Saturday, August 21, 2010

ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးတယ် (၂)


ပို့စ်အမှတ် (၁) ရဲ့ဂယက်
အခုခေါင်းစဉ်နဲ့ ပို့စ်အမှတ်(၁)ကို တင်ပေးလိုက်တဲ့အပေါ် အနည်းအကျဉ်းတော့ အပြောအဆို ခံလိုက်ရတယ်ဗျ။ ခင်ဗျားတို့ထင်သလိုပါပဲ ကျွန်တော့်ဆီမှာ စာအုပ်ငှားဖတ်လေ့ ရှိသူတွေပေါ့။ သူ့ကိုလား၊ ငါ့ကိုလား၊ ဘယ်သူ့ကိုလဲ စသည်ဖြင့် သို့လော၊ သို့လောတွေနဲ့ စကားနာထိုးကြတာပေါ့ဗျာ။ သူတို့တွေဟာ အဲလိုမျိုး တစ်ခါမှ မလုပ်ဖူးကြောင်း၊ ငှားထားတဲ့စာအုပ်ကို စည်းကမ်းမရှိ ဟိုချောင်ထိုး၊ ဒီချောင်ထိုးထားတာမျိုး မရှိကြောင်း၊ ငှားပြီးဖတ်ပြီးရင်လည်း မပျက်မကွက် ပြန်ပေးကြောင်း စသည်ဖြင့် စုံလို့ပါပဲဗျာ။ မျက်နှာနာစရာတွေ၊ ငဲ့ညှာစရာတွေ၊ ထောက်ထားစရာတွေ ရှိနေတဲ့အတွက်သာ သူတို့ကို ဘာမှပြန်မပြောဖြစ်ပါဘူး။ ကျွန်တော်ရေးထားတဲ့ အထဲမှာလည်း ဘယ်သူဘယ်ဝါဆိုတာမျိုး မပါပါဘူးဗျာ။ ငါ့ကိုများလားဆိုပြီး ကိုယ့်ဘာသာကိုယ် မေးခွန်းထုတ်နေကြရင်လည်း ကျွန်တော်မတတ်နိုင်ပါဘူး။ နှစ်အတန်ကြာ ကာလအတွင်းမှာ စာအုပ်၊ ဂျာနယ်တွေ ငှားရမ်းတာတွေနဲ့ ပတ်သက်လို့ ကျွန်တော့်မှာလည်း ခံစားချက်တွေ ရှိမယ်ဆိုတာကို သူတို့တွေ နားလည်ပေးဖို့ကောင်းတယ်။ စာအုပ်ကို တန်ဖိုးထားတဲ့သူ၊ စည်းကမ်းရှိတဲ့သူတွေနဲ့ချည်းပဲ ကျွန်တော်ကြုံခဲ့ရတာ မဟုတ်ဘူးဆိုတာကို သူတို့တွေ ကိုယ်ချင်းစာပေးသင့်တယ်။ စာအုပ်ငှားတဲ့လူတွေကို အငှားရခက်အောင်၊ သူတို့တွေကို တစ်ဖက်လှည့်နဲ့ မိတ္တူပေးရအောင် အဲဒီပို့စ်ကို ကျွန်တော်ရေးခဲ့တာ မဟုတ်ပါဘူး။ ကိုယ်တိုင် ကြုံတွေ့ခံစားနေရတဲ့ အဖြစ်အပျက်တွေကို စာဖွဲ့ပြီး မှတ်တမ်းတင် ဖွင့်အံတဲ့သဘောသက်သက်ပါ။ စာအုပ်ငှားဖတ်လိုက်ရလို့ စာအုပ်ထဲမှာပါတဲ့ သုတတွေ၊ ရသတွေ၊ ပညာတွေက ကုန်ဆုံးသွားတာမှ မဟုတ်တာပဲဗျာ။ တစ်ယောက်က တစ်ရာ၊ တစ်ရာက တစ်သောင်း ပွားများပျံ့ပွားသွားတဲ့အတွက် ၀မ်းတောင်သာရဦးမယ့် ကိစ္စပါ။ အဲဒါကြောင့် ဒီနေရာကနေ ပြောလိုက်ပါရစေဗျာ။ ကျွန်တော်က ကိုယ်တွေ့နဲ့ပတ်သက်ပြီး ပို့စ်တစ်ခုခုရေးတိုင်း ငါတို့ကို စောင်းမြောင်းရေးတာပဲ၊ မိတ္တူပေးတာပဲဆိုတဲ့ ရှုထောင့်ကနေ မကြည့်မမြင်ကြဘဲ ကျွန်တော်ကြုံရသမျှကို ကျွန်တော်မှတ်တမ်းတင်ပြီး ရေးသားနေတာလို့ နားလည်ပြီး ဖတ်ရှုပေးကြစေချင်ပါတယ်။ ကောင်းနေတဲ့လူတွေကို လူဆိုးဖြစ်အောင် ကျွန်တော်လိမ်ညာပြီး ရေးလို့မရသလို လူဆိုးတွေကိုလည်း လူကောင်းဖြစ်အောင် ကျွန်တော်ရေးမှာ မဟုတ်ပါဘူး။ ပို့စ်တစ်ခုခု ရေးပြီးတင်လိုက်တိုင်း အဲဒါ ဘယ်သူ့ကိုပြောတာလဲတို့၊ ငါများအဲလို လုပ်ခဲ့မိလားကွာ၊ ပွင့်ပွင့်လင်းလင်းပြောပါတို့ လာမေးကြ၊ ပြောကြသူတွေကို ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးတယ်ဗျာ။ ရေးရတာ ကီးဘုတ်ထစ်ထစ်သွားတယ်။

