တောတစ်ခုထဲမှာ ၀ံပုလွေတွေ၊ သမင်တွေ ရှိကြတယ်။ လူတွေက သမင်တွေကို အကာအကွယ်ပေးတဲ့အနေနဲ့ မုဆိုးတွေက ၀ံပုလွေတွေကို အကုန် သုတ်သင်ပစ်ကြတယ်။ ဒီနည်းနဲ့ သမင်တွေကို ကာကွယ်နိုင်မယ်လို့ လူတွေက ထင်ခဲ့ကြတယ်။ လား... လား... အဖြစ်အပျက်က ပြောင်းပြန်ဗျို့။ နှစ်အတန်ကြာတော့ ၀ံပုလွေမရှိတော့တာကြောင့် သမင်တွေဟာ အစာစားပြီးတာနဲ့ မြက်ခင်းပေါ် လှဲအိပ်ပြီး နေပူဆာ လှုံတော့တာပေါ့။ ကောင်းကောင်း အနားယူတော့တာပေါ့။ သမင်တွေ ၀ဖီးလာတော့တာပါပဲ။ သမင်ဝတုတ်တွေ ဖြစ်လာတယ်။ အသည်း အဆီဖုံးလာတယ်။ နှလုံးရောဂါ ဖြစ်လာတယ်။ သွေးတိုးရောဂါ ဖြစ်လာတယ်။ ခန္ဓာကိုယ်မှာ ရောဂါတွေ ထွေပြားလာတယ်။ တဖြည်းဖြည်းနဲ့ အသေအပျောက် များလာတယ်။ သမင်အုပ်စုကြီးဟာ တစ်စတစ်စ သေးငယ်သွားတယ်။ မျိုးတုံးလုခမန်းပါပဲ။ ဘယ့်နှယ်လုပ်ရပါ့။ ဆရာဝန် စေလွှတ်ပြီး ဆေးကုသပေးဖို့ ဆိုပြန်တော့လည်း ဘယ်သူက ဒီသမင်တွေကို ရေရှည်သွားကုပေးနိုင်မှာလဲ။ အမျိုးမျိုး စဉ်းစားပြီးတော့မှ အကောင်းဆုံး နည်းလမ်းကို သွားတွေ့တယ်။ ၀ံပုလွေတွေကိုဝယ်ပြီး တောထဲ ပြန်လွှတ်ပေးလိုက်တယ်။ ၀ံပုလွေတွေ ရောက်လာတာနဲ့ သမင်တွေကို စားတော့တာပေါ့။ သမင်တွေလည်း ပြေးရတော့တာပေါ့။ ၀ံပုလွေကလိုက်၊ သမင်ကပြေးနဲ့ ကာလတစ်ကန့်ကြာတော့ သမင်တွေရဲ့ ခန္ဓာကိုယ်တွေဟာ လေ့ကျင့်သားကျသွားတယ်။ သဘာဝလောကကြီးဟာ ဒီလိုပဲ အလွန်ကို ဆန်းကြယ်ပါတယ်။ အဲဒီလို အပြန်အလှန် ပြိုင်ဆိုင်ရင်းနဲ့ပဲ အသီးသီး တိုးတက်လာကြတာပါ။
Thursday, August 19, 2010
ကျွန်တော်ကြိုက်သော ပုံပြင်များ (၁၈)
မောင်မောင်လှိုင် (အပ်စိုက်ကု) ၏ ကျန်းကျန်းမာမာ အသက် ၁၀၀ မှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment