Saturday, August 14, 2010

နိုင်ငံရေးသမားကောင်း ဖြစ်မြောက်ရေး - မောင်ဝံသ


mgwuntha.png

(သြစတြေးလျ အမျိုးသမီးနိုင်ငံရေးအကျိုးဆောင်တစ်ယောက်၏ အကြံပြုချက်များ)

နိုင်ငံရေးသမား (နိုင်ငံရေးအကျိုးဆောင်)ကောင်း ဖြစ်မြောက်ရေး ပညတ်ချက် (၁၀) ပါးကို သြစတြေးလျပါလီမန်ရဲ့ အထက်လွှတ်တော်အမတ်ဟောင်း ဗစ်ကီ ဗောင်း (Vicki Worrall Bourne) က ရေးသားပြီး အင်တာနက်မှာ တင်ထားပါတယ်။
မစ္စဗောင်းဟာ နယူးဆောက်သ်ဝေး မဲဆန္ဒနယ်ကနေ အထက်လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး ၁၉၉၀ ကနေ ၂၀၀၂ အထိ ဆီနေတာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

အမျိုးသမီး နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ ဗစ်ကီဗောင်း (၁၉၅၄ ဖွား) ရဲ့ နိုင်ငံရေးဖြတ်သန်းမှုကို ကြည့်ရင် သူတို့ဆီက နိုင်ငံရေးဘ၀အကြောင်း အကြမ်းဖျင်း သိနိုင်မှာ ဖြစ်ပါတယ်။

သူမကို ဆစ်ဒနီမြို့မှာမွေးတယ်။ တက္ကသိုလ်က ဘီအက်စ်စီ၊ အမ်အက်စ်စီ ဘွဲ့များရတယ်။ အဲဒီနောက် ၁၉၇၈ မှာ ဒီမိုကရက် ဆီနေတာ ကော်လင်းမေဆင်ဆီမှာ သုတေသနမှူးအဖြစ် အမှုထမ်းတယ်။ ၁၉၈၀ မှာ ဒီမိုကရက်ပါတီကို ၀င်တယ်။ သူမရဲ့ လက်ဦးဆရာ မေဆင် ရာထူးက နှုတ်ထွက်သွားတဲ့အခါ ဗစ်ကီဗောင်းဟာ ဆီနေတာ ပေါလ် မက္ကလင်းဆီမှာ သုတေသနမှူး ဆက်လုပ်ခဲ့တယ်။ ၁၉၉၀ ရွေးကောက်ပွဲကျတော့ သူမဟာ ဆီနိတ်တာ ရွေးကောက်ပွဲဝင်ပြီး အရွေးခံရတယ်။ ဇူလိုင် ၁၉၉၀ ကစပြီး ဆီနေတာဖြစ်ခဲ့ရာက ၁၉၉၆ မှာ ဒုတိယအကြိမ် ရွေးကောက်ခံရတယ်။ ၂၀၀၁ ကျတော့ အထွေထွေရွေးကောက်ပွဲမှာ သြစတြေးလျ ဂရင်းပါတီက အမတ်လောင်း ကယ်ရီကို ရှုံးနိမ့်ခဲ့တယ်။ သူတို့ဆီမှာက နိုင်ငံရေးသမားဆိုတာ နိုင်တစ်ခါ ရှုံးတစ်လှည့် ဒီလိုပဲ သွားနေကြတာပဲဆိုတော့ ဗစ်ကီဗောင်းဟာ သူမရဲ့ အလှည့်ကို စောင့်နေတုန်းပါပဲ။

ဗစ်ကီဗောင်းက နိုင်ငံရေးလုပ်မည့်သူတွေကို ဆောင်ရန် ရှောင်ရန် အချက် (၁၀) ချက် ပညာပေးပြီး အင်တာနက်မှာ တင်ထားပါတယ်။

၁။ မိမိကိုယ်ကိုယ် နှိမ့်ချပါ။
နေရာယူတတ်တိုင်း အာဏာရသည်မဟုတ်။
တစ်ဦးချင်းအနေနဲ့ သင့်မှာ မဖြစ်စလောက် အာဏာလေးပဲ ရှိတယ်ဆိုတာ နားလည်ထားပါ။
အာဏာဆိုတာ စုပေါင်းလုပ်ရပ်ကနေ ထွက်ပေါ်လာခြင်းသာ ဖြစ်တယ်။

၂။ အခြားသူများကို ကောင်းမွန်စွာဆက်ဆံပါ။
ပြည်သူတွေနှင့် မကင်းမကွာနေပါ။ နောင်အခါ သူတို့ရဲ့ ထောက်ခံမှုကို သင်လိုအပ်လာလိမ့်မယ်။