ကျွန်တော်နှင့် ဗီဒီယိုဇာတ်ကားများ
ကျွန်တော်ဟာ နိုင်ငံခြားဗီဒီယိုဇာတ်ကားတွေကြည့်တာ အတော်နည်းတယ်လို့ ပြောလို့ရတဲ့သူတစ်ယောက်ပါ။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ဆိုရင် နိုင်ငံခြားဇာတ်ကားတွေနဲ့ ပတ်သက်လို့ကတော့ ဘယ်ဖက်ကစမ်းစမ်း၊ ညာဖက်ကစမ်းစမ်းဆိုတဲ့ လူမျိုးပါ။ သူမကြည့်ဘူးတဲ့ နိုင်ငံခြားဇာတ်ကား ရှိရဲ့လားလို့တောင် တွေးယူရတဲ့အထိပါ။ နိုင်ငံခြားမင်းသား၊ မင်းသမီးတွေကိုလည်း သူမသိတာ မရှိသလောက်ပဲ။ သူ့ရဲ့အားသာချက်က ကြည့်ပြီးသား ဇာတ်ကားတွေကို အခြားသူတွေကို ပြောပြတဲ့နေရာမှာ အင်မတန်မှကို ထူးချွန်ခြင်းပါပဲ။ သူ့အပြော ဘယ်လောက်ကောင်းသလဲဆိုရင် တချို့သော ကျွန်တော်ကြည့်ပြီးသား ဇာတ်ကားတွေကိုတောင် လက်ဖက်ရည်ဆိုင်လို နေရာမျိုးမှာ သူပြန်ပြောနေတာကို နားထောင်ပြီးတဲ့အခါ အဲလောက်တောင် ကောင်းသလားဆိုပြီး အဲဒီကြည့်ပြီးသား ဇာတ်ကားကို နောက်တစ်ခေါက် ပြန်ကြည့်ရတဲ့အထိပါ။ ကိုယ့်ဘာသာကိုယ် ကြည့်တုန်းက အဲဒီလောက်လည်း မတွေးမိဘူး၊ အဲဒီလောက်လည်း သတိမထားမိဘူး။ သူပြောကာမှ ဘယ်အခန်းမှာ ဘယ်လိုပြောသွားတာ၊ ဘယ်သူကတော့ ဘယ်လိုကိရိယာကို ဘယ်လိုသုံးသွားတာ၊ ဇာတ်ကွက်ကို ဘယ်နေရာမှာ လှည့်ပစ်လိုက်တာ၊ ဘယ်နားကတော့ မှားသွားတာ စသည်ဖြင့် နောက်တစ်ကြိမ်ပြန်ကြည့်တဲ့အခါ တွေ့ရပါတော့တယ်။ သူ့ရဲ့ ချစ်စရာအကောင်းဆုံး အကျင့်တစ်ခုကတော့ သူဘယ်နှကြိမ် ကြည့်ပြီးဖြစ်တဲ့ ဇာတ်ကားကိုပဲဖြစ်ဖြစ် ကျွန်တော်တို့ သူငယ်ချင်းတွေ ကြည့်နေတဲ့အခါ ၀င်ကြည့်တတ်ပါတယ်။ ဘာဖြစ်သွားမှာ၊ ဘယ်သူကဘယ်လို ဆိုတာမျိုး လုံးဝမပြောတတ်ပါဘူး။ သူကိုယ်တိုင် အဲဒီဇာတ်ကားကို အခုမှ ကြည့်ရတဲ့အလား ကြည့်တတ်သူပါ။ တစ်ခါတလေ ကျွန်တော်တို့မှာ ဇာတ်လမ်းက ဘာဆိုလိုမှန်းမသိလို့ သူ့ကိုမေးတဲ့အချိန်ကျမှ သူက သေသေချာချာ ရှင်းပြတတ်ပါတယ်။ ပထမအခန်းမှာ ဘယ်လို၊ ဒုတိယအခန်းမှာ ပါတဲ့ဘယ်သူက ဘယ်လိုဆက်စပ်တယ် စသည်ဖြင့် ပြောပြတတ်ပါတယ်။ ဒါက ကြုံကြိုက်တုန်းမို့ ကျွန်တော့်သူငယ်ချင်းအကြောင်း ကြွားရတာပါ။ သြော်... သူ့ကို ကျွန်တော်တို့ရဲ့ နောင်တော်ကြီးတစ်ယောက်က နာမည်ပေးထားတာ ရှိသေးသဗျ။ "ဂူလှိုင်" တဲ့။ ဘာများလဲလို့ တွေးမနေပါနဲ့။ ကျွန်တော်တို့တွေက နာမည်ပြောင်အနေနဲ့ သူ့ကိုခေါ်တဲ့ နှစ်လုံးတည်းသော နာမည်ရဲ့ နောက်ဆုံးစာလုံးက "လှိုင်" ပါ။ အဲဒါကို ဂူဂဲလ်ရဲ့ "ဂူ" နဲ့ပေါင်းပြီး "ဂူလှိုင်" လို့ ခေါ်တာပါ။ နိုင်ငံခြားဗီဒီယိုဇာတ်ကားတွေနဲ့ ပတ်သက်ရင် ဂူဂဲလ်လိုပဲ အားထားရတယ် ဆိုတဲ့သဘောပါ။

