Tuesday, August 17, 2010

ပါတော်မူနှင့် သယံဇာတ မုဒိမ်းမှု - ကိုတာ


စာဖတ်ပရိသတ်များခင်ဗျား၊ ခေါင်းစဉ်ကြီးက ရုန့်ရင်းကြမ်းတမ်းလှပါကလားလို့ မထင်စေလိုပါ။ ဒါဟာ ခေါင်းစဉ်အဟောင်းပါ။ အိုးဝေခေတ်က အိုးဝေ ဦးညိုမြခေါ် မောင်သုမန ပေးခဲ့ဖူးတဲ့ ခေါင်းစဉ်ဖြစ်ပါတယ်။ တိုင်းပြည်တစ်ပြည်ဟာ သူ့သယံဇာတကို သူခိုး ခိုးခံရပြီးတဲ့နောက် တိုင်းပြည်တစ်ခုလုံး ကျွန်ဖြစ်ခဲ့ရပါတယ်။ အဲဒီတိုင်းပြည်ဟာ မြန်မာပြည်ပါပဲ။ ဟိုတုန်းက သူရို့ ကျုပ်တို့ သယံဇာတကို လိုချင်လို့ အဲသလို ဖြစ်ခဲ့ရတယ်။ အခု သစ္စာဂျာနယ်မှာ ဦးညိုမြရဲ့ ဟိုတုန်းက ဆောင်းပါးကို ဆီလျော်သလို တင်ဆက်ပါ့မယ်။ အဲဒီဆောင်းပါးက အပြန်အလှန်ပြောသလို ရေးထားတာပါ။ ဉာဏ်အမြော်အမြင်နဲ့ ဆင်ခြင်တော်မူကြပါခင်ဗျား။

သယံဇာတ မုဒိမ်းမှု
သုမန ။.....။ မစ္စတာ ကီးတန် (C.I.Keeton) ခင်ဗျားစာအုပ် နာမည်တပ်ပုံကဖြင့် အတော်ဆွဲဆောင်မှုရှိတယ် ဆိုရမှာပဲ။ King Thebaw and the Ecological Rape of Burma တဲ့။ (သီပေါဘုရင် ပါတော်မူခြင်းနှင့် မြန်မာ့သယံဇာတ မုဒိမ်းမှု) တဲ့။ ကျွန်တော်ဖြင့် ဒီကိစ္စဟာ ဒါလောက်ကြီးကျယ်ပြီး တစ်ကမ္ဘာလုံးက သင်ခန်းစာယူလောက်တဲ့ အမှုကြီးလို့ မယူဆမိခဲ့ဘူး။ ကျွန်တော်တို့ဘုရင်က (ဘုံဘေဘားမား) ဆိုတဲ့ အင်္ဂလိပ်ကုမ္ပဏီကို အထက်မြန်မာပြည်ရှိ သစ်တောများမှ သစ်ထုတ်လုပ်ခွင့် လိုင်စင်ပေးခဲ့တယ်။ အဲဒီကုမ္ပဏီက သစ်ခိုးထုတ်တော့ သီပေါမင်းက ဒဏ်ငွေ ၂၃ သိန်း ပေးစေဆိုခဲ့တယ်။ ဒီတော့ နယ်ချဲ့အင်္ဂလိပ်အစိုးရက သူတို့ ကုန်သွယ်ရေး သိက္ခာကျတယ်ဆိုပြီး အထက်မြန်မာပြည်ကို သိမ်းယူခဲ့တယ်။

ကီးတန် ။.....။ စစ်တိုက်တာ ထီးနန်းလုတာတို့က မဆန်းပါဘူးခင်ဗျာ။ ဒါပေမယ့် သယံဇာတ မုဒိမ်းမှု ကျူးလွန်ခြင်းကတော့ တိုင်းပြည်တစ်ခုကို ခြောက်သွေ့ခေါင်းပါးစေပြီး ရာသီဥတုကိုလည်း ဖောက်ပြန်စေပါတယ်။ ဒါကြောင့် ပတ်ဝန်းကျင် နိုင်ငံများကိုပါ ထိခိုက်ပြီး ဒီကမ္ဘာမှာ သဲကန္တာရတွေ ပြန့်ပွားစေပါတယ်။

သုမန ။.....။ သြော် ဒီကိစ္စက သာမည ဖိုနဲ့မ မုဒိမ်းမှုထက် အဆပေါင်း ရာထောင် ပိုမိုဆိုးရွားတဲ့ မဟာပထ၀ီမြေကြီးကို မုဒိမ်းကျင့်ခြင်း ဖြစ်နေသကိုး။

