးပြီးကြပြီ ဖြစ်သည်။

ရန်ကုန်တိုင်းမ်ဂျာနယ်
အတွဲ (၆) အမှတ် (၁၈)
မေ ၁၃ - ၁၉၊ ၂၀၁၀
စာမျက်နှာ - ၁၀
မောင်ဝံသ - ကမ္ဘာ့နိုင်ငံရေး ဝေါဟာရအဘိဓာန် မှ

No comments:

Post a Comment

 
Web Statistics