အခုအချိန်အထိ ကျွန်တော်ပြောချင်တာက မရောက်သေးဘူးဗျ။ အဲ.. ရောက်ဖို့ကိုလည်း အခုလိုမျိုး သေသေချာချာ ပြောပြ၊ ရှင်းပြခဲ့မှ အဆင်ပြေမှာမို့ပါ။ ပြန်ဆက်ရရင်ဗျာ... ကျွန်တော်က မြန်မာဗီဒီယိုတွေကို စွဲစွဲလန်းလန်း ကြည့်တတ်သူပါ။ မရှိဘူးဆိုရင် တစ်ပတ်ကို ကျွန်တော်ကြည့်တဲ့ ဗီဒီယိုဇာတ်ကားဟာ ၇-၈ ခွေ ၀န်းကျင်မှာ ရှိပါတယ်။ ပျမ်းမျှ တစ်ရက်ကို တစ်ခွေနှုန်းလောက် ကြည့်ပါတယ်။ အားအားလျားလျား ကြည့်နေတယ်လို့တော့ မဟုတ်ပါ။ အိပ်ချိန်ထဲကပေးပြီး ကြည့်ရတာပေါ့ဗျာ။ ထားလိုက်ပါဗျာ။ အဲဒါတွေကို သိပ်ရှင်းမပြချင်တော့ပါဘူး။ တစ်ခုပဲပြောချင်တယ်။ ကျွန်တော် မြန်မာဗီဒီယိုတွေ ကြည့်တာကို အများစုက နားမလည်ကြဘူးဗျ။ "မင်းမို့ မြန်မာကားတွေကို ကြည့်တယ်" လို့ ပြောတဲ့လူတိုင်းကို ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးတယ်။ မြန်မာလူမျိုးတွေ ကြည့်ဖို့အတွက် မြန်မာသရုပ်ဆောင်တွေနဲ့ မြန်မာဒါရိုက်တာက ရိုက်ထားတဲ့ မြန်မာဇာတ်ကားကို မြန်မာတွေမကြည့်ရင် ဘယ်သူကြည့်မှာတုန်းဗျ။ တချို့ကပြောသေးတယ် "မြန်မာကားတွေက မစွံပါဘူးကွာ၊ တစ်ခါလာလည်း မဲပြာပုဆိုး၊ တစ်ခါလာလည်း ဒီပုတ်ထဲကဒီပဲ" ဆိုတဲ့ အပြောမျိုးပါ။ အားကြီ်းစိတ်ဆိုးတယ်။ ကိုယ်ကြည့်ဖူးတဲ့ ၃-၄ ကားလောက်က မကောင်းတာနဲ့ပဲ မြန်မာဗီဒီယိုဆိုရင် ခပ်ညံ့ညံ့၊ ခပ်ပေါပေါလို့ သတ်မှတ်လိုက်ကြတော့တာကိုး။ အချို့အချို့သော ဇာတ်ကားတွေကိုတော့ ကျွန်တော်မပြောလိုပါဘူး။ ချာတူးလန်ရုံတင်မကဘူး၊ ချာတူးပျံတဲ့အထိ ဖြစ်နေတာတွေ ရှိပါတယ်။ ဒါပေမယ့် သိပ်ပြီးတော့ ရသမြောက်တဲ့၊ တသသဖြစ်ရတဲ့ ဇာတ်ကားတွေလည်း အများကြီးရှိတယ်ဆိုတာ ကျွန်တော်ဘယ်လောက်ပြောပြော လက်မခံတတ်ကြဘူး။ သေနတ်တွေ တဒိုင်းဒိုင်း၊ မီးတွေတဟုန်းဟုန်း၊ သွေးတွေတရွှဲရွှဲ၊ ကွန်ပျူတာပြုလုပ်ချက်တွေ လှိုင်လှိုင်သုံးထားတဲ့ နိုင်ငံခြားကားတွေကိုပဲ "ဟာ၊ ဟင်" ဆိုပြီး အထင်တကြီးနဲ့ ကြည့်နေကြတယ်။ ကျွန်တော်တို့ လူ့ဘောင်လောကကြီးကို တည်ဆောက်နိုင်တာဟာ သေနတ်တွေ၊ ဗုံးတွေ၊ ဒုံးပျံတွေ၊ အာကာသယာဉ်တွေ မဟုတ်ဘူးဗျ။ မေတ္တာတရား၊ သံယောဇဉ်တရား၊ အကြင်နာတရား၊ ဂါရ၀တရား၊ သစ္စာတရား၊ ချစ်ခြင်းတရား၊ နားလည်ခွင့်လွှတ်မှုတရား စတာတွေနဲ့ တည်ဆောက်ရမှာဗျ။ အဲဒီလို အသိ၊ အမြင်တွေပေးတဲ့ မြန်မာဇာတ်ကားတွေ အများကြီးရှိတယ်ဆိုတာ နားမလည်ဘဲနဲ့ မြန်မာကားတွေ မကောင်းဘူးလို့ ၀ါးလုံးရှည်နဲ့ သိမ်းပြီးတော့ မရမ်းကြပါနဲ့ဗျာ။ အဲဒီလိုပြောတာကို ကြားရတဲ့အခါ၊ နားထောင်ရတဲ့အခါတိုင်း ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးတယ်ဗျ။ အော်... အခုနောက်ပိုင်း ၀င်ငွေအကောင်းဆုံး နေရာတွေမှာ အခန့်သားနေရာယူလာတတ်တဲ့ ကာတွန်းကားတွေရဲ့ ထူးခြားချက်တွေကို နည်းနည်းလောက် သတိထားကြည့်စမ်းပါဗျာ။ နည်းပညာပြုလုပ်ချက်တွေ မြင့်လာလို့ လူတွေနှစ်ခြိုက်ကြတာ မဟုတ်ဘူးဗျ။ အင်မတန် စိတ်ဝင်စားဖို့ ကောင်းတယ်။

နောက်တစ်ချက်က ဗီဒီယိုကြည့်နေတဲ့အချိန်မှာ အခန်းကိုလာလည်တတ်တဲ့ ဧည့်သည်တွေပါ။ အခန်းကိုလာတာကို မငြူစူပါဘူး။ အပြစ်မပြောပါဘူး။ ဒါပေမယ့် ကျွန်တော်ကြည့်နေတဲ့ ဇာတ်ကားဟာ သူတို့ကြည့်ပြီးသားဖြစ်နေရင် အဲဒီဇာတ်ကားမှာ ဇာတ်သိမ်းကြီးကကွာ ဘယ်လိုကြီးမှန်းမသိဘူး၊ ဘယ်သူက ဘာဖြစ်သွားတာ နားလည်လို့ကိုမရဘူး စသည်ဖြင့် ပြောတတ်ကြလို့ပါ။ စိတ်ဝင်တစားနဲ့ ကြည့်နေတဲ့ကျွန်တော်က ပထမတစ်ချပ် မပြီးသေးဘူး၊ အဲဒီလို ကျေးဇူးရှင်တွေက ဇာတ်သိမ်းမှာ ဘယ်သူနဲ့ဘယ်သူ ရမှာကွ၊ ဘယ်သူသေမှာကွ၊ ဘယ်လိုဖြစ်မှာကွဆိုပြီး ပြောလိုက်တဲ့အခါ ကျွန်တော်ဘယ်လို ခံစားရမလဲဆိုတာ စာဖတ်သူပဲ ကိုယ်ချင်းစား ခံစားကြည့်ပါတော့ဗျာ။ ပြောပြန်ရင်လည်း ကိုဉာဏ်အလွန် ဖြစ်ဦးမယ်။ အဲဒီလို ယဉ်ကျေးမှုနားမလည်၊ လူမှုရေးမသိတတ်တဲ့ ကျောက်ခေတ်လက်ကျန် အရိုင်းအစိုင်းတွေများ ရောက်လာပြီဆိုရင် ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးတယ်။

ကျွန်တော်ကိုဉာဏ် အားကြီးစိတ်ဆိုးတယ် (၁)

အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၁ ရက်၊ စနေနေ့။
နံနက် ၁၀ နာရီ ၁၄ မိနစ်တွင်ပြီး၏။

No comments:

Post a Comment

 
Web Statistics