ကီးတန် ။.....။ ၁၈၈၀ ပြည့်မှာ ဘီဘီတီစီက သစ်ထုတ်လုပ်ရေးကို တစ်ဆင့်ခံတွေ မထားတော့ဘဲ ကိုယ်တိုင်လုပ်တယ်။ မျက်နှာဖြူ အုပ်ချုပ်ရေးအရာရှိ ၂၀၊ ကုလားအမှုထမ်း ၂၀၀၀၊ တိုင်းရင်းသား ၃၀၀၀၊ ဆင်ကောင်ရေ ၉၀၀၊ ကျွဲကောင်ရေ ၁၀၀၀၊ သစ်တစ်တန် (၀ါ) သစ်တစ်လုံးကို အထက်မြန်မာပြည်မှာ ငွေ ၁၁ ကျပ်လောက်ပဲ ပေးရတယ်။ ရန်ကုန်အရောက် စရိတ် ၅ ကျပ်လောက် ကျတယ်။ ရန်ကုန်ကိုရောက်ရင်ပဲ သစ်တစ်လုံးကို ၃၅ ကျပ်နှင့် အရောင်းသွက်တယ်။ ဥရောပကို တင်ပို့ရင်တော့ သစ်တစ်လုံးကို  ငွေ ၇၀၀ ကျပ် ရတယ်။

သုမန ။.....။ ဒီတော့ သစ်တစ်လုံးဈေးဟာ အညာမှ အောက်ပြည်ကိုရောက်တယ်ဆိုရင်ပဲ တစ်ဆမြတ်နေပြီ။ ဘိလပ်ကိုပို့ရင်တော့ အဆပေါင်း ၂၀ ကျော် မြတ်ပြန်ရော။ ဘီဘီတီစီအဖို့ တကယ့်ရတနာပုံ ဆိုက်နေတာပေါ့။ ဒီလောက် မြတ်နေတဲ့အချိန်မှာ ဘီဘီတီစီက သစ်ခိုးမှု ရောက်ရသေးသလားဗျာ။

ကီးတန် ။.....။ ဟုတ်တယ်၊ ၁၈၈၃ ခုမှာ သစ်လုံးရေ ၈ သောင်းအနက် ၃၂၀၀၀ သာ အခွန်ဆောင်ပြီး ကျန်တာကို အပျောက်ရိုက်သတဲ့။ အဲဒီအတွက် မြန်မာ့လွှတ်တော်က ငွေ ၁၀ သိန်း ဒဏ်ရိုက်တယ်။ တိုင်တားမင်းကြီးက ၅ သိန်း တိုးမြှင့်တော့ ကင်းဝန်မင်းကြီးကလည်း ဒဏ်ငွေကို ၂၃ သိန်းခွဲအထိ မြှင့်ပစ်လိုက်တယ်။ နေပြည်တော်မှာ တိုင်တားနှင့် ကင်းဝန်အုပ်စုတို့က အပြိုင်အဆိုင်ပေကိုး။ ကင်းဝန်ကတော့ ဒီအမှုမှာ ဘီဘီတီစီက သီပေါမင်းထံ အယူခံဝင်ရင် လျှော့ပစ်မှာ သေချာတယ်လို့ ယူဆပြီးဖြစ်တယ်။

သစ်သူခိုးတွေက သီပေါကို ဖမ်းခဲ့ကြ
သုမန ။.....။ ဒါပေမယ့် တစ်ရက်မှာ ပြင်သစ်တွေက တိုင်တားမင်းကြီးကို အားကိုးပြီး သစ်လိုင်စင်ရဖို့ စက်ပုန်းခုတ်နေကြောင်းကို ရိပ်မိတော့ အင်္ဂလိပ်က သီပေါမင်းထံ အယူခံ ၀င်မနေတော့ဘူး။ သီပေါမင်းကိုဖမ်းပြီး ရတနာဂီရိ ပို့လိုက်လို့ သီပေါမင်းကပဲ ၀ိတိုရိယ ဘုရင်မကြီးဆီ အယူခံဝင်ရတဲ့ဘ၀ ရောက်သွားတော့တယ်။

