Thursday, July 29, 2010

အသုံးများသော မြန်မာဗန်းစကားများ (တ)


myanmarwords.png

တစ်ကောင်ဖွား
ထူးချွန်သူ၊ ရှားမှရှားသူ
ထိုစကားမှာ မ,တစ်ထောင် တစ်ကောင်ဖွားဟူသော စကားမှလာသည်။ မိန်းမပေါင်းတစ်ထောင် သားသမီး ဖွားမြင်ရာတွင်မှ ထိုလူမျိုးတစ်ယောက်သာ ဖွားမြင်နိုင်အောင် ရှားပါးလှသောဟူ၍ အဓိပ္ပါယ်ရသည်။ အလွန်ထူးချွန်သူကို ချီးမြှောက်တင်စား၍ ခေါ်ဆိုသော စကားဖြစ်သည်။

တစ်ပင်တိုင်
တစ်ဦးတည်း တစ်မျိုးတည်း၊ အဖော်အဖက်မပါ တစ်ပါးတည်း။
ရှေးမြန်မာ ဘုရင်များလက်ထက်က သမီးတော်တစ်ပါးပါးကို နန်းဆောင်သီးခြားဖြစ်သော တစ်ပင်တိုင်နန်းဖြင့် ချီးမြှောက်ထားလေ့ရှိသည်။ ထိုမင်းသမီးမှာ အိမ်ရှေ့မင်း၏ မိဖုရားလောင်းဖြစ်ပြီး၊ နောင်တော်အိမ်ရှေ့မင်း ထီးနန်းဆက်ခံရပါက မိဖုရားကြီးဖြစ်ရန် အလားအလာရှိလေသည်။ ထိုသို့ တစ်ပင်တိုင်နန်းဖြင့် တသီးတခြား တစ်ပါးတည်း စံမြန်းစေသည်ကိုစွဲ၍ အခြားအဖော်အဖက် အတွဲအစပ်မပါသော အရာများကို တင်စား၍ ဥပမာ "တစ်ပင်တိုင် မုန့်ဟင်းခါး" (ဟင်းပြစ်၊ ဟင်းကြဲ နှစ်မျိုးမပါဘဲ ဟင်းရည်တစ်မျိုးတည်းသာ ပါသည်။)၊ "တစ်ပင်တိုင် မင်းသမီး" (အတွဲအဖက်မပါဘဲ တစ်ဦးတည်း ခေါင်းဆောင်၍ ကပြရသည်။)၊ "တစ်ပင်တိုင် တီးလုံး" (အခြားတူရိယာများ မဖက်ဘဲ တူရိယာ တစ်ခုတည်းဖြင့်သာ တီးမှုတ်သည်။) စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲကြသည်။

တစ်ဖက်ကမ်းခတ်သည်
ပေါက်ရောက်ကျွမ်းကျင်သည်။
ဤစကားမှာ ပါဠိစကားမှ တိုက်ရိုက်ပြန်ဆိုခြင်း ဖြစ်လေသည်။ "ပါရ = တစ်ဖက်ကမ်း" ၊ "ဂု = ရောက်ခြင်း"။ တစ်ဖက်ကမ်းသို့ ကူးမြောက်ပေါက်ရောက်သူကို "ပါရဂူ" ဟု ဆိုသည်။ ပညာတစ်ရပ်ရပ်၌ အစမှအဆုံး တတ်မြောက်ခြင်းကို ပင်လယ်၊ သမုဒ္ဒရာနှင့် တင်စားကာ အလွန်ကျယ်ဝန်းလှသော (၀ါ) ကူးခတ်၍ ကမ်းသို့ရောက်ရန် ခက်ခဲလှစွာသော မဟာသမုဒ္ဒရာ ဖြစ်လျက်ပင် အဆုံးအဖျား တစ်ဖက်ကမ်းသို့ ပေါက်ရောက်သည်ဟု တင်စားဆိုလေသည်။ မြန်မာဘာသာ၌လည်း ထူးချွန်ပြည့်စုံစွာ တတ်မြောက်ခြင်းကိုပင် တစ်ဖက်ကမ်းခတ်သည်ဟု ဆိုကြသည်။

