အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ်ဒေသရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell နှင့်အဖွဲ့သည် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီး ၂၀၁၀ ပြည့်နှစ် မေလ ၉ ရက်နေ့၌ နေပြည်တော်သို့ သွားရောက်ပြီး အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။
မေလ ၉ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးရုံး အစည်းအဝေးခန်းမ၌ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့နှင့် တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးကျော်ဆန်း၏ ပြောကြားချက်အချို့မှာ |
- ပထမအချက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၆) အပိုဒ်ခွဲ (ဂ)ပါ နိုင်ငံရေးပါတီများသည် “ပြည်ထောင်စုမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ရမည်” ဆိုသည့်အချက် ဖြစ်ပါကြောင်း။ ၎င်းတို့က အခြေခံဥပဒေကို ပြည်လည်ညှိနှိုင်းပြင်ဆင်ခွင့် တောင်းခံထားသည့်အတွက် ဤပြဋ္ဌာန်းချက်ကို လက်မခံနိုင်ဟု ဆိုပါကြောင်း၊ ဤပြဋ္ဌာန်းချက်သည် အခြေခံဥပဒေကို ထိန်းသိမ်းရန်ဟုသာ ဖော်ပြထားခြင်းဖြစ်ပြီး အခြေခံဥပဒေကို မည်သည့်အခါမျှ မပြင်ဆင်ပါ၊ ပြင်ဆင်ရန် မကြိုးစားပါဟု ကတိပေးရခြင်း မဟုတ်ပါကြောင်း၊ အခြေခံဥပဒေကို ပြင်ဆင်ခွင့်မရှိ၊ ပြင်ဆင်ခြင်းမပြုရဟု ပြဋ္ဌာန်းချက် မဟုတ်ပါကြောင်း၊ အခြေခံဥပဒေ အခန်း (၁၂) ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြင်ဆင်ခွင့်ရှိပါကြောင်း၊ ရွေးကောက်ပွဲဝင်ရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်လာသည့်အခါ လွှတ်တော်အတွင်း ဆွေးနွေးပြီး အခြေခံဥပဒေပြင်ဆင်ခြင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ပြင်ဆင်သွားနိုင်မှာ ဖြစ်ပါကြောင်း၊ သို့သော်လည်း လွှတ်တော်ပြင်ပမှာ ပြင်၍မရနိုင်ပါကြောင်း၊ NLD မှာလည်း ပြင်ဆင်ခွင့်မရှိပါကြောင်း၊ အစိုးရမှာလည်း ပြင်ဆင်ခွင့်အာဏာ မရှိပါကြောင်း၊ ပြည်သူအများစုက တစ်ခဲနက် ထောက်ခံအတည်ပြုပြီး ဖြစ်၍ဖြစ်ပါကြောင်း၊ ပြည်သူ့လွှတ်တော် ပေါ်ပေါက်လာသည့်အခါ ပြည်သူ့ကိုယ်စားလှယ်ဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်များက အခြေခံဥပဒေ ပြင်ဆင်ခြင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြင်ဆင်ခွင့်ရှိမှာ ဖြစ်ပါကြောင်း၊ ထို့ကြောင့် အခြေခံဥပဒေကို ပြင်ဆင်လိုပါက ရွေးကောက်ပွဲဝင်ပြီး ဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်ရန်သာ ဖြစ်ပါကြောင်း၊ ထိုသို့မဟုတ်ဘဲ အခြေခံဥပဒေကို ညှိနှိုင်းပြင်ဆင်ခွင့် တောင်းဆိုနေခြင်းမှာ မဖြစ်နိုင်သည်ကို တောင်းဆိုနေခြင်းသာ ဖြစ်ပါကြောင်း၊ ၎င်းအချက်အပေါ် အခြေခံလျက် မှတ်ပုံမတင်ဟု ဆုံးဖြတ်ခြင်း၊ ရွေးကောက်ပွဲမ၀င်ဟု ပြောနေခြင်းများသည်လည်း မည်သည့်အကျိုးမျှ မရနိုင်ဘဲ အခြေအနေကို ပိုမိုရှုပ်ထွေး ခက်ခဲစေရုံသာ ရှိမည်ဖြစ်ပါကြောင်း၊ ထိပ်တိုက်ရင်ဆိုင်ရေး လမ်းပေါ်ရောက်စေရုံသာ ရှိမည်ဖြစ်ပါကြောင်း၊ ထို့ပြင် ဤပြဋ္ဌာန်းချက်သည် အခြေခံဥပဒေနှင့်အညီ ပြဋ္ဌာန်းခဲ့ခြင်းသာ ဖြစ်ပါကြောင်း၊ အခြေခံဥပဒေပုဒ်မ (၄၀၅) တွင် “နိုင်ငံရေးပါတီများသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများကို လေးစားလိုက်နာရမည်” ဟု ပြဋ္ဌာန်းထားပါကြောင်း။
