Tuesday, August 17, 2010

အခွင့်အရေးနှင့် တာဝန်ဝတ္တရား - ပါရဂူ


paragu.gif
အခွင့်အရေးနှင့် တာဝန်ဝတ္တရားဟာ ဒွန်တွဲနေတယ်။ အခွင့်အရေးနှင့် တာဝန်ဝတ္တရားကို တခြားစီ ခွဲခြားထားလို့ မရဘူး။ အခွင့်အရေးနှင့် တာဝန်ဝတ္တရားကို ချိန်ခွင်နှင့် ချိန်ကြည့်ရင် ချိန်ခွင်လျှာ တန်းနေရမယ်။ ချိန်ခွင်ရွက်နှစ်ခုထဲမှာ ထည့်ထားတဲ့ အခွင့်အရေးနှင့် တာဝန်ဝတ္တရားဟာ ဆတူဖြစ်နေတဲ့အတွက် ချိန်ခွင်ဇောက်ထိုးမိုးမျှော် ဖြစ်သွားမှာ မစိုးရိမ်ရဘူး။

လွတ်လပ်ခွင့်ဆိုတာလည်း ထူးခြားတဲ့ အခွင့်အရေးတစ်ရပ် ဖြစ်တယ်။ လွတ်လပ်ခွင့်ကို အလွဲသုံးစား မပြုရဘူး။ မိမိလွတ်လပ်ခွင့်ကြောင့် တခြားလူများ ထိခိုက်နစ်နာ မသွားစေရဘူး။ အဲဒါနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးရမယ့်ဆဲဆဲ ပြောသွားတဲ့စကားဟာ အင်မတန် မှတ်သားစရာ ကောင်းတယ်။ ဗိုလ်ချုပ်အောင်ဆန်းက "ငါ လွတ်လပ်ရေးရပြီဆိုပြီး တခြားပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ အများသွားတဲ့ လမ်းပေါ်မှာ ဆေးရိုး နေလှန်းလို့ မရဘူး" လို့ အားမာန်အပြည့်နဲ့ ပြောသွားသည်။

ဗိုလ်ချုပ်အောင်ဆန်းပြောတဲ့ စကားဟာ လွတ်လပ်ရေးကို အလွဲသုံးစား မပြုလုပ်ရဘူးလို့ ဆိုလိုတာ ဖြစ်တယ်။ မိမိရတဲ့ လွတ်လပ်ခွင့်ကြောင့် အိမ်နီးနားချင်းကို ထိခိုက်နစ်နာ မသွားစေရဘူး။ ရပ်ကွက်ထဲက လူတွေကို ထိခိုက်နစ်နာ မသွားစေရဘူး။ ရပ်ထဲရွာထဲက လူတွေကို ထိခိုက်နစ်နာ မသွားစေရဘူး။ ကိုယ့်မြို့နယ်က လူတွေကို ထိခိုက်နစ်နာ မသွားစေရဘူး။ ကိုယ့်တိုင်းသူပြည်သားများကို ထိခိုက်နစ်နာ မသွားစေရဘူး။ ကမ္ဘာသူ ကမ္ဘာသားများကို ထိခိုက်နစ်နာ မသွားစေရဘူး။ မိမိမှအပ တခြားလူများကို ထိခိုက်နစ်နာသွားစေတဲ့ လွတ်လပ်ခွင့်ဟာ လွတ်လပ်ခွင့်အစစ် မဟုတ်ဘူး။ လွတ်လပ်ခွင့်အတုသာ ဖြစ်တယ်။

အဲဒါနဲ့ ပတ်သက်တဲ့ အဖြစ်အပျက်တစ်ခု ပြောရဦးမယ်။ မိမိအိမ်နီးနားချင်း လူတစ်ယောက် လွတ်လပ်ခွင့်အစစ်ကို အသုံးမပြုဘဲ လွတ်လပ်ခွင့်အတုကို အသုံးပြုပြီး အိမ်နီးနားချင်းများကို အနှောင့်အယှက်ပေးတာ မိမိကိုယ်တိုင် ခံစားခဲ့ရဖူးတယ်။ မိမိအိမ်နီးနားချင်း အိမ်တစ်အိမ်ဟာ ပစ္စည်းဥစ္စာ ကြွယ်ဝတဲ့အိမ် ဖြစ်တယ်။ အဲဒီအိမ်ရှင်ဟာ ခွေးမတစ်ကောင် မွေးထားတယ်။ သူမွေးထားတဲ့ ခွေးမက တန်ဖိုးကြီးကြီးပေးပြီး ၀ယ်ထားတဲ့ မျိုးကောင်းခွေးမ။ အဲဒီခွေးမကို တခြားခွေးထီးများနှင့် မရောစပ်စေလိုတဲ့ သဘောနှင့် လှောင်အိမ်ထဲထည့်ပြီး ပိတ်ထားတယ်။ အိမ်ခြံဝင်းထဲမှာ ခွေးထီးတွေလည်းရှိတယ်။ အဲဒီခွေးထီးတွေနှင့်  ဒွေးရောယှက်တင် မဖြစ်စေလိုတဲ့အတွက် ခွေးမနဲ့ မျိုးတူ ခွေးထီးနဲ့ကျမှ သားပေါက်စေလိုတဲ့အတွက် လှောင်အိမ်ထဲ ပိတ်လှောင်ထားတော့ ခွေးမက လှောင်အိမ်ထဲက ထိုးထွက်လို့မရလို့ တစ်နေ့လုံး၊ တစ်ညလုံး အော်နေတယ်။ ဟောင်နေတယ်။ ခွေးမအော်သံ ကြားနေရတဲ့အတွက် အိမ်ဘေးက မိမိ နေ့ရောညပါ တစ်ချိန်လုံး အိပ်လို့လည်းမရဘူး။ အလုပ်လုပ်လို့လည်း မရဘူး။ အဲဒီအိမ်ပိုင်ရှင်ဟာ မိမိခြံအတွင်းမှာသာရှိတဲ့ လွတ်လပ်ခွင့်ကို အသုံးပြုပြီး အိမ်နီးနားချင်း အိမ်များကိုလည်း ဒုက္ခရောက်အောင် လုပ်တယ်။ ရပ်ကွက်ထဲက လူတွေကိုလည်း အနှောင့်အယှက်ပေးတယ်။ အဲဒီအိမ်ရှင်ဟာ ဗိုလ်ချုပ်အောင်ဆန်း အမိန့်ရှိသလို လွတ်လပ်ခွင့်ကို အလွဲသုံးစား လုပ်နေတဲ့လူ ဖြစ်တယ်။ လွတ်လပ်ခွင့်အစစ်ကို မသုံးဘဲ လွတ်လပ်ခွင့်အတုကိုသာ အသုံးပြုနေတဲ့လူ ဖြစ်တယ်။

လူတိုင်းလူတိုင်း အခွင့်အရေးနှင့် ဒွန်တွဲနေတဲ့ တာဝန်ဝတ္တရားကိုပါ ကျေကျေပြွန်ပြွန် လိုက်နာဆောင်ရွက်ကြမယ်ဆိုရင် ကမ္ဘာလောကကြီးတစ်ခုလုံး ငြိမ်းချမ်းရေးနယ်ပယ်ထဲ ခြေစုံပစ်ဝင်သွားလို့ မရဘဲနေမှာ မဟုတ်ဘူး။

No comments:

Post a Comment

 
Web Statistics