ကီးတန် ။.....။ မြန်မာပြည်အခြေဆိုးတာက သီပေါမင်းကြောင့် မဟုတ်ဘူး။ သယံဇာတ မုဒိမ်းမှုကြောင့်ပါ။ ၁၈၆၂ ခုနှစ်မှာ မင်းတုန်းမင်းက ဘီဘီတီစီ ကုမ္ပဏီကို သစ်တောလိုင်စင်များ ထုတ်ပေးခဲ့တယ် မဟုတ်လား။ အဲဒီအချိန်ကစပြီး သစ်တွေ အရမ်းခုတ်လှဲကြတာ အနှစ် ၂၀ လောက်ကြာတော့ တောတွေပြုန်းပြီး မိုခေါင်လာရော။ ဒါကြောင့် သီပေါမင်းလက်ထက် ၁၈၈၃ ခုနှစ်မှစပြီး ၂ နှစ်ဆက်တိုက် မိုးခေါင်တယ်။ အထက်ပိုင်း ရွှေဘိုနယ်မှစပြီး အောက်ပိုင်း မင်းလှနယ်အထိ အားလုံး ထိခိုက် အကျုံးဝင်တယ်။ ပြည်သူလူထုအဖို့ ဒုဗ္ဘိက္ခန္တရကပ် ဆိုက်ကုန်တာပေါ့။ ဒါ့ကြောင့် အဲဒီအချိန်မှာ အထက်မြန်မာပြည်မှ လူ ၅ သိန်းလောက် အောက်ပြည်ကို ရိက္ခာရှာ ထွက်ခဲ့ကြရတယ်။ သီပေါမင်း အုပ်ချုပ်ရေးညံ့လို့ မဟုတ်ပါ။ ပဒေသရာဇ်လက်အောက် ဖြစ်ပေမယ့် ကိုယ့်မင်းကိုယ့်ချင်းမို့ မြန်မာတွေ နေတတ်ထိုင်တတ်ကြပါတယ်။ မိုးခေါင်လို့ တိုင်းပြည်ဗရုတ်သုတ်ခ ဖြစ်ရခြင်းပါ။ မိုးခေါင်ခြင်းကလည်း ဘီဘီတီစီရဲ့ အရမ်းကာရော သစ်ခုတ်မှု ခိုးမှုတွေကြောင့် မဟုတ်ပါလား။

သုမန ။.....။ ဒါကိုပဲ အောက်မြန်မာပြည်မှာ  အင်္ဂလိပ်မင်းရဲ့ ဒီမိုကရေစီ အုပ်ချုပ်ရေးစနစ်ကို ပိုကြိုက်လို့ မြန်မာတွေ စွတ်ကယ် စွတ်ကယ် ပြောင်းရွှေ့ခိုလှုံကြလေဟန် နယ်ချဲ့က ၀ါဒဖြန့်ခဲ့တယ်။ ဒွတ္တဘောင်မင်းက ဗိဿနိုးပြည်ကို ဖျက်ဆီးချင်တော့ ရဟန်းတု ရဟန်းယောင်တစ်ပါး စေလွှတ်ပြီး ထီးကျိုးစည်ပေါက်ဖြစ်အောင် ဖန်တီးသလို ဖြစ်နေပြီ။ အခုလည်း အထက်မြန်မာပြည် ပျက်ပြုန်းအောင် အင်္ဂလိပ်မင်းက ဘီဘီတီစီ ကုမ္ပဏီကို စေလွှတ်ပြီး သစ်ခုတ်ခိုင်းတယ်နော်။ ဒီအဖြစ်မျိုးဟာ မြန်မာပြည်မှာသာမက အခြားနိုင်ငံများမှာလည်း ကြုံကြရတယ် မဟုတ်လား။

ကီးတန် ။.....။ ဟုတ်တာပေါ့။ အိန္ဒိယပြည်မှာ ဂန္ဓာရတိုင်းခေါ်တဲ့ အိန္ဒုဖြစ်ဝှမ်း ဒေသမှာ ဟာရပ္ပနနေပြည်တော်ကြီး ထွန်းကားခဲ့တာ အခုတော့ သဲကန္တာရ ဖြစ်နေပြီ။ အာရှအလယ်ပိုင်း တရုတ်ပြည်နဲ့ ရုရှားပြည်အကြားရှိ တားရင်းမြစ်ဝှမ်း ဒေသဟာလည်း ရှေးက ပိုးကုန်သည်များ ကူးသန်းရောင်းဝယ်ရာ မြို့ကြီးပြကြီးများ စည်ကားခဲ့ပေမယ်။ ခုတော့ ကျီးနှင့် ဖုတ်ဖုတ် (ဖုန်အမှိုက်များ)ပေါ့။ အဲဒါတွေက သစ်တောပြုန်းတီးမှုကြောင့် ဖြစ်ကြရတယ်။ ဥရောပဘက်မှာဆိုရင် စပိန်ပြည်၊ အီဂျစ်ပြည်၊ မက်ဆိုပိုတေးမီးယားပြည်၊ အီသီယိုးပီးယားပြည် ဆိုတာတွေဟာ ဒီအတိုင်းပေါ့ဗျာ။ သစ်ပင်တွေကို နင်းကန်သုံးပြီး ပြန်လည်အစားထိုးဖော်တော့ မရကြဘူးဗျာ။

