Saturday, July 31, 2010

ဝီစကီ နိုင်ငံရေးသမား (သို့မဟုတ်) ၀ီစကီ စာနယ်ဇင်းသမား


၁၉၅၂ ခုနှစ်က အမေရိကန်နိုင်ငံရေးသမားတစ်ဦး ပြောခဲ့၍ if-by-whiskey ခေါင်းစဉ်အမည်ဖြင့် ထင်ရှားသွားခဲ့သည့် စကားတစ်ခုအကြောင်း ဖြစ်သည်။

အလွန်အငြင်းပွားရသည့် ပြဿနာရပ်မျိုးမှာ တချို့လူတွေ ဘယ်လို ရပ်တည်တတ်ကြသည်ဆိုတာ အထင်အရှား နမူနာပြသွားသည့် စကား။

တစ်ခါတုန်းက အမေရိကန်ပြည်မှာ အရက်သေစာ ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုများကို ပိတ်ပင်သည့် ဥပဒေတစ်ရပ် ပြဋ္ဌာန်းခဲ့ဖူးသည်။ ပြဋ္ဌာန်းနိုင်သူတွေ ပြဋ္ဌာန်းခဲ့သော်လည်း မလိုက်နာလိုသူတွေ များသည့်အခါ ပြဿနာတက်ပြီး နောက်ဆုံး၌ ပြည်နယ်အသီးသီးက သည်ဥပဒေကို ပြန်လည် ဖျက်သိမ်းခဲ့ကြသည်။ သို့သော် မဖျက်သိမ်းမီကာလမှာ အရက်ကို ဆက်ပိတ်ထားချင်သူတွေနှင့် တားမြစ်မှု ရုပ်သိမ်းစေချင်သူတွေအကြား အငြင်းပွားမှုတွေ ပြင်းထန်ခဲ့သည်။

အဲသည်လို ပြင်းထန်နေစဉ် အတောအတွင်း လွှတ်တော်အမတ်တွေ ရပ်တည်ရ အလွန်ခက်ခဲ့ကြသည်။ ခင်ဗျား အရက်ကို ခွင့်ပြုမလား၊ ပိတ်ပင်မလား။ တစ်ခုခု ပြတ်ပြတ်သားသား ပြောပါဆိုလျှင် ဖြေဖို့ခက်သည်။ တစ်ဖက်က ရပ်တည်လိုက်လျှင် နောက်တစ်ဖက်လူတွေ လာမည့်ရွေးကောက်ပွဲမှာ သူ့ကို မဲပေးတော့မည် မဟုတ်။ အဲသည်တော့ ပရိသတ်အခြေအနေကြည့်ကာ သူတို့နှင့် သဘောထား မကွဲပြားသလို ဘာလိုလို ဝေ့လည်ကြောင်ပတ် ယောင်ဝါးဝါး ဖြေကြသည်။

သို့သော် ကြာရှည်ဝေ့နေ ယောင်နေ၍ မရ။ ဆက်ယောင်နေလျှင် နှစ်ဖက်လုံး တညီတညာတည်း ရှုတ်ချမည့် အနေအထား ရောက်လာလိမ့်မည်။ အဲဒါဆိုလျှင် ပြုတ်မှာ သေချာသည်။

သည်အနေအထားမျိုးတွင် မစ္စစ္စီပီပြည်နယ်မှ အမတ်တစ်ဦးဖြစ်သူ နိုးဝါးဆွက်(တ) (ဂျူနီယာ) (Noah Sweat Jr.) က ပရိသတ်တစ်စုရှေ့မှာ သူ့ရပ်တည်ချက်ကို တရားဝင်ကြေညာသည်။

စကားလုံးတွေအများကြီး ဖုံးကွယ်ရစ်ပတ်ပြီး ပြောသွားသည့် သူ့စကားကို သူ့အတိုင်း တိုက်ရိုက် ဘာသာမပြန်ဘဲ ဆိုလိုရင်းသဘောကိုသာ ကျွန်တော့်စကားဖြင့် ပြန်ပြောပါမည်။

သူက

မိတ်ဆွေများခင်ဗျား။ ဒီလောက် အငြင်းပွားနေတဲ့ ပြဿနာကို အခု ဒီနေရာမှာ ဆွေးနွေးဖို့ ကျွန်တော် မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော်ဟာ ပြဿနာကို ရှောင်တဲ့သူ မဟုတ်ဘူးဆိုတာလည်း မိတ်ဆွေတို့ သိစေချင်ပါတယ်။ တကယ်က ဒီပြဿနာမှမဟုတ်၊ ဘယ်လောက် အထင်အမြင် လွဲမှားနိုင်တဲ့ ပြဿနာမျိုးဖြစ်စေ အချိန်မရွေး နေရာမရွေး ကျွန်တော် ဖြေရှင်းဖို့ အသင့်ပါ။

