မြည်နေတဲ့ နှိုးစက်နာရီကို အသာပိတ်လိုက်တယ်။ ချက်ချင်းမထဖြစ်သေးဘဲ ခဏမှိန်းနေလိုက်တယ်။ ခြုံထားတဲ့စောင်ကိုလည်း သေချာသိပြီ၊ ခြင်ထောင်အမိုးကိုလည်း ကြည်ကြည်လင်လင် မြင်ရပြီ။ ပြတင်းပေါက် ခန်းစီးစတွေကြားက အတင်းတိုးဝင်လာနေတဲ့ အလင်းရောင်တန်းလေးတွေကလည်း အခန်းထဲမှာ ထိုက်သင့်တဲ့အလင်းရောင်ကို ပေးထားတယ်ဆိုတာ ခံစားမိနေပြီ။ ရွတ်နေကျ သမ္ဗုဒ္ဓေဂါထာကို တစ်ခေါက်ရွတ်လိုက်တယ်။ ပြီးတော့မှ အိပ်ရာကနေ ဖြည်းဖြည်းချင်း ထလိုက်တယ်။ ခြင်ထောင်တွေသိမ်း၊ စောင်တွေခေါက်၊ ဖက်လုံးတွေ၊ ခေါင်းအုံးတွေကို သူ့နေရာနဲ့သူ စီစီရီရီ ထားပြီးတဲ့အချိန်မှာ ခြေရင်းတံခါးကို အသာဖွင့်ပြီး ကော်ရစ်တာကို ထွက်လာမိတယ်။
အို.... ပြောစရာစကားတွေဆွံ့အ၊ အသက်ရှူသံတွေရပ်တန့်၊ သွေးလည်ပတ်မှုတွေ ရပ်သွားသလား၊ ပိုမိုမြန်ဆန်တဲ့အရှိန်နဲ့ လည်ပတ်နေကြသလား။ ဘာဆိုဘာမှ မသိတော့။ ဟုတ်ပါရဲ့... မြင်လိုက်ရတဲ့မြင်ကွင်းဟာ ကျွန်တော့်စိတ်ကို တဒင်္ဂ မိန်းမောသွားစေတယ်၊ အံ့အားသင့်အငိုက်မိသွားစေတယ်။ ကြည့်ပါဦးဗျာ...။ လှလိုက်တာလို့ မပြောချင်ဘူး။ အဲဒီထက် ပြည့်စုံကောင်းမွန်တဲ့ စကားလုံးရှိရင် အဲဒါကို သုံးချင်တယ်။ ကောင်းကင်ပြင်မှာ တိမ်တွေနဲ့ ခြယ်ထားတဲ့ပန်းချီဟာ ဘယ်လိုလှကြောင်း ပြောပြဖို့ခက်လိုက်တာ။ အရှေ့ဘက်မှာ ထွက်ပြူနေတဲ့ နေလုံးကို မမြင်ရပေမယ့် သူ့ရဲ့အလင်းတန်းတွေကို တိမ်တွေပေါ်ကတစ်ဆင့် မြင်နေရတယ်။ ကောင်းကင်ပိတ်ကားပြာကို စလိုက်ထိုးထားသလိုပါပဲ။ (ကျွန်တော့်အခန်းရဲ့ ကော်ရစ်တာက အနောက်အရပ်ကို မျက်နှာမူနေတာပါ။)
အဲဒါကြောင့် အိပ်ရာနိုးတဲ့အချိန်မှာ ကြည်ကြည်လင်လင်နဲ့ ထူးခြားနေပါတယ်လို့ ခံစားမိတာကိုး။ ဟုတ်သည်ပဲ။ လွန်ခဲ့တဲ့ ၃-၄ ရက်ကစပြီး မနေ့ကအထိ ကျွန်တော်တို့တစ်တွေ နေလုံးကို မြင်ခွင့်မှ မရခဲ့ကြတာ။ မိုးလင်းလို့ အိပ်ရာနိုးတာနဲ့ ကြားရတာက ခေါင်မိုးပေါ်ကို မိုးစက်ကျသံ တပေါက်ပေါက်လေ။ အပြင်ကိုကြည့်လိုက်တော့လည်း မှုန်မှိုင်းအုံ့ဆိုင်းပြီး စိတ်တွေပါ အလိုလို မှိုင်းမှုန်ခဲ့ရတာပေါ့။ မသွားမဖြစ်တဲ့အလုပ်ကို မိုးရေတွေကြားမှာ ရွှံ့ဗွက်တွေကိုဖြတ်ပြီး သွားရဦးမယ်ဆိုတာ သိနေခဲ့တာကိုး။ အစိုဓာတ်ကြောင့် ညှင်းသိုးသိုးဖြစ်နေတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်၊ အလုံးစုံ မလုံခြုံပေမယ့် စာရွက်စာတမ်းတွေ၊ စာအုပ်တွေထည့်ထားတဲ့ အိတ်လောက်ကိုတော့ မိုးရေဒဏ်က ကာကွယ်ဖို့အတွက် မယူမဖြစ်ယူရတဲ့ ထီးကိုဆောင်ပြီး အလွမ်းဓာတ်ခံ၊ အဆွေးဓာတ်ခံနဲ့ တစ်နေ့တာပြဇာတ်တွေကို ကပြခဲ့ရတာလေ။
ဟော...ဒီနေ့တော့ ကြည့်စမ်းပါဦး။ မိုးတိမ်မိုးသားတွေခမျာ ဘယ်ဆီများ ထွက်ပြေးသွားကြသလဲ မသိဘူး။ ကောင်းကင်ပြာပြာကြီးပေါ်မှာ တိမ်ညိုတိမ်မည်းတွေ မရှိဘူး။ သူတို့အစား ဖြူလွလွ တိမ်မျှင်တန်းလေးတွေပဲ ဟိုပြေးဒီလွှာ ဆော့ကစားနေကြတယ်။ တစ်ခါတစ်ရံတော့ ၀ါဂွမ်းပုံကြီးတွေ အလုံးလိုက်အထွေးလိုက် လိမ့်နေပုံမျိုးနဲ့ လွင့်မျောနေတဲ့ တိမ်ဖြူတိုက်အချို့ကို ဟိုးခပ်လှမ်းလှမ်းဆီမှာ တွေ့ရတယ်။ ကောင်းကင်ပြာပြာ၊ တိမ်ဖြူဖြူ။ နေရောင်နီနီ စတဲ့အရောင်တွေနဲ့ ခြယ်သထားတဲ့ သဘာဝပန်းချီကားချပ်ဟာ အမည်တပ်ဖို့ခက်၊ စာဖွဲ့ဖို့ခက်၊ ပြောပြဖို့ခက်လောက်အောင် လှနေလိုက်တာများ ကြည့်ရက်စရာတောင် မရှိဘူး။ အရင်နေ့တွေက မိုးခိုနေခဲ့ရတဲ့ ငှက်ငယ်လေးတွေရဲ့ စိုးစီစိုးစီ အသံလေးတွေကလည်း နောက်ခံတီးလုံး ခပ်အေးအေးတစ်ပုဒ် ဖွင့်ထားပေးသည့်အလားပါပဲ။ စိမ်းစိုနေတဲ့ သစ်ပင်တွေဟာ နေရောင်အနွေးဓာတ်ကို ရနေတဲ့အတွက် ပျော်ရွှင်မြူးထူးပြီး ကျွန်တော့်ကို ပြုံးပြနေတယ်လို့တောင် ထင်မှတ်မိတယ်။ အပင်ငယ်ငယ် အချို့များဆို ပျော်ရှာလွန်းလို့ ထင်ပါရဲ့။ လေအသွဲ့မှာ ယိမ်းနွဲ့ပြီး ကနေလိုက်ကြသေးတယ်။
တကယ့်ကို သာယာလှပတဲ့ နံနက်ခင်းအလှပါ။ ကြည်နူးဖွယ်ကောင်းလေစွ။ သာယာအေးချမ်းလှပေစွ။ သြော်... မြင်သူနှလုံးကို ပီတိဖုံးစေပါဘိကွယ်။
ကျွန်တော်တွေးနေမိတယ်။ မိုးရွာတာကို ကျွန်တော်မမုန်းပါဘူး။ စိုထိုင်းထိုင်းဖြစ်တာ၊ သွားရလာရ ခက်ခဲတာ၊ ရွှံ့ရေဗွက်ရေ ပေကျံတာကို ကျွန်တော်မုန်းတာပါ။ မိုးမရွာရင်ကောင်းမှာပဲလို့ ကျွန်တော်တစ်ခါမှ ဆုမတောင်းဖူးပါ။ တကယ်လို့သာ မိုးမရွာရင် ကျွန်တော်တို့တွေ ဘယ်ကထမင်းကို သွားစားကြမလဲ။ တောင်သူဦးကြီးတွေ၊ စိုက်ပျိုးရေးသမားတွေအတွက် မိုးဟာ မရှိမဖြစ်ပါ။ ထို့အတူပဲ မြစ်ချောင်းတွေထဲမှာ မိုးရွာမှ ရေ၀င်လာမှာလေ။ အဲဒီတော့မှ တံငါသည်တွေ၊ လှေသမ္မာန်ခတ်သူတွေ အဆင်ပြေမှာပေါ့။ မိုးရွာတဲ့အတွက် ရေအားလျှပ်စစ်လည်း အပြည့်အ၀ ထုတ်ယူနိုင်သေးတယ်လေ။ တစ်ပြည်လုံးကို လင်းချင်းစေတဲ့ အလင်းရောင်ဓာတ်တွေကလည်း မိုးရေနဲ့အတူ ပါလာကြတာကိုး။ အဲ... အလွန်အကျွံရွာတဲ့မိုးကိုတော့ ကျွန်တော်မကြိုက်ဘူး။ တောင်သူဦးကြီးတွေလည်း ကြိုက်မယ်မထင်ပါဘူး။ ထိုက်သင့်သလောက်မိုးကသာ လူတွေကို အကျိုးပေးနိုင်မယ်လို့ ကျွန်တော်ထင်တယ်လေ။ အမြဲတမ်းကြီး မိုးရွာတဲ့အခါမှာ ကြည်လင်နေသာတဲ့ နေ့တစ်နေ့ကို လူသားတွေ တမ်းတမိကြမှာ သဘာဝပဲ ထင်ပါရဲ့။ လမ်းတွေပေါ်မှာ ရေ၀ပ်ပြီး လမ်းတွေပျက်တာ၊ အိမ်တွေ၊ စိုက်ခင်းတွေ ရေ၀ပ်ကုန်တာ၊ စိုက်ပျိုးထားတဲ့ သီးနှံတွေ မိုးရေတွေကြောင့်ပဲ ပျက်စီးရမှာကို ဘယ်သူမှ မလိုချင်ကြဘူးလေ။ အသင့်အတင့်သော မိုးကိုသာ ကျွန်တော်တို့ လိုချင်ကြတယ်။ သာယာတဲ့နေ့လေးတွေ၊ နေသာတဲ့ နေ့လေးတွေကိုလည်း ကျွန်တော်တို့တွေ လိုအပ်ကြတယ်။
ကျွန်တော့်ရဲ့ နံနက်ခင်းရှုခင်းလေးဟာ ကျွန်တော့်စိတ်ကို ကြည်လင်လန်းဆန်းစေခဲ့တယ်။ စိတ်ဓာတ်ခွန်အားအသစ်တွေ ပေးခဲ့တယ်။ ကျွန်တော့်လိုပဲ အခြားသော အခန်းပြတင်းပေါက်တွေကနေ၊ တဲအိမ်တွေရှေ့ကနေ၊ လမ်းမပေါ်ကနေ၊ လယ်ကွင်းထဲကနေ ဒီရှုခင်းကိုကြည့်ပြီး ပျော်ရွှင်ကြည်နူးနေကြမယ့်လူတွေ၊ ခွန်အားပြည့်ဖြိုးနေကြမယ့်လူတွေ ရှိနေမှာပါပဲ။ တစ်ပြည်လုံးက မြင်ရတဲ့ရှုခင်းအဖြစ် လူတိုင်းလူတိုင်း သာယာကြည်နူးရတယ်ဆိုရင်တော့ ဘယ်လောက်များ ကျက်သရေမင်္ဂလာရှိတဲ့ သာယာပျော်ရွှင်ဖွယ် နေ့သစ်တစ်ခုရဲ့အစ ဖြစ်လေမလဲဗျာ။
နံနက်လေးတစ်ခုရဲ့ ကြည်လင်အေးချမ်းတဲ့ သဘာဝအလှတစ်ခုဟာ ကျွန်တော်တို့တွေကို ဒီလောက် ကျေနပ်ပျော်ရွှင်မှုတွေ ပေးစွမ်းနိုင်တယ်ဆိုရင်လေ....။ မကြာတော့တဲ့ ကာလတစ်ခုမှာ ပဋိပက္ခမိုးတိမ်တွေ ကင်းစင်၊ အာဃာတမိုးရေတွေ ခန်းခြောက်၊ မုန်းတီးခြင်းတိမ်တိုက်တွေ လွင့်ပြယ်ပျောက်ပြီး ငြိမ်းချမ်းရေး ရောင်ခြည်သန်းတဲ့ အလှအပတရားတွေကို ကျွန်တော်တို့ မြန်မာပြည်သူပြည်သားတွေ ခံစားကြရတော့မယ်ဆိုရင် ဘယ်လောက်များ ပျော်ရွှင်ကျေနပ်ပြီး ၀မ်းမြောက်ကြည်နူးဖို့ ကောင်းလိုက်မလဲလို့ တွေးနေမိရင်း ကြက်သီးမွေးညင်းများတောင် ထမိပါရဲ့ဗျာ။
လူသားအားလုံး သာယာပျော်ရွှင်ဖွယ်ရာ နေ့သစ်များကို ပိုင်ဆိုင်နိုင်ကြပါစေဟု....။
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၂၀ ရက်၊ သောကြာနေ့။
နံနက် ၉ နာရီ ၁၀ မိနစ်တွင်ပြီး၏။
No comments:
Post a Comment