- ဒုတိယအချက်မှာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ (၁၀)၊ အပိုဒ်ခွဲ (င) ပါ “ထောင်ဒဏ်ကျခံနေရသူများကို ပါတီဝင်အဖြစ် စည်းရုံးခြင်းမပြုရ” ဟူသော ပြဋ္ဌာန်းချက်ဖြစ်ပါကြောင်း၊ ဤပြဋ္ဌာန်းချက်မှာ လက်ရှိထောင်ဒဏ်ကျခံနေရသူများ ပါတီဝင်မဖြစ်နိုင်သော်လည်း ထောင်ဒဏ်လွတ်မြောက်ပြီးသည့်အခါ ပါတီဝင်မဖြစ်ရဟု သတ်မှတ်ခြင်း မဟုတ်ပါကြောင်း၊ နိုင်ငံရေးပါတီဆိုသည်မှာ ပြည်သူများ အားကိုးအားထားပြုရမည့် အဖွဲ့အစည်းဖြစ်ပါကြောင်း၊ ထိုကဲ့သို့သော အဖွဲ့အစည်းတစ်ခုတွင် ပြစ်မှုကျူးလွန်သဖြင့် ထောင်ကျနေသူများ ပါသင့်/မပါသင့် စဉ်းစားကြစေလိုကြောင်း၊ ထောင်ကျနေသူများထဲတွင် သာမန်ပြစ်မှုကျူးလွန်သူများ ပါနိုင်သကဲ့သို့ ရာဇ၀တ်ပြစ်မှုကြီးများကို ကျူးလွန်သူများလည်း ပါဝင်နိုင်ပါကြောင်း၊ နိုင်ငံတော်ကိုဦးဆောင်သည့် ပါတီတစ်ခုတွင် ထိုကဲ့သို့ ထောင်ကျနေဆဲသူများ မပါဝင်သင့်ဆိုသည်မှာ သာမန်အတွေးဖြင့်ပင် သိနိုင်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ထောင်ဒဏ်ကျခံနေရသူများကို ပါတီဝင်အဖြစ် စည်းရုံးခွင့်မပြုခြင်းသည် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နှင့် မဆိုင်ဘဲ မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ထောင်ဒဏ်ကျခံနေရသူများ အားလုံးကို ရည်ရွယ်ခြင်းသာဖြစ်သည်မှာ ထင်ရှားပါကြောင်း။
- တတိယအချက်မှာ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ (၁၀)၊ အပိုဒ်ခွဲ (က) ပါ “ထောင်ဒဏ်ကျခံနေရသူများ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိစေရ” ဆိုသည့် ပြဋ္ဌာန်းချက်ဖြစ်ပါကြောင်း၊ ၎င်းပုဒ်မသည် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရွေးကောက်ပွဲ ၀င်ခွင့်မရအောင် ရည်ရွယ်ပြဋ္ဌာန်းခြင်းဖြစ်သည်ဟု ဝေဖန်စွပ်စွဲကြပါကြောင်း၊ ဤသည်မှာ အမှန်တရားနှင့် အလှမ်းဝေးသည့် လိုရာစွဲ ဝေဖန်ချက်သာ ဖြစ်ပါကြောင်း၊ အမှန်စင်စစ် ထိုပြဋ္ဌာန်းချက်သည် မြန်မာနိုင်ငံ၏စံနှုန်းများ၊ နိုင်ငံတကာ၏ စံနှုန်းများနှင့်အညီ ပြဋ္ဌာန်းခြင်းသာဖြစ်ပြီး အသစ်အဆန်း ပြဋ္ဌာန်းခြင်းမဟုတ်ပါကြောင်း။
- ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင် “လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်သည် ထောင်ဒဏ်ကျခံနေရစဉ်ကာလနှင့် ထောင်ဒဏ်မှ ကင်းလွတ်ပြီးနောက် ၅ နှစ်ကာလအထိ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခွင့်မရှိ” ဟု ပြဋ္ဌာန်းခဲ့ပါကြောင်း၊ ၁၉၈၉ ခုနှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေတွင်လည်း “ထောင်ဒဏ်ကျခံနေရသူများ ရွေးကောက်တင်မြှောက်ခံခွင့် မရှိရ” ဟု ပြဋ္ဌာန်းထားပါကြောင်း၊ ထို့အတူ စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ အိန္ဒိယ၊ ပါကစ္စတန်နိုင်ငံများ အပါအ၀င် အာရှနိုင်ငံအများစု၏ ဥပဒေများတွင်လည်း ထောင်ဒဏ်ကျခံနေရသူများ ၀င်ရောက်ရွေးချယ်ခွင့်မရှိ ဆိုသည့်အချက်ကိုလည်းကောင်း၊ အချို့နိုင်ငံများဆိုပါလျှင် ထောင်ဒဏ်ကျခံနေစဉ်သာမက ထောင်ဒဏ်မှလွတ်ပြီး ၅ နှစ် မကျော်သေးလျှင် ၀င်ရောက်ရွေးချယ်ခံခွင့်မရှိဆိုသည့် အချက်ကိုလည်းကောင်း ထည့်သွင်းပြဋ္ဌာန်းထားသည်ကို တွေ့ရပါကြောင်း။ ယခု မိမိတို့၏ ရွေးကောက်ပွဲဥပဒေသည် ထောင်ဒဏ်ကျခံနေရစဉ် ကာလအတွင်းသာ ရွေးကောက်ပွဲဝင်ခွင့် မပြုခြင်းဖြစ်ပြီး ထောင်မှလွတ်ပြီးသည်နှင့် ရွေးကောက်ပွဲဝင်ရောက်ခွင့်ရှိကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံ၏ ယခင်က ပြဋ္ဌာန်းကျင့်သုံးခဲ့သည့် ဥပဒေများထက်လည်းကောင်း၊ အခြားနိုင်ငံများ၏ ဥပဒေများထက်လည်းကောင်း ပိုမိုပျော့ပျောင်းသည်ကို တွေ့နိုင်ပါကြောင်း၊ ထိုပြဋ္ဌာန်းချက်သည် ဆန့်ကျင်ဘက်များက စွပ်စွဲပြောဆိုနေသည့်အတိုင်း လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို ရည်ညွှန်းပြဋ္ဌာန်းခဲ့ခြင်း မဟုတ်ဘဲ နိုင်ငံတစ်ဝန်းလုံးရှိ ထောင်ဒဏ်ကျခံနေရသူအားလုံးကို ရည်ရွယ်ခြင်းဖြစ်သည် ဆိုသည်မှာ ထင်ရှားပါကြောင်း၊
- မိမိတို့အနေနှင့် ပြဋ္ဌာန်းပြီးဖြစ်သည့် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများနှင့်အညီ ၂၀၁၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုလည်း လွတ်လပ်တရားမျှတပြီး ပွင့်လင်းမြင်သာရှိအောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စီမံဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ခန်းမ၌ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဉာဏ်ဝင်း နှင့် တွေ့ဆုံဆွေးနွေးရာ၌ Mr. Campbell နှင့် ဦးဉာဏ်ဝင်းတို့၏ ဆွေးနွေးချက်များ |
Mr. Campbell
မြန်မာ-အမေရိကန် တိုက်ရိုက်ထိတွေ့ဆက်ဆံရေးလုပ်ငန်းစဉ် စတင်အကောင်အထည်ဖော်ခဲ့သည်မှာ (၈)လခန့် ရှိပြီဖြစ်ကြောင်း၊ ယင်းလုပ်ငန်းစဉ်အပေါ် မြန်မာနိုင်ငံ၏ သဘောထားအမြင်နှင့် အမေရိကန်နှင့် ဆွေးနွေးပွဲလုပ်ငန်းစဉ်အပေါ် မြန်မာနိုင်ငံဘက်မှ မည်သို့သော မျှော်မှန်းချက်များ ထားရှိသည်ကို သိရှိလိုပါကြောင်း ဆွေးနွေးမေးမြန်းခဲ့သည်။ဦးဉာဏ်ဝင်း
မြန်မာနိုင်ငံသည် အမေရိကန်အပါအ၀င် ကမ္ဘာ့နိုင်ငံအားလုံးနှင့် ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလိုကြောင်း၊ မြန်မာ-အမေရိကန် ဆက်ဆံရေးကောင်းမွန်စေရန် ဆောင်ရွက်ရာတွင် အမေရိကန်နိုင်ငံ၏ သဘောထားအမြင်၊ အယူအဆသည် အရေးကြီးပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှု၊ ဗီဇာကန့်သတ်မှုနှင့် ဖိအားပေးမှုများကြောင့်သာ မြန်မာ-အမေရိကန် ဆက်ဆံရေး အားနည်းခဲ့ရခြင်းဖြစ်ပါကြောင်း၊ သို့ပါ၍ ယခု တိုက်ရိုက်ထိတွေ့ ဆက်ဆံရေးမှတစ်ဆင့် နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်လာအောင် လုပ်ဆောင်နိုင်မည်ဟု ထင်ပါကြောင်း ပြောကြားခဲ့သည်။Mr. Campbell