တဖွဖွပြောသည်
ထပ်တလဲလဲပြောသည်။
မြန်မာတို့သည် ဂါထာမန္တာန် မန်းမှုတ်သောအခါ သက္ကတဂါထာ မန္တာန်များတွင် အစ၌ ပါလေ့ရှိသော "ဥုံ" ဟူသော အသံနှင့် "ဖွ" ဟူသော အသံကို အာဏာစက်ရှိစေရန် ပြင်းပြင်းထန်ထန် မန်းမှုတ်လေ့ရှိကြသည်။ ထို့ကြောင့် ဂါထာအကြိမ်ကြိမ် အထပ်ထပ် ရွတ်ဆိုသည်ကို ပမာပြု၍ (ဥုံတလဲလဲ၊ ဖွတလဲလဲ) ဟူ၍ ဥုံနှင့် ဖွကို တပြန်စီ ရွတ်ဆိုသကဲ့သို့ အဖန်ဖန်ပြောဆိုခြင်းကို တင်စား၍လည်း သုံးစွဲပြောဆိုကြသည်။ ထပ်ကာထပ်ကာ၊ ကြိမ်ဖန်များစွာဟူသော အနက်ရ၏။ အစ သေ၀ပ်ငြိမ်သက်ပြီးကိစ္စကို ပြန်၍ပွအောင် ဖွကာဖွကာ လှုံ့ဆွဖော်ထုတ် ပြောဆိုခြင်းဟူ၍ အချို့ ယူဆကြသည်။

တီးခေါက်သည်
စမ်းသပ်သည်။
သံစုံတူရိယာပစ္စည်းဖြစ်သော ပတ္တလား ကြေးနောင် စသည်တို့ ကောင်း-မကောင်း အသံသာ-မသာ စသည်တို့ကို သိလိုသောအခါ ကိုယ်တွယ်ကြည့်ရှုခြင်းဖြင့် မပြီးဘဲ တီးခေါက်ကြည့်ရလေသည်။ ဤသည်ကိုစွဲ၍ တစ်စုံတစ်ရာကို သိလို၍ အကဲထောက်ခြင်း၊ ယေဘုယျ ဆန်းစစ်ခြင်းတို့ကို တီးခေါက်ကြည့်သည်၊ တီးခေါက်သည်ဟု ဆိုလေသည်။ ထိုမှတဖန် တိုက်ရိုက်မေးစမ်းခြင်း မဟုတ်ဘဲ သွယ်ဝိုက်သောနည်းဖြင့် သဘောထားစုံစမ်းမှုကို တီးခေါက်သည်ဟုပင် ဆိုလေသည်။ ထို့ပြင် ထိုသို့ သိရှိရခြင်းကို တီးမိခေါက်မိသည် ဟူ၍လည်း ဆိုကြသည်။ ထိုမှတဆင့် ပညာတစ်ရပ်ရပ်ကို အတော်အသဲ့ လေ့ကျက်မိခြင်းကိုလည်း တီးမိသည်၊ ခေါက်မိသည်ဟုပင် ဆိုကြသည်။

တောခိုသည်
ဥပဒေနှင့် ဆန့်ကျင်မှုကိုပြု၍ ရှောင်တိမ်းသည်၊ အစိုးရကို တော်လှန်၍ ဥပဒေအပြင်သို့ ဖယ်ထွက်သည်။
အစိုးရကို ဆန့်ကျင်၍ လက်နက်ကိုင်တိုက်ခိုက်သူများသည် ဥပဒေလက်လှမ်းမီရာ မြို့ကို ဖယ်ရှောင်၍ တောစွန်ကျေးလက်နှင့် စိမ့်မြိုင် တောနက်ရာသို့ တိမ်းရှောင် ခိုလှုံကာ ဆူပူထကြွလေ့ရှိသည်ကို စွဲ၍ ဆူပူသောင်းကျန်းရန် ကြံရွယ်ချက်ဖြင့် ဥပဒေလက်လှမ်းမမီရာသို့ တိမ်းရှောင် ခိုကိုးခြင်း၊ ထွက်ပြေးပုန်းခိုခြင်းတို့ကို တင်စား၍ သုံးနှုန်းသည်။

