Thursday, August 19, 2010

ဝါဒနဲ့ လုပ်ငန်းစဉ် (သရော်စာ) - မောင်ဝံသ


မြေရှင်ပဒေသရာဇ်စနစ် Feudalism
ခင်ဗျားမှာ နွား (၂) ကောင်ရှိရင် မြေပိုင်ရှင်သောက်ဖို့ နွားနို့ ခင်ဗျားက ဆက်သရတယ်။

ဆိုရှယ်လစ်စစ်စစ်စနစ် Pure Socialism
ခင်ဗျားမှာ နွား (၂) ကောင် ရှိတာကို အစိုးရက သိမ်းမယ်။ တင်းကုပ်ကြီးတစ်ခုထဲ တခြားနွားတွေနဲ့အတူ ထည့်ထားမယ်။ အဲဒီ နွားတွေအားလုံးကို ခင်ဗျားပါ ကျွေးမွေးစောင့်ရှောက်ရမယ်။ ပြီးတော့ ခင်ဗျားလိုအပ်သလောက် နွားနို့ အစိုးရက ပေးမယ်။

ဗျူရိုကရက်တစ် ဆိုရှယ်လစ်စနစ် Bureaucratic Socialism
ခင်ဗျားရဲ့ နွားတွေကို ကြက်မွေးမြူရေးသမားတွေက စောင့်ရှောက်မယ်။ ကြက်မွေးမြူရေးသမားတွေဆီက အစိုးရက သိမ်းထားတဲ့ ကြက်တွေကို ခင်ဗျားက စောင့်ရှောက်ရမယ်။ အစိုးရက ခင်ဗျားကို စည်းမျဉ်းစည်းကမ်းအရ ခင်ဗျားအတွက် နို့ခွဲတမ်းနဲ့ ကြက်ဥခွဲတမ်း ပေးမယ်။

ဖက်ဆစ်စနစ် Fascism
ခင်ဗျားမှာ နွား (၂) ကောင် ရှိတယ်ဆိုပါစို့။ အစိုးရက နှစ်ကောင်စလုံးကို သိမ်းမယ်။ နွားတွေကို စောင့်ရှောက်ဖို့ ခင်ဗျားကို ငှားမယ်။ ရလာတဲ့ နွားနို့ ခင်ဗျားကို ရောင်းမယ်။

ကွန်မြူနစ်စစ်စစ်စနစ် Pure Communism
နွား (၂) ကောင်ကို ခင်ဗျားနဲ့ ခင်ဗျားအိမ်နီးချင်းတို့  ပူးတွဲတာဝန်ယူရမယ်။ ခင်ဗျားနဲ့ အိမ်နီးချင်းဟာ ဘယ်သူက လုပ်နိုင်စွမ်း အရှိဆုံး၊ ဘယ်သူက အလိုအပ်ဆုံးဆိုတာကို အလုပ်မရှိ အလုပ်ရှာ ငြင်းခုံနေကြမယ်။ နှစ်ဦးစလုံး အလုပ်မလုပ်ဘဲ တွက်ကပ်နေကြမယ်။ သည်လိုနဲ့ နွားနို့လည်း ထွက်မလာဘူး။ နွားတွေလည်း အစာငတ်ပြီး သေကုန်ရော။

ရုရှားကွန်မြူနစ်စနစ် Russian Communism
ခင်ဗျားမှာ နွား (၂) ကောင် ရှိတယ်။ ခင်ဗျားက နွားတွေကို ကျွေးမွေးစောင့်ရှောက်ရတယ်။ အစိုးရက နွားနို့တွေ အကုန်ယူတယ်။ ခင်ဗျားက ခိုးလို့ရသမျှ နွားနို့လေးတွေ ပြန်ခိုးထားပြီး မှောင်ခိုဈေးမှာ ပြန်ရောင်းစားတယ်။

ပယ်ရယ်စထရိုအီကာ ခေါ် ပုံစံသစ်စီးပွားရေးစနစ် Perestroika
ခင်ဗျားမှာ နွား (၂) ကောင် ရှိတယ်။ ခင်ဗျားက နွားတွေကို တာဝန်ယူ ကျွေးမွေးစောင့်ရှောက်ရတယ်။ နွားနို့တွေ ထွက်လာတော့ မာဖီးယားက နို့အားလုံးကို ယူတယ်။ ခင်ဗျားက နို့တွေထဲက ခိုးနိုင်သလောက် ပြန်ခိုးပြီး "လွတ်လပ်" ဈေးကွက်မှာ ပြန်ရောင်းစားတယ်။

ကမ္ဘောဒီးယား ကွန်မြူနစ်စနစ် Cambodian Communism
ခင်ဗျားမှာ နွား (၂) ကောင် ရှိတယ်။ (၂) ကောင်စလုံးကို အစိုးရက သိမ်းပြီး ခင်ဗျားကို ပစ်သတ်လိုက်မယ်။

အာဏာရှင်စနစ် Dictatorship
ခင်ဗျားမှာ နွား (၂) ကောင် ရှိတယ်။ အစိုးရက (၂) ကောင်စလုံးကိုယူပြီး ခင်ဗျားကို စစ်တပ်ထဲ သွင်းမယ်။

ဒီမိုကရေစီစစ်စစ်စနစ် Pure Democracy
ခင်ဗျားမှာ နွား (၂) ကောင် ရှိတယ်။ နွားနို့ ဘယ်သူ ယူရမယ်ဆိုတာ ခင်ဗျားက မဆုံးဖြတ်နိုင်ဘူး။ ခင်ဗျား အိမ်နီးချင်းအများစုက ဆုံးဖြတ်တဲ့အတိုင်း လုပ်ရတယ်။

ကိုယ်စားပြု ဒီမိုကရေစီစနစ် Representative Democracy
ခင်ဗျားမှာ နွား (၂) ကောင် ရှိတယ်။ ခင်ဗျားရဲ့ အိမ်နီးချင်းတွေက ကိုယ်စားလှယ်တစ်ယောက် ရွေးမယ်။ ပြီးတော့ ခင်ဗျားရဲ့ နွားနို့တွေကို ဘယ်သူ့ကို ပေးရမယ်ဆိုတာ ခင်ဗျားကို ကိုယ်စားလှယ်က စကားပြောမယ်။

အရင်းရှင်စနစ် Capitalism
ခင်ဗျားမှာ နွားတစ်ကောင်မှ မရှိဘူး။ ဘဏ်က ခင်ဗျားကို နွားဝယ်ဖို့ ငွေမချေးဘူး။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားမှာ အာမခံပစ္စည်းအဖြစ် တင်ပြဖို့ နွားတွေမရှိလို့။

Ref: Political Jokes, www.mustsharejokes.com

No comments:

Post a Comment

 
Web Statistics