မြန်မာဘက်မှသဘောထား သိရှိရသဖြင့် ကျေးဇူးတင်ပါကြောင်း၊ နယူးယောက်မြို့နှင့် နေပြည်တော်တို့တွင် ပထမအကြိမ် တွေ့ဆုံခဲ့ပြီးနောက် အမေရိကန်နိုင်ငံအနေဖြင့် အပြန်အလှန်ယုံကြည်စိတ်ချရမှု ရစေရန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန် အဆင့်ဆင့် ဆောင်ရွက်ခဲ့ကြောင်း၊ တိုက်ရိုက်ထိတွေ့ဆက်ဆံမှု လုပ်ငန်းစဉ်၏ အခြေခံအချက်မှာ ပုံမှန်သွားလာ ဆွေးနွေးရပါကြောင်း၊ သို့သော် မြန်မာနိုင်ငံနှင့် တွေ့ဆုံဆွေးနွေးခွင့်ရရန် ညှိနှိုင်းရာတွင် ခက်ခဲမှုနှင့် ကြန့်ကြာမှုရှိပါကြောင်း ပြောကြားသည်။ဦးဉာဏ်ဝင်း
ထိုကိစ္စနှင့်ပတ်သက်၍ ပွင့်လင်းစွာ ပြောကြားလိုကြောင်း၊ အချို့သော Delegates များအနေဖြင့် မိမိတို့နှင့် တွေ့ဆုံဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ ဆောင်ရွက်မှုများအပေါ် ပြစ်တင်ရှုတ်ချမှု၊ ဝေဖန်ပုတ်ခတ်ပြောဆိုမှုများသာ ပြုလုပ်တတ်ကြကြောင်း၊ ထိုကဲ့သို့ ထပ်တလဲလဲ ပြောလာသောဧည့်သည်ကို လက်ခံရန်ဝန်လေးသည်မှာ သဘာဝပင်ဖြစ်ကြောင်း၊ နှစ်ဖက်ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အပြုသဘောအမြင်ဖြင့် တွေ့ဆုံမည်ဆိုပါက အခက်အခဲ မရှိနိုင်ပါကြောင်း ပြန်လည်ရှင်းလင်း ပြောကြားသည်။သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဧည့်ခန်းမ၌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ၀န်ကြီး ဦးသောင်း နှင့် တွေ့ဆုံဆွေးနွေးရာ၌ Mr. Campbell နှင့် ဦးသောင်းတို့၏ ဆွေးနွေးချက်များ |
ဦးသောင်း
(၁၄)နှစ်တာ ကာလအတွင်း နှစ်နိုင်ငံဆက်ဆံရေး ပြတ်တောက်ခဲ့သဖြင့် အဆွေတော်တို့နိုင်ငံအနေဖြင့် သတင်းမှန်များ မရရှိနိုင်ခဲ့ပါကြောင်း၊ ယခုကဲ့သို့ နှစ်နိုင်ငံအကြား ဆက်သွယ်ဆောင်ရွက်မှု ပြန်လည်ပြုလုပ်သော (၆) လ၊ (၇) လ ကာလအတွင်းတွင် နှစ်နိုင်ငံအကြား ကောင်းမွန်သော ဆက်ဆံရေးရရန် လက်တွဲကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ အဆွေတော် ရောက်မည့်ရက်နှင့် အချိန်ုကိုက်၍ မြန်မာနိုင်ငံအပေါ်ပိတ်ဆို့ရေး တစ်နှစ်သက်တမ်းတိုးရန် ဆီးနိတ်၌ ဆွေးနွေးပြင်ဆင်နေသည်ကို သိရပါကြောင်း၊ ဤဖြစ်စဉ်ကိုကြည့်ခြင်းအားဖြင့် အမေရိကန်နိုင်ငံ၏ ဆီးနိတ်မှ ဆောင်ရွက်မှုသည် အပြုသဘောမဆောင်ပါကြောင်း၊ ဤကဲ့သို့ ဆွေးနွေးဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းသည် အဆွေတော်တို့ အစိုးရနှင့် အထက်လွှတ်တော်အကြား သဘောထားအမြင် မတူညီမှုကို ပြသခြင်းဖြစ်ကြောင်း ပြောကြားသည်။Mr. Campbell
မြန်မာနိုင်ငံနှင့် မြောက်ကိုရီးယားဆက်ဆံရေးနှင့် ပတ်သက်၍ နိုင်ငံများမှ လွန်စွာစိုးရိမ်ပူပန်ကြပါကြောင်း ပြောကြားသည်။ဦးသောင်း