တောသည်
ဝင်၍ပြောသည်၊ ကြားဝင်သည်၊ အားပေးအားမြှောက်ပြုသည်။
တူရိယာသံနှင့်အတူ သီချင်းဆိုရာတွင် သီဆိုသူလည်း အသက်ရှူခွင့် အနားရ၍ စည်းဝါးလည်း အတိုင်းအတာ ပြည့်မီကိုက်ညီ တိကျစေရန် သီချင်းမပါဘဲ တီးလုံးချည်းသက်သက်၊ စည်းဝက်၊ တစ်စည်း၊ နှစ်စည်းစသည် အခိုက်အတန့်အားဖြင့် ကြားညှပ်ဖြည့်ဆက် တီးမှုတ်ပေးရသည်ကို တောသည်ဟု ဆိုသည်။ ထိုမှတစ်ပါး သီချင်းစ၍ မဆိုမီ အသံပြသည့်သဘောဖြင့် တီးလုံးချည်းသက်သက် အစပျိုး၍ တီးမှုတ်သည်ကိုလည်း တောသည်ဟု ဆိုသည်။ ထိုသဘောကို တင်စား၍ လူတစ်ဦးတစ်ယောက် ပြုမူပြောဆိုသည်ကို ၀င်စွက်သည့် သဘောဖြင့်ဖြစ်စေ၊ လိုက်လျောထောက်ခံသော သဘောအားဖြင့်ဖြစ်စေ ပြောဆိုခြင်းစသည်နှင့် ပြောဆိုလေအောင် စကားကြောင်း၍ လှုံ့နှိုးလမ်းခင်းပေးခြင်းတို့ကို တင်စား၍ တောသည်ဟုပင် ဆိုသည်။

တံတွေးကွက် ပက်လက်မျောသည်
သူတစ်ပါး စက်ဆုတ်ကဲ့ရဲ့ခြင်း ခံရသည်။
လူများသည် အလွန်စက်ဆုတ်ရွံရှာသောအခါ နှုတ်မသန့်ဘိသကဲ့သို့ ရင်ပျို့၍ တံတွေးထွေးကာ နှုတ်သန့်စင်တတ်ကြလေသည်။ ထို့ကြောင့် လူတစ်ယောက်အား လူပေါင်းများစွာက ရွံရှာသောအခါ ထိုသူတို့၏ တံတွေးများသည် စုပေါင်းလိုက်လျှင် များပြားပြည့်လျှံ လာလိမ့်မည်ဟု တွေးဆဖွယ်ရှိလေသည်။ လွန်ကဲသည်ကို ထိုသူတို့ထွေးမည့် တံတွေးအစုကို ပမာပြု၍ တင်ပြသောအားဖြင့် တံတွေးကွက်၌ ပက်လက်မျောလှအောင်ပင် ရှိမည်ဟု ဆိုလိုသောအခါ တံတွေးကွက် ပက်လက်မျောမည်ဟု ဆိုကြသည်။

တောင်ကျော်သည်
အကျပ်အတည်း ကျော်လွန်သည်
လမ်းခရီးတွင် ဆီးဆို့နေသော တောင်ကြီးများသည် အခက်အခဲတစ်ရပ်ပင် ဖြစ်လေသည်။ ထိုတောင်ကို ကျော်နိုင်ခြင်းသည် အခက်အခဲတစ်ခုကို လွန်မြောက်ခြင်းပင် မည်ပေသည်။ ထို့ကြောင့် ကြီးမားသော အခက်အခဲ တစ်စုံတစ်ရာ ကျော်လွန်နိုင်ခြင်းကို တောင်ကျော်သည်ဟု ဆိုသည်။ "ရောဂါကြောင့် ဒီတောင်ကိုတော့ ကျော်နိုင်မည်မထင်ဘူး" စသည်ဖြင့် အန္တရာယ်အကြီးဆုံး သေဘေးကို ရည်မှတ်၍လည်း တောင်နှင့် ခိုင်းနှိုင်းတင်စား၍ ဆိုတတ်ကြသည်။ အကြီးဆုံး အခက်အခဲကို ကျော်လွန်လျှင် တောင်ကျော်ပြီဟု ဆိုကြရာ၊ ရှေ့တွင် ထိုမျှလောက် အခက်အခဲမရှိတော့ဟု ဆိုရာရောက်လေသည်။