သုမန ။.....။ သစ်ပင်ရဲ့ သဘောတရားက မိုးခေါ်လေ့ရှိတယ် မဟုတ်လား။ မိုးပေါ်က တိမ်ဖြူတိမ်ဝါတွေဟာ အောက်က သစ်တောရဲ့ အအေးဓာတ်နှင့် ရိုက်လိုက်တော့ မိုးရွာချတော့တာပဲ။

ကီးတန် ။.....။ အဲဒီရွာချတဲ့ မိုးရေကိုလည်း သစ်ပင်နွယ်ပင်များက ထိန်းသိမ်းနိုင်စွမ်း ရှိသဗျ။ ဥပမာ - တောင်ကမ်းပါးယံမှာ မိုးရွာရင် သစ်ပင်ချုံပင်များက မိုးရေကို ဒလဟော ဆင်းမပြေးစေဘူး။ ရေစီးကြောင်းကို သစ်ပင်များက ပိတ်ဆို့ထားတော့ မိုးရေတွေဟာ သူတို့ကို လှည့်ပတ်သွားလာနေရင်း မြေကြီးထဲကို စိမ့်ဝင်ပြီး မြေသြဇာဓာတ်နှင့် ရောနှောသွားတယ်။
သစ်ပင်မရှိတဲ့ တောင်ကတုံးဒေသများကိုကြည့်ရင် မိုးရေက အဆီးအတားမရှိ ဒလဟော စီးဆင်းတယ်။ တောင်ပေါ်က မြေကြီးတွေကိုလည်း တွန်းချသွားတယ်။ ဒါ့ကြောင့် လျှိုကြီးတွေ ယမားကြီးတွေ သဲချောင်းကြီးတွေ ဖြစ်ကုန်တယ်။ အဆီးအတားမရှိတော့ လမ်းတစ်လျှောက်မှာ သီးနှံစိုက်ခင်း လူနေအိမ်ခြေတွေကိုပါ ဒုက္ခရောက်စေတယ်။ တူးမြောင်းတွေ၊ မြစ်ဆိပ်တွေကိုလည်း ပိတ်ဆို့ပြီး သဲသောင်ပြင်တွေ နေရာတကာ ပေါ်စေတယ်။
သစ်ပင်ခုတ်လှဲခြင်းဟာ အဲသလို အန္တရာယ်အမျိုးမျိုး ဆိုက်ရောက်စေပါတယ်။ ဒါကြောင့် ပညာရှင်ကြီးများက "သစ်ပင်နွယ်ပင်များသည် လူ၏ ခန္ဓာကိုယ်ကို ဖုံးလွှမ်းသော အရေပြားနှင့် တူ၏။ ထိုအရေပြားကို ခွာလိုက်ပါက လူ၏ အတွင်းဓာတ် ပျက်ပြားကာ ကိုယ်ခန္ဓာခြောက်သွေ့ ဆုံးပါးတော့၏။ ထို့အတူ သစ်ပင်များ ခုတ်လှဲရာ အရပ်၌ ပထ၀ီဓာတ်ပျက်ကာ ကန္တာရအဖြစ်သို့ ရောက်မည်မလွဲတည်း" တဲ့ဗျ။

သုမန ။.....။ ဟားဟား ခင်ဗျား အဲဒီအချက်ကို ထုတ်ဖော်ပြောကြားတော့ ဒီခေတ်မှာပဲ ကမ္ဘာ့ထိပ်သီးခေါ်ဆိုသူ အမေရိကန်ပြည်နှင့် ရုရှားပြည်ကြီး နှစ်ခုစလုံးပဲ အဲဒီ သဘာဝ သဘောတရားကို နားမလည်ဘဲ အမှားတော်ပုံကြီးများနှင့် ရင်ဆိုင်ခဲ့ကြပုံများကို သတိရမိသဗျာ။