အခု မိတ်ဆွေတွေက မေးကြတယ်။ ၀ီစကီနဲ့ ပတ်သက်လို့ ကျွန်တော့်သဘောထား ဘယ်လိုရှိသလဲတဲ့။

ကောင်းပြီ၊ ကျွန်တော့်သဘောထား အခု ပြောပါမယ်။

မိတ်ဆွေတွေက ၀ီစကီလို့ ပြောလိုက်တဲ့အခါမှာ ဘာကို ဆိုလိုပါသလဲ။ သေရည်လို့ခေါ်တဲ့ မကောင်းဆိုးဝါး အဆိပ်အတောက်လား၊ သူ့ကို သွားသောက်ရင် ဦးနှောက်ပျက်၊ စဉ်းစားဉာဏ်ပျက်၊ စီးပွားပျက်၊ အိမ်ထောင်ပျက်ဖြစ်၊ ကလေးသူငယ် လူမမယ်တွေခမျာလည်း အားကိုးရာမဲ့ မိမဲ့ဖမဲ့ဖြစ်၊ အဲသလို ဘက်စုံဒုက္ခတွေပေးမယ့် အရာလား၊ လူကိုဖျက် အရက်ဆိုတဲ့ စကားလို သူ့ကို သောက်သုံးခြင်းကြောင့် လူလုံးမလှ ဘ၀တစ်ခုလုံး နိမ့်ကျ ပျက်သုဉ်းရစေမယ့် ဘုရားမကြိုက်တဲ့ သုရာမေရယလား။ အဲဒါဆိုရင်တော့ ကျွန်တော် လုံးလုံးလျားလျား ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။

ဒါမှမဟုတ် ခင်ဗျားတို့ပြောတဲ့ ၀ီစကီသည် သောက်သုံးသူကို ဖော်ရွေစေ၊ သွက်လက်စေပြီး မိတ်ဆွေအပေါင်းအသင်းအပေါ် စေတနာစိတ် ယိုဖိတ်စေတဲ့အရာ၊ နှုတ် လျှာ သွက်လက်သလို ဦးနှောက်ရွှင်လန်းပြီး စိတ်ကူးစိတ်သန်းကောင်းတွေ ထွက်ပေါ်စေတဲ့အရာ၊ အလုပ်ခွင်က တစ်နေကုန် ပင်ပန်းနွမ်းနယ်ခဲ့သမျှတွေ လျော့ပါးပျောက်ကွယ်ပြီး ခေါင်းပူရ စိတ်ရှုပ်ရ အနာဂတ်အရေး တွေးပူရတဲ့ လူ့ဘ၀ဒုက္ခတွေ အခိုက်အတန့် ကင်းဝေးအောင် ဖန်တီးပေးတဲ့အရာ၊ အတန်အသင့် ဆေးဖြစ်ဝါးဖြစ် သောက်ရင်ဖြင့် အသက်ရှည်ကျန်းမာပြီး ဘ၀ရဲ့ သုခတွေ ပြည့်ပြည့်၀၀ ခံစားရစေမယ့်အရာ၊ အဲ... ဒီအရာကို အများသူငါ သောက်သုံးကြလို့ ဒါကရတဲ့ အခွန်အကောက်တွေကြောင့် တိုင်းပြည်ဘဏ္ဍာ ပြည့်တင်းမယ်၊ ဒီဘဏ္ဍာတွေကို အသုံးပြုပြီး စာသင်ကျောင်းတွေ၊ ဆေးရုံတွေ ဆောက်လုပ်နိုင်မယ်။ မိဘမဲ့ဂေဟာတွေ၊ ဘိုးဘွားရိပ်သာတွေ ဖွင့်လှစ်ပြီး အားကိုးရာမဲ့ရှာတဲ့ ကလေးသူငယ်များနဲ့ အိုမင်းမစွမ်းသူတွေကို ကူညီစောင့်ရှောက်နိုင်မယ် ဆိုရင်တော့ ဒီလောက် အကျိုးပြုတဲ့အရာကို ကျွန်တော် ပြတ်ပြတ်သားသား ထောက်ခံသွားမှာပဲပေါ့။

ကျွန်တော် အခုပြောတာ ၀ီစကီအရေးနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ ရပ်တည်ချက်ပါ။ ဒီရပ်တည်ချက်ကို ကျွန်တော် တစ်ပြားသားမှ လျှော့မပေးနိုင်ဘူး။ ခြေ တစ်လှမ်းမှလည်း နောက်မဆုတ်နိုင်ဘူး... တဲ့။

စကားနှစ်ခွအရာမှာ ဂန္ထ၀င်မြောက်သွားခဲ့သည့် အဲသည်တုန်းက သူ့မိန့်ခွန်းကို ပရိသတ်က ဘယ်လို သြဘာပေးခဲ့ကြသလဲ ကျွန်တော် မသိ။ သည်အမတ် နောက်ပိုင်း ဘာဖြစ်သွားသလဲ၊ လွှတ်တော်မှာ ပျော်တော်ဆက်ရာထူးပဲ ခန့်အပ်ခံရသလား၊ နောက် တစ်ကြိမ်တော့ တော်ပါပြီဗျာဟု ငြင်းပယ်လိုက်ကြသလား ဆိုတာလည်း ကျွန်တော် မစုံစမ်းမိ။

သေချာသည်ကတော့ သည်တစ်ပွဲမှာ နောက်သလို အတည်လိုနှင့် ရှောင်ထွက်သွားနိုင်သော်လည်း နောက်တစ်ကြိမ် if-by-whiskey ဖြင့် စင်ပေါ်တက်ဖို့ လွယ်မည် မဟုတ်။

စာနယ်ဇင်းသမား အဖို့မှာလည်း သည်အတိုင်း ဖြစ်သည်။

နှာစေးနေ၍ မရသည့် ပြဿနာများမှာ ၀ီစကီဗျူဟာဖြင့် ရပ်တည်ကြမည်ဆိုလျှင် ၀ီစကီစာနယ်ဇင်းသမား ဖြစ်သွားလိမ့်မည်။

ကျွန်တော်တို့ ဘာလုပ်ကြမည်လဲ။


***************
ဘလော့ဂ်ဖတ်သူတစ်ဦးက စီဘောက်မှာ တောင်းဆိုထားတဲ့ အကြောင်းအရာလေးပါ။ ဆရာဖေမြင့်ရဲ့ "အယ်ဒီတာခေါင်းကြီး"ဆိုတဲ့ ဆောင်းပါးထဲကနေ ကောက်နုတ်တင်ပြထားတာပါ။ စီဘောက်မှာတုန်းက တောင်းဆိုသူကို ပြန်မဖြေဖြစ်ခဲ့တာ စိတ်မကောင်းပါ။ အလွယ်တကူ ကတိမပေးလိုသောကြောင့် ဖြစ်ပါသည်။ တင်ပေးပါမယ်ဟု စကားဆိုထားပြီးကာမှ အကြောင်းအမျိုးမျိုးကြောင့် မတင်ပေးဖြစ်လျှင် စောင့်မျှော်နေရသူလည်း မကောင်း၊ ကျွန်တော်လည်း လိပ်ပြာမလုံမလဲနှင့် စိတ်ဖြောင့်လိမ့်မည် မဟုတ်ပါ။ ထို့ကြောင့်လည်း စီဘောက်တွင် ဘာမှ တုံ့ပြန်စာ ပြန်မရေးခဲ့ခြင်း ဖြစ်ပါသည်။ အခုတော့ အကြောင်းတိုက်ဆိုင်သည့်အတွက် တင်ပေးလိုက်ပြီဖြစ်ကြောင်း ၀မ်းသာစကား ဆိုလိုက်ပါသည်။ မြန်မာ့သွေးဘလော့ဂ်သို့ လာရောက်ဖတ်ရှုမှုများ၊ ဝေဖန်အကြံပြုမှုများအတွက် ကျေးဇူးတင်ပါသည်။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်လ ၃၁ ရက်၊ စနေနေ့။
နံနက် ၁၁ နာရီ ၀၃ မိနစ်။

1 comment:

  1. ကိုဉာဏ် ခင်ဗျား

    ကျွန်တော် တောင်းဆိုထားတာကို တကူးတက တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ။ ကျွန်တော့်ရဲ့ စာအုပ်ဆိုင်ပို့စ်ကို ဖတ်ရှုပြီး မှတ်ချက်ထားခဲ့တဲ့ အတွက်လည်း ၀မ်းသာပါတယ်။ ကိုဉာဏ်တင်ပေးထားတဲ့ လူဖတ်နည်းတဲ့ စာစုတွေအတွက် စိတ်မပျက်ပါနဲ့။ ကျွန်တော်ကတော့ အမြဲဂရုတစိုက် ဖတ်ဖြစ်ပါတယ်။ ဒီဆိုဒ်မှာ ထင်မြင်ချက်တွေ ရေးခဲပေမယ့် အမြဲရောက်ပါတယ်ဗျ။

    ခင်မင်စွာဖြင့်
    lonetone

    ReplyDelete

 
Web Statistics