မိမိတို့အစိုးရအနေဖြင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) တို့အား အပြည့်အ၀ လိုက်နာမည်ဖြစ်ကြောင်းကို လူသိရှင်ကြား ပြောကြားပြီးဖြစ်ကြောင်း၊ သို့ရာတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာ ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်ရှိသည်ကို သတိပြုရမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းပြောကြားသည်။နေပြည်တော်ရှိ ရုံးအမှတ် (၂၂) ဧည့်ခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် တွေ့ဆုံရာ၌ Mr. Campbell ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဦးသိန်းစိုးတို့၏ ဆွေးနွေးချက်များ |
Mr. Larry M. Dinger (အမေရိကန်သံရုံး ယာယီတာဝန်ခံ)
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပမည့်နေ့ရက်ကို သိလိုပါကြောင်း မေးမြန်းသည်။ဦးသိန်းစိုး
ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်အတွင်း ကျင်းပမည်ဟု ကြေညာထားပြီးဖြစ်ကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ အဆင့်ဆင့် ဆောင်ရွက်လျက်ရှိကြောင်း၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမည့် လုပ်ငန်းများ ပြီးစီးပါက ရွေးကောက်ပွဲကျင်းပမည့်ရက်ကို ကြေညာသွားမည်ဖြစ်ကြောင်း ပြောကြားသည်။Mr. Larry M. Dinger (အမေရိကန်သံရုံး ယာယီတာဝန်ခံ)
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့်စပ်လျဉ်း၍ မေးမြန်းလိုကြောင်း၊ ၀န်ကြီးများအနေဖြင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခြင်းမှာ ဥပဒေနှင့် ညီ/မညီ၊ ပါတီတည်ထောင်ခွင့် ပြုနိုင်/မပြုနိုင် မေးမြန်းသည်။
ဦးသိန်းစိုး
ပါတီတည်ထောင်လိုများတွင် နိုင်ငံ့ဝန်ထမ်းများ မပါဝင်ရန်သာ ဥပဒေပြဋ္ဌာန်းချက်ရှိပါကြောင်း၊ ၀န်ကြီးများသည် နိုင်ငံ့ဝန်ထမ်းမဟုတ်ဘဲ Political Post သာဖြစ်ပါကြောင်း၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၄၈ ၌ ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာစတင်တည်သည့်နေ့တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်အောက်၌ ဖွဲ့စည်းထားရှိသည့် တပ်မတော်အပါအ၀င် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၌ အမှုထမ်းရွက်ဆဲ ဖြစ်ကြသော နိုင်ငံ့ဝန်ထမ်းများသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရက အခြားပြဋ္ဌာန်းခြင်း မပြုသမျှ ဆက်လက် အမှုထမ်းရမည်ဟုလည်းကောင်း၊ အခြေခံဥပဒေပုဒ်မ ၄၄၄ (က) ဤဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်သည့်နေ့၌ တည်ရှိနေသော အစိုးရအဖွဲ့သည် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တာဝန်ပေးအပ်သည့် အစိုးရအဖွဲ့ မပေါ်ပေါက်မီ မိမိတို့၏ သက်ဆိုင်ရာတာဝန်များကို ဆက်လက်ဆောင်ရွက်ရမည် ဟုလည်းကောင်း ပြဋ္ဌာန်းထားရှိသည်ဖြစ်ရာ လက်ရှိဝန်ကြီးများက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တည်ထောင်ခြင်းမှာ ဥပဒေနှင့် ညီညွတ်ပါကြောင်း၊ အခြားနိုင်ငံများတွင်လည်း သမ္မတ၊ ၀န်ကြီးများက ပါတီလုပ်ငန်းများတွင် ဆောင်ရွက်နေမှုများ ရှိပါကြောင်း၊ နောင်တွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်အရ ဖွဲ့စည်းမည့်အစိုးရအဖွဲ့တွင် ၀န်ကြီးအဖြစ် ခန့်အပ်ခြင်း ခံရသူများသာ ပါတီလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်မှုမပြုရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။Mr. Kurt Campbell
ရွေးကောက်ပွဲအတွက် နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေးအဖွဲ့များ အထူးသဖြင့် အာစီယံအဖွဲ့များ လာရောက်ခွင့် ပြု/မပြု သိလိုပါကြောင်း မေးမြန်းသည်။ဦးသိန်းစိုး
ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မိမိတို့နိုင်ငံတွင် အတွေ့အကြုံများစွာ ရှိပါကြောင်း၊ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများမှ ပြဋ္ဌာန်းချက်များများကို လေ့လာကြည့်လျှင် ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်လောင်းများအနေဖြင့် ၎င်းတို့အတွက် ရွေးကောက်ပွဲကိုယ်စားလှယ်များ ခန့်ထားခွင့်ရှိခြင်း၊ မဲရုံကိုယ်စားလှယ်များ၊ အကူကိုယ်စားလှယ်များ၊ စာရေးများ ခန့်ထားခွင့်ရှိခြင်း၊ ယင်းပုဂ္ဂိုလ်များအနေဖြင့် ဆန္ဒမဲပေးသည့်နေရာ မဲရုံများတွင် စောင့်ကြည့်ခွင့်ရှိခြင်းတို့အပြင် မဲရေတွက်သည့်အခါတွင်လည်း ယင်းတို့နှင့်အတူ မဲဆန္ဒရှင်များ ရှေ့မှောက်တွင် ရေတွက်ရမည်ဟု ပြဋ္ဌာန်းပေးထားပြီး ဖြစ်ကြောင်း၊ လွတ်လပ်၍ တရားမျှတအောင် ဆောင်ရွက်ပေးထားသည်မှာ ထင်ရှားကြောင်း၊ ထို့ကြောင့် နိုင်ငံတကာ လေ့လာရေးအဖွဲ့များ လာရောက်ရန် လိုအပ်မည်မဟုတ်ပါကြောင်း ပြောကြားသည်။နေပြည်တော် ဒက္ခိဏသီရိမြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဌာနချုပ်ရုံး ဧည့်ခန်းမ၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး နှင့် တွေ့ဆုံဆွေးနွေးရာ၌ Mr. Campbell နှင့် ဦးဌေးဦး တို့၏ ဆွေးနွေးချက်များ |
ဦးဌေးဦး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီးအား အမွေခံအခြေပြုပြီး ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းမည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေနှင့် ပြည်သူများ၏ လိုအင်ဆန္ဒအတိုင်း အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးနှင့် အဓွန့်ရှည်တိုးတက် တည်တံ့ခိုင်မြဲရေးအတွက် ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန် ရည်မှန်းဖွဲ့စည်းခြင်း ဖြစ်ပါကြောင်း၊ ပါတီဖွဲ့စည်းထူထောင်ရန် စတင်အဆိုပြုသူများသည် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်နှင့် ရွေးကောက်ပွဲဥပဒေ၏ ပြဋ္ဌာန်းချက်များအတိုင်း အစိုးရ၀န်ထမ်းမှ နုတ်ထွက်ပြီးဖြစ်ပါကြောင်း၊ ၀န်ကြီး၊ ဒုတိယ၀န်ကြီး ရာထူးများသည် အစိုးရ၀န်ထမ်းမဟုတ်သော နိုင်ငံရေးတာဝန်များသာ ဖြစ်ပါကြောင်း၊ ပါတီအနေဖြင့် စည်းရုံးသိမ်းသွင်းသည့်အခါတွင် ပါတီဝင်များကို သတ်မှတ်ချက်များနှင့်အညီ စည်းရုံးသိမ်းသွင်းသွားမည်ဖြစ်ကြောင်း၊ မူလ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းတွင် အစိုးရ၀န်ထမ်းများလည်း ပါရှိပါကြောင်း၊ ပါတီဝင်အဖြစ် ၀င်ရောက်မည်ဆိုလျှင် အစိုးရ၀န်ထမ်းမှ နုတ်ထွက်သူများကိုသာ လက်ခံမှာဖြစ်ပါကြောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင်များတွင် ကျောင်းသားများလည်း ပါရှိနေကြောင်း၊ ကျောင်းသားများအား ပါတီနိုင်ငံရေးကင်းကင်းနှင့် ပညာသင်ကြားစေလိုသော ဆန္ဒရှိပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် ပါတီဝင်အဖြစ် သိမ်းသွင်းခြင်းမပြုဘဲ ပညာသင်ကြားရေးကိုသာ အားပေးဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မိမိတို့အနေနှင့် နိုင်ငံတော်နှင့် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှုတို့အတွက် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒနှင့် အတည်ပြုထားပြီးဖြစ်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော ဥပဒေများနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူများအတွက် ထိုက်တန်သည့် အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးအား စည်းရုံးပြီး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီအသီးသီး၊ လူပုဂ္ဂိုလ်အသီးသီးအနေနှင့် ယုံကြည်ချက်၊ ခံယူချက်များ၊ လမ်းစဉ်များ ကွာခြားနိုင်သော်လည်း နိုင်ငံတော်နှင့် ပြည်သူများ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်ကြမည် ဆိုသည်ကို မိမိတို့အနေဖြင့် ယုံကြည်ပါကြောင်း ပြောကြားသည်။
Mr. Campbell
ယခင်ခရီးစဉ်နှင့် ယခုခရီးစဉ်အကြားတွင် တိုးတက်ပြောင်းလဲမှု များစွာရှိခဲ့ပါကြောင်း၊ အထွေထွေအတွင်းရေးမှူး၏ ရှင်းလင်းပြောကြားချက်များသည် များစွာအကျိုးရှိပါကြောင်း၊ အသစ်ပေါ်ပေါက်လာမည့် အစိုးရသည် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆွေးနွေးမှုများကို ပိုမို၍ အင်တိုက်အားတိုက် အလေးအနက်ထား ဆောင်ရွက်မည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။ဦးဌေးဦး
အပြုသဘောဆောင်သော ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုဆောင်ရွက်နိုင်သည်နှင့်အမျှ နှစ်ဖက်စလုံးအတွက် အကျိုးကျေးဇူးရှိမည်ဖြစ်ကြောင်း၊ သဘောထားအမြင် မတူညီမှုရှိသည်များကိုလည်း ညှိနှိုင်းဆွေးနွေးမှုဖြင့် ဖြေရှင်းနိုင်ကြောင်း၊ အဆွေတော်၏ ယခုခရီးစဉ်သည် အောင်မြင်မှုရှိမည်ဟု ယုံကြည်ကြောင်း ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။ကိုးကား
မြန်မာ့အလင်းသတင်းစာ
၁၃၇၂ ခုနှစ်၊ ကဆုန်လကွယ်နေ့၊ ၂၀၁၀ ခုနှစ်၊ မေ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့၊ အတွဲ (၄၉)၊ အမှတ် (၂၁၉)
စာမျက်နှာ - ၅၊ ၆၊ ၇၊ ၁၀
No comments:
Post a Comment