ကီးတန် ။.....။ ဆိုပါဦးဗျာ။

သုမန ။.....။ အမေရိကန်ပြည် အလယ်ပိုင်းမှာ တောလွှမ်းတဲ့ မဟာမြေပြန့်ဒေသ (Great Plains) ရှိပါတယ်။ ၁၉၁၄ ခုမှာ ပထမကမ္ဘာစစ်ကြီး စတင်ဖြစ်ပွားတော့ ကောက်ပဲသီးနှံဈေးတွေ အတော်ကောင်းခဲ့တယ်။ ဒီတော့ မြေဧက သန်းပေါင်းများစွာ ခုတ်ထွင်ရှင်းလင်းပြီး ဂျုံစိုက်ကြတယ်။ ၁၉၂၀ ပြည့်နှစ်လောက်မှာ မိုးခေါင်လာတော့ အဲဒီ လယ်မြေရိုင်းတွေကို နွားစားကျက် လုပ်ပစ်ကြတယ်။ ဒီတော့ မြက်ပင်တောင် မကျန်တော့ဘူးပေါ့။ နှစ်ပေါင်း ၂၀ တိတိကြာတော့ ၁၉၃၄ ခု အဲဒီဒေသမှာ သဲမုန်တိုင်းတွေထပြီးတော့ မြေဧက သန်းပေါင်း ၆၀ နီးပါး သဲကန္တာရအဖြစ် ရောက်ကုန်တယ်။ အဲဒါက ယခုရာစုနှစ်အတွင်း အတိုးတက်ဆုံး နိုင်ငံကြီးရဲ့ ဖြစ်ပုံပါခင်ဗျား။ ရုရှားအမှားတော်ပုံကလည်း ဘာမှ မကြာသေးပါဘူး။ ခေါင်းဆောင်ကြီး ခရုရှက် ပေါ်ထွက်လာပြီးတော့ မြေရိုင်းများ အသုံးချရေး () စီမံကိန်းကြီး ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်ပြည်မှာလိုပဲ ရုရှားပြည်အလယ်ပိုင်း မြေပြန့်ဒေသမှာ တောခုတ်ပြီး လယ်ယာစိုက်ပျိုးမှု အကြီးအကျယ် လုပ်ပေးပါတယ်။ လူငယ် လုပ်အားပေးသူတွေ သိန်းသန်းချီတက်ပြီး ကြော်ငြာမောင်းခတ် လုပ်ကိုင်ကြရာမှ အမေရိကန်ပြည်မှာလိုပဲ လေမုန်တိုင်းကျပြီး အားလုံး ကန္တာရဖြစ်ကုန်တယ်။ အဲဒါ ဘာကြာသေးလဲဗျာ။ ၁၉၆၀ ခုလောက် စီမံကိန်းပါ။ ခရုရှက် ပြုတ်ကျခြင်း အကြောင်းတစ်ခုပေါ့။

ကီးတန် ။.....။ အမေရိကန်ပြည်မှာတော့ သူတို့အမှားကို အဖတ်ဆယ်တဲ့ အနေနှင့် အဲဒီမြေပြန့်ဒေသမှာ သစ်ပင်တွေ ပြန်လည်စိုက်ပျိုးခဲ့ကြ ပြီးပါပြီ။ သစ်ပင်ဆိုတာ မိုးခေါ်ရုံသာမက လေအရှိန်ကိုလည်း ဟန့်တားစေတယ်ဗျ။ မိုင်တစ်ရာနှုန်း တိုက်ခတ်တဲ့လေဟာ သစ်ပင်ရှိရာအရပ်မှာ ၄၀ ရာခိုင်နှုန်းလောက် လျော့သွားတယ်။ ဖုန်တွေ သဲတွေလည်း လေထဲမှာ မပါတော့ဘူး။

သုမန ။.....။ ကျွန်တော်တို့ ဗုဒ္ဓဘာသာယဉ်ကျေးမှုမှာ သစ်ပင်တိုင်း အစောင့်နတ် (ရုက္ခစိုး) ဆိုတာ ရှိတယ်။ ဒါကြောင့် ရှေးမြန်မာတွေဟာ သစ်ပင်များ ခုတ်ဖို့ဝေးလို့ ကြီးကြီးမြင်ရင်တောင် ထိုင်ရှိခိုးတတ်ကြပါတယ်။ ဒီအယူဝါဒကို ခင်ဗျားတို့က ရယ်ချင်ရယ်မယ်။ ဒါပေတဲ့ အဲဒါကြောင့် မြန်မာပြည်ဟာ ဒီကမ္ဘာမှာ သူမတူအောင် စိမ်းလန်းစိုပြေတဲ့ နိုင်ငံလို့ ကျော်ကြားခဲ့ပေတယ်။
ကျွန်တော်တို့ ၅၅၀ ဇာတ်တော်ထဲမှာ ရုက္ခစိုးဝတ္ထုပေါင်း ၁၀၀ ကျော်လောက်ပါတယ်။ သစ်ပင်စောင့်ရှောက်ရေးဟာ သေးငယ်တဲ့ကဏ္ဍ မဟုတ်ကြောင်း ထင်ရှားစေသပ။

No comments:

Post a Comment

 
Web Statistics