တုံးကျော်သည်
ဖြစ်မည့်အန္တရာယ် ကင်းပသည်။
ထိုစကားကို တောင်ကျော်သည် ဟူသကဲ့သို့ သစ်တုံးအတားအဆီးကျော်သည့် အဓိပ္ပါယ်မျိုး ယူဆကြသည်။ သို့ရာတွင် ထိုသို့မဟုတ်ပေ။ ဘုန်းတော်ကြီးများ ပျံလွန်တော်မူသောအခါ မီးကျည်တုံး ပစ်လွှတ်ပူဇော်၍ အပြီးသတ် သင်္ဂြိုဟ်ကြလေသည်။ ဤအခါတွင် အချို့တုံးသည် လောင်တိုက်ကို မထိမှန်ဘဲ တစ်ဖက်သို့ ကျော်ထွက်သွားတတ်ပေရာ လူအများက ဘုန်းတော်ကြီး၏ ဘုန်းဂုဏ်တော်ကြောင့် တုံးကပင် ရှောင်လွှဲဖြတ်ကျော်သွားရသည်ဟု ယူဆကြရလေသည်။ ထိုစကားဖြင့် ဆရာတော်သည် "တုံးကျော်သည်" စသည်ဖြင့် တုံးအကျော်ခံရခြင်းကို ထူးကဲသော အဖျက်အဆီးဒဏ်ကို ခံနိုင်သည့် ဂုဏ်အဖြစ် သုံးနှုန်းစကားလွှင့်ကြလေသည်။ ထိုမှတဆင့် လူများအတွက် သေဘေးကင်းသည်၊ သေဘေးပြီးသည် ဟူသောအဓိပ္ပါယ်ဖြင့်လည်း တုံးကျော်သည်ဟုပင် ဆိုကြပြန်သည်။ ထို့ကြောင့် လူတစ်ယောက်ယောက်အား သေဆုံးလေပြီကဲ့သို့ သတင်းထွက်ပေါ်ပြီးမှ တကယ်သေပျောက်ခြင်း မရှိခဲ့သော် ထိုသူသည် သေခြင်းပြီးသွား၍ တော်တော်နှင့် သေတော့မည် မဟုတ်ဟူ၍ မင်္ဂလာအတိတ် ယူကြသောအခါ သေမင်းက မထိမတွေ့ဘဲ ကျော်သွားပြီဟူသော သဘောဖြင့် သေမင်း၏ အသွင်သဘောဖြစ်သော (သေပြီးနောက် အဆုံးသင်္ဂြိုလ်ရာဖြစ်သည်) မီးကျည်တုံးကို တင်စားကာ "တုံးကျော်သည်" ဟုပင် ဆိုကြလေသည်။ သေမင်းကျော်သည်၊ သေမင်းပြီးသည်ဟူသော သဘောပင် ဖြစ်သည်။ အချို့ကလည်း တုံးသည် အဝေးမှပြေးလာသောအခါ အန္တရာယ်ပြုမည့် သဘောရှိ၍ စိုးရိမ်စရာရှိသော်လည်း ထိမှန်စဖွယ်နေရာကို ကျော်လွန်သွားသောအခါ ထိုအန္တရာယ်က နောက်ထပ်စိုးရိမ်စရာ မရှိတော့၍ လွတ်မြောက်ကင်းစင်သည့် သဘောကို တင်စား၍ ဆိုသည်ဟု မှတ်ယူကြသည်။ ပြောသံမှာကား "ဒု" ကျော်သည်ဟူ၍ မဆိုဘဲ သစ်တုံးသဘောနှင့် လွဲမှားကာ အရင်းအမြစ်ပျောက်လျက် "တုံးကျော်သည်" ဟုပင် ပြောကြသည်။ မည်သို့ပင်ဖြစ်စေ တင်စားသော စကားသာပင်ဖြစ်သည်။

Related:
အသုံးများသော မြန်မာဗန်းစကားများ (က)
အသုံးများသော မြန်မာဗန်းစကားများ (ခ)
အသုံးများသော မြန်မာဗန်းစကားများ (ဂ)
အသုံးများသော မြန်မာဗန်းစကားများ (င)
အသုံးများသော မြန်မာဗန်းစကားများ (စ)
အသုံးများသော မြန်မာဗန်းစကားများ (ဆ)
အသုံးများသော မြန်မာဗန်းစကားများ (ဇ၊ စ်၊ ည၊ ဋ)

No comments:

Post a Comment

 
Web Statistics