၃။ မဟာဗျူဟာမြောက် စဉ်းစားပါ။
အာဏာ ဘယ်မှာရှိသလဲ။
အခြားသူတွေရဲ့ သဘောတူညီချက်ကို ငါ ဘယ်လို ရနိုင်မလဲ။
ငါ့ကို ဘယ်သူတွေက ထောက်ခံမလဲ။
လူတိုင်းလူတိုင်းအနေနဲ့ တစ်ခုခုတော့ အကျိုးအမြတ် ရရှိသွားတဲ့ အနေအထားကို ဖန်တီးပါ။

၎။ အထူးပြုပါ။
သင်စိတ်ဝင်စားတဲ့ ဘာသာရပ်ခေါင်းစဉ် တစ်ခုကို ရွေးချယ်ပါ။ အဲဒီ ဘာသာရပ်ကို သေသေချာချာ သုတေသနပြုပါ။
သင်လေ့လာထားတဲ့ ဘာသာရပ်နဲ့ပတ်သက်လို့ ပါလီမန်ထဲမှာ သင်ဟာ ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေပါစေ။
နောက်ဆုံးတော့ အခြားသူများက အများရှေ့မှာဖြစ်ဖြစ်၊ တစ်ဦးချင်းပဲဖြစ်ဖြစ် သင့်အမြင်ကို မေးမြန်းလာရတဲ့အထိ ဖြစ်လာမယ်။ ဒါဟာ သင့်အနေနဲ့ အတော်ကြီးမားတဲ့ နေရာရမှုနဲ့ သြဇာလွှမ်းမိုးမှု ဖြစ်တယ်။

၅။ ရှင်းလင်းသဲကွဲပြီး လက်တွေ့ဖြစ်နိုင်ချေရှိတဲ့ ပန်းတိုင်များ ရှိပါစေ။
သင်ရွေးကောက်တင်မြှောက်ခံရချိန်ကစလို့ သင်ဘာတွေ စွမ်းဆောင်လိုသလဲဆိုတာကို သိပါ။
ကမ္ဘာကြီးကို ပြောင်းလဲပစ်ဖို့တော့ မကြိုးစားပါနဲ့။
အတိုင်းအဆရှိတဲ့ ရည်မှန်းချက်များကို ရွေးချယ်ပါ။ (သင့်စိတ်ဓာတ်နဲ့ ကိုက်ညီတာ ဖြစ်ပါစေ။)

၆။ ကိစ္စရပ်များကို နားလည်ပါစေ။
သုတေသနပြုပါ။
ဒေသန္တရပြဿနာကနေ နိုင်ငံတကာပြဿနာအထိ ဘယ်ကိစ္စရပ်ကို ဆွေးနွေးသည်ဖြစ်စေ၊ သင့်မှာ နောက်ဆုံး သတင်းအချက်အလက် ရှိနေအောင် လေ့လာထားပါ။

၇။ သူတစ်ပါးပြောတာတွေကို နားထောင်ပါ။
အရာရာကို သင်သိပြီးသားလို့ မထင်ပါနဲ့။
အခြားသူများရဲ့ အတွေ့အကြုံဟာ သင့်အတွေ့အကြုံနဲ့ မတူကွဲပြားနိုင်တယ်။ သူများရဲ့ အတွေ့အကြုံက သင့်အမြင်ကို ပြန်လည်သုံးသပ်ဖို့ အထောက်အကူ ဖြစ်နိုင်တယ်။

၈။ ကရုဏာနဲ့ လေးစားသမှုကို ဘယ်လိုငြင်းဆန်ရမလဲ လေ့လာထားပါ။
ဟင့်အင်းလို့ ပြောရတာ၊ ငြင်းဆန်ရတာ မလွယ်ပါဘူး။ သင် ငြင်းဆန်လိုက်သူရဲ့ အကူအညီကို တစ်ချိန်ချိန်မှာ သင် လိုကောင်း လိုလာနိုင်တယ်။ ဒါကြောင့် သင်ငြင်းဆန်တဲ့အခါ တစ်ဖက်သားကို စော်ကားလိုက်သလို မဖြစ်ပါစေနဲ့။

၉။ သင့်နေရာဌာနကို နားလည်ပါစေ။
ပါလီမန်ရဲ့ လုပ်ထုံးလုပ်နည်းစည်းမျဉ်းတွေနဲ့ အစဉ်အလာတွေကို ပို၍ နားလည်လေ၊ အဲဒါတွေကို အသုံးချပြီး သင့်ရည်မှန်းချက်များကို ပို၍ စွမ်းဆောင်နိုင်စွမ်းရှိလေ။

၁၀။ လေးစားလောက်သူ ဖြစ်ပါစေ။
အခြားသူများရဲ့ အမြင်များနဲ့ အတွေ့အကြုံများကို သင်က လေးစားသမှုရှိကြောင်း ပြပါ။
သင်ဟာ ယုံကြည်လောက်သူဖြစ်ကြောင်း သိသာထင်ရှားပါစေ။
အကျင့်ပျက် အပြုအမူများကို သိအောင် လေ့လာထားပါ။

Ref: Ten Rules For Being a Good Politician (and Member of Parliament), Vicki Bourne.

No comments:

Post a Comment

 
Web Statistics