Tuesday, July 27, 2010

မတူတာကို သည်းခံတတ်တဲ့ ယဉ်ကျေးမှု - လူထုစိန်ဝင်း


useinwin.jpg
အဟောင်းတွေကို ပြန်လည်တူးဆွ ဖော်ထုတ်ပြနေကြတာနဲ့ ပတ်သက်ပြီး မသင့်တော်တာတွေကို မကြာမကြာ ရေးခဲ့ဖူးတယ်။ အဟောင်းတွေကို ပြန်လည်ဖော်ထုတ်တာဟာ သမိုင်းထဲက သင်ခန်းစာတွေ ထုတ်ယူနိုင်စေဖို့ ဖြစ်ပါတယ်လို့ တချို့ကလာပြီး ရှင်းပြကြတယ်။ သင်ခန်းစာယူကြသလား၊ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်တာပဲ အဖတ်တင်သလားလို့ ပြန်မေးတော့ မဖြေကြတော့ဘူး။

ခုတ်ရာတခြား ရှရာတခြား
အတိတ်ကို ပြန်ပြောပြတဲ့ စေတနာကို နားလည်ပါတယ်။ ဒါပေမယ့် အပြောမတတ်ရင် ခုတ်ရာတခြား ရှရာတခြား ဖြစ်သွားတတ်တာကို သတိပြုကြဖို့ လိုတယ်။ ဒီနေ့ စာနယ်ဇင်းများမှာ ပြန်လည်ဖော်ပြနေကြသမျှ အားလုံးလောက်နီးပါးက ရှေးခေတ်နိုင်ငံရေး အကွဲအပြဲတွေအကြောင်းချည်း ဖြစ်နေတာ သတိထားမိတယ်။ ကာတွန်းလက်ရာဟောင်းတွေ ဖော်ပြရာမှာလည်း နိုင်ငံရေးသမားတွေ မကောင်းကြောင်း ပြောတာတွေချည်း ဖြစ်ကြတယ်။ နိုင်ငံရေးဆိုတာကို အခုမှ နဖူးတွေ့ ဒူးတွေ့ တွေ့ကြုံရင်ဆိုင်ကြရတဲ့ လူငယ်တွေက နိုင်ငံရေးဆိုတာ တစ်ဖက်နဲ့တစ်ဖက် ကလော်ကြ၊ ဆော်ကြ၊ တိုက်ကြခိုက်ကြတာတွေပါလား၊ နိုင်ငံရေးသမား ဆိုတာတွေကလည်း ပွဲလန့်ရင် ဖျာဝင်ခင်းချင်တဲ့ အခွင့်အရေး သမားတွေချည်းပါလားလို့ အထင်ရောက်မသွားနိုင်ပေဘူးလား။

ရွံကြောက်ကြီးဖြစ်နေလို့
နိုင်ငံရေးကို လူတွေ အထင်အမြင်မကောင်းတာ၊ ရွံကြောက်ကြီးဖြစ်တာ မကောင်းဘူး။ နိုင်ငံ့အရေး၊ ကိစ္စမှန်သမျှကို နိုင်ငံသားတိုင်း စိတ်ဝင်စားပြီး လူတိုင်း ပါဝင်ဆောင်ရွက်ကြဖို့ လိုတယ်။ နိုင်ငံသူ နိုင်ငံသားများကိုယ်တိုင် စိတ်ပါလက်ပါ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြမှ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်။ သယံဇာတတွေ အင်မတန်ကြွယ်ဝတဲ့ ကျွန်တော်တို့နိုင်ငံ၊ လွတ်လပ်ရေးရပြီး နှစ်ပေါင်းခြောက်ဆယ် ကျော်တဲ့အထိ ဖွံ့ဖြိုးဆဲနိုင်ငံဆိုတဲ့ အဆင့်မှာပဲ ရှိနေသေးတဲ့ အကြောင်းရင်းဟာ နိုင်ငံရေးကို လူတွေက ရွံကြောက်ကြီးဖြစ်ပြီး မလုပ်မရှုပ်၊ မပြုတ်ဆိုတဲ့ စိတ်ထားတွေနဲ့ နေခဲ့ကြလို့ ဖြစ်တယ်လို့ပဲ ယူဆပါတယ်။

စာနယ်ဇင်းတွေ တာဝန်မကင်း
အဲဒီလို ရွံကြောက်ကြီးဖြစ်ရတာဟာ နိုင်ငံရေးသမားများမှာ တာဝန်ရှိသလို စာနယ်ဇင်းတွေမှာလည်း တာဝန်မကင်းဘူးလို့ ထင်တယ်။ ဘာ့ကြောင့်လဲဆိုတော့ စာနယ်ဇင်းများက ဒေါမနဿစိတ်တွေ လွန်ကဲပြီး နိုင်ငံရေးသမားတွေရဲ့ လုပ်ရပ်တိုင်းကို ဝေဖန်ရှုတ်ချမှု ပြုလွန်းအားကြီးသလားလို့ တွေးမိတာကြောင့် ဖြစ်တယ်။ နို်င်ငံရေးမှာ အယူအဆသဘောထား အမြင်မတူ ကွဲပြားတာဟာ အဆန်းမဟုတ်ဘူး။ ဖြစ်ရိုးဖြစ်စဉ် နိယာမဖြစ်တယ်။ ရေကိုသားလို့ အကြားမထင်ဆိုတဲ့ ညီညွတ်ရေးမျိုးဆိုတာ လူ့ဘောင်လောကမှာ မရှိနိုင်တဲ့ အရာမျိုး ဖြစ်တယ်။ တစ်မိတည်းပေါက် သွေးသားရင်းချာတွေချင်းတောင်မှ တစ်ဦးနဲ့တစ်ဦး စိတ်သဘောထားချင်း ထပ်တူကျတယ်လို့ ရှိတာမှ မဟုတ်တာ။

ကွဲပြားတာ မကောင်းတာမဟုတ်
အမြင်မတူတာ သဘောထား မယူအဆ ကွဲပြားတာဟာ မကောင်းတဲ့အရာ မဟုတ်ပါဘူး။ ရှုတ်ချစရာလည်း မဟုတ်ပါဘူး။ မတူကွဲပြား ခြားနားမှုတွေ ရှိနေတာကြောင့် လူ့ဘောင်လောက တိုးတက်ဖွံ့ဖြိုးလာရတာပါ။ မတူတာတွေကို သည်းခံညှိနှိုင်း နေထိုင်တတ်ကြလို့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းရယ်လို့ ဖြစ်ထွန်းလာတာ ဖြစ်တယ်။ သဘောထားကွဲပြားတာကို သည်းမခံတတ်ခြင်းကြောင့် အန္တရာယ်တွေ ကျရောက်ရင်ဆိုင်ကြရတာပါ။ သဘောထားကွဲလို့ အန္တရာယ်ကျရောက်တာ မဟုတ်ပါဘူး။

ကယ်တင်ရှင်များက အသုံးချ
အမြင်မတူတာ၊ အယူအဆကွဲပြားခြားနားတာကို အန္တရာယ်အဖြစ် ယူဆတဲ့ အခြေခံစိတ် mindset ကို ပြုပြင်ပစ်ဖို့လိုတယ်။ ဒီစိတ်ကို ပြုပြင်ပြောင်းလဲ မပစ်နိုင်သရွေ့ လူ့ဘောင်လောက ငြိမ်းချမ်းသာယာဖွယ် မရှိဘူး။ အမြင်မတူတာ အယူအဆ ကွဲပြားခြားနားတာကို အန္တရာယ်အဖြစ် ယူဆပြီး အတွေးခေါင်လွန်း ပုံကြီးချဲ့လွန်းလို့ ချောက်ထဲကျခဲ့ရတဲ့ သာဓကတွေ မရေမတွက်နိုင်အောင် ရှိပါတယ်။ ပွဲလှန့်ပြီး ဖျာဝင်ခင်းတဲ့ ကယ်တင်ရှင်ဆိုတဲ့ အချောင်သမား မှန်သမျှက ကွဲပြားခြားနားမှုကို အန္တရာယ်လို့ ယူဆတဲ့ အခြေခံစိတ် (mindset) ကို အသုံးချသွားကြတာ ဖြစ်တယ်။

သည်းခံခြင်းယဉ်ကျေးမှု
အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ အမေရိကန်က ကယ်တင်ရှင်ဆိုပြီး ၀င်လာတာပဲကြည့်ပါ။ အီရတ်တွေ အချင်းချင်း၊ အာဖဂန်တွေ အချင်းချင်း အယူအဆ မတူကွဲပြားကြတာကို သည်းမခံတတ်ကြဘဲ အန္တရာယ်ကြီးအဖြစ် သဘောထားပြီး အချင်းချင်း တိုက်ခိုက်ကြတာကို အကြောင်းပြုပြီး ၀င်လာကြတာ မဟုတ်လား။ သဘောထား ကွဲပြားခြားနားတာ အယူအဆ မတူတာဟာ အန္တရာယ်မဟုတ်ဘူး။ ကြောက်စရာ မဟုတ်ဘူး။ အဲဒါကို သည်းခံတတ်တဲ့ စိတ်ယဉ်ကျေးမှု မရှိတာကသာ အန္တရာယ်ဖြစ်တယ်။ ကြောက်စရာ ကောင်းတယ်။

တစ်သားတည်း ညီညွတ်ရေးဆိုတာ
သဘောထားကွဲတာ၊ အယူအဆ မတူတာကို အန္တရာယ်အဖြစ် ယူဆခြင်းဆိုတဲ့ အခြေခံစိတ်ကြောင့် ညီညွတ်ခြင်းကို သိပ်ပြီး အမွှန်းတင်တဲ့စိတ် အလိုအလျောက် ပေါ်ပေါက်လာရတယ်။ အဲဒီ ညီညွတ်ခြင်းစကား ပြောလွန်း၊ အမွှန်းတင်လွန်းတော့ သဘောထားကွဲခြင်းကို မကောင်းမြင်တဲ့စိတ် ပိုပြီး အားကြီးလာပြန်ရော။ ဒီလိုနဲ့ သံသရာလည်သွားတယ်။ ကြားထဲက ကယ်တင်ရှင်တွေဝင်ပြီး အမြတ်ထုတ်ဖို့ လမ်းဖွင့်ပေးသလို ဖြစ်တယ်။ ရေကိုသားလို့ အကြားမထင်သလို ညီညွတ်ရေးဆိုတာ တကယ်မရှိနိုင်ဘူး။ သိပ်အမွှန်းတင်လွန်းအားကြီးရင် အာဏာရှင်စနစ်ကို အသက်သွင်းပေးရာ ရောက်ပါတယ်။

လွတ်လပ်စွာ သဘောထားကွဲပါစေ
အမြင်အယူအဆတွေ မတူခြားနားတာကို အပြစ်မမြင်ပါနဲ့။ ပန်းဥယျာဉ်ထဲမှာ ပန်းတွေရောင်စုံပွင့်နေမှ ပိုပြီးလှတယ် မဟုတ်ဘူးလား။ အတွေးအခေါ်တွေ လွတ်လွတ်လပ်လပ် ဖော်ထုတ်ကြပါစေ။ သဘောထား ကွဲပြားခြားနားတာတွေကိုလည်း လွတ်လွတ်လပ်လပ် ဆွေးနွေး ငြင်းခုံကြပါစေ။ ဆွေးနွေးမှ တိုးတက်ပါတယ်။ ငြင်းခုံမှ အမှန်ကို သိရပါတယ်။ စာနယ်ဇင်းတွေက မီးလောင်ရာ လေပင့်သလို လုပ်မယ့်အစား ဆွေးနွေးငြင်းခုံတာတွေကို အားပေးသင့်တယ်။ သည်းခံခြင်းဆိုတဲ့ စိတ်ယဉ်ကျေးမှု ထွန်းကားစေသင့်တယ်။ မတူကွဲပြားတာတွေကို သည်းခံပြီး အတူတကွ ယှဉ်တွဲနေထိုင်ခြင်းဆိုတာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်သလို လူယဉ်ကျေးများရဲ့ အမှတ်လက္ခဏာလည်း ဖြစ်တယ်။

လွတ်လပ်စွာ သဘောထား ကွဲကြပါစေ။ မတူတာတွေကို သည်းခံတတ်တဲ့ ယဉ်ကျေးမှု ထွန်းကားပါစေ။

No comments:

Post a Comment

 
Web Statistics