ကျွန်တော် မိမိမွေးနေ့ပွဲ ဆိုတာတွေဘာတွေကို ၀ါသနာမပါ။ တစ်ခါတစ်ရံ ကိုယ့်မွေးနေ့ကိုလွန်လာပြီး သုံးလေးရက်ရှိမှ မွေးနေ့ကို ကျော်လာကြောင်း သတိရမိတတ်သည်။ တစ်ခါတလေတော့လည်း စိတ်လိုလက်ရ သတိရပြီး ကောင်းမှုလေးတွေကို လုပ်တတ်မိသည်။ ကျွန်တော်လုပ်ခဲ့ဖူးသည့် ကောင်းမှုအကြောင်းကို မှတ်မှတ်ရရ ပြောလိုက်ရပါဦးမည်။ ကျွန်တော်တို့လမ်းထဲက ကလေးတွေကို ဘဲသားဆန်ပြုတ် စသည်အားဖြင့် ကျွေးမွေးခြင်းဖြစ်သည်။ ကလေးတွေကိုပဲ ဖိတ်သည်။ လူကြီးတွေကို တစ်ယောက်မျှမဖိတ်။ လူကြီးတွေပါလာလျှင် ကလေးတွေရဲ့ လွတ်လပ်မှု ဆိတ်သုဉ်းသွားမည်ကို မလိုလားသောကြောင့် ဖြစ်သည်။ ကလေးတွေ သူတို့ကြိုက်သလို စားနေသည်ကို ကျွန်တော် ကြည့်ချင်သည်။ ကျွန်တော့်အရသာက ဘဲသားဆန်ပြုတ်မဟုတ်၊ နို့စိမ်းခေါက်ဆွဲမဟုတ်၊ ကလေးတွေ လွတ်လပ်စွာ အားရပါးရ "တွယ်"နေသည်ကို ကြည့်နေရခြင်းပင် ဖြစ်သည်။
ခက်နေသည်က လူကြီးတွေကို ဖိတ်ကြားပြီဆိုလျှင် စက္ကူလေးတိုတိုထွာထွာနှင့်ဖြစ်စေ၊ နှုတ်မြွက်စကားလေး တစ်လုံးတလေနှင့်ဖြစ်စေ ဖိတ်လိုက်လျှင် ပြီးသည်။ ကလေးတွေကျတော့ သည်လိုနှင့် လုပ်လို့မရ။ လိုက်ခေါ်ရသည်။ သူတို့က "လူစာရင်း" မပေါက်သေးတော့ ကြောက်တာမဟုတ်သော်လည်း ကိုယ်နှင့်မဆိုင်သလို လုပ်နေတတ်ကြသည်။ တကယ်တော့လည်း သူတို့နှင့် ဘာမှ မဆိုင်ဟုလည်း ဆိုနိုင်သည်။ ကျွန်တော့်သားငယ်လိုဟာမျိုးနှင့် ဆိုလျှင်တော့ အဆင်ပြေနိုင်သည်။
တစ်ခါတွင် ကြုံရပုံကို ပြောလိုက်ရပါဦးမည်။
ကျွန်တော့်သား အငယ်ဆုံးကလည်း ကလေးအရွယ် မဟုတ်တော့ပြီ။ တက္ကသိုလ်ပင် တက်နေပြီ။ ကျွန်တော်က မွေးနေ့ပွဲအတွက် ဘဲသားဆန်ပြုတ်ကို ကျွေးသည်။ အိမ်နီးနားချင်းတွေကို ပြောရသည်။ "ဟဲ့- နင်တို့သားသမီးတွေကို မနက်ကျရင် လွှတ်လိုက်ကြစမ်း" ပေါ့။ ရင်းနှီးနေသူများကတော့-
"ဆရာကလဲ ကလေးတွေတင်ပဲလား၊ ကျွန်မတို့လည်း လာစားကြမှာပဲ"
"အေး- မရှက်တတ်ရင် ကလေးတွေနဲ့အတူ လာစားကြပေါ့ဟာ" ဟု ရယ်ကာမောကာ ပြောလိုက်ရသည်။ တကယ်လည်း လာစားကြပါသည်။ ပျော်စရာ အလွန်ကောင်းပါသည်။
ဤကဲ့သို့ လူကြီးတွေကိုပါ ကိုယ်ကသိနေလျှင်တော့ အကြောင်းမဟုတ်။ တစ်ချို့အိမ်တွေကိုကျတော့ လူကြီးတွေက မနက်လင်းလျှင် အိမ်ကထွက်၊ ညမှောင်မှ အိမ်ပြန်ရောက်လာတတ်ကြလေတော့ လူကြီးမိဘတွေနှင့် မျက်မှန်းတန်းမိရုံလောက်သာ ရှိသည်။ ကျန်ရစ်ခဲ့သည့် ကလေးတွေက သူတို့ဘာသာသူတို့ လာဝံ့ကြတော့မည် မဟုတ်။ ထို့ကြောင့် ကျွန်တော်က ကိုယ်တိုင် လိုက်ခေါ်ရသည်။
သို့နှင့် ကျွန်တော့်နေအိမ်နှင့် လေးငါးအိမ်လောက်ခြားသော အိမ်ကလေးတစ်အိမ်ဆီသို့ ရောက်သွားခဲ့သည်။ ညီအစ်ကိုနှစ်ယောက် ဖြစ်သည်။ အစ်ကိုက အသက် ၇ နှစ်ခန့်။ ညီက ၅ နှစ်ခန့်။ သူတို့အိပ်နေကြဆဲဖြစ်၍ အိမ်နီးချင်းတစ်ယောက်က သူတို့ကို နှိုးပေးသည်။ နိုးလာသော အစ်ကိုဖြစ်သူအား ညီအစ်ကိုနှစ်ယောက်လုံး ဘဲသားဆန်ပြုတ် လာသောက်ရန် သေချာမှာကြားခဲ့သည်။ သူတို့ညီအစ်ကိုနှစ်ယောက် တော်တော်နှင့် ပေါ်မလာသောကြောင့် တစ်ခါ ထပ်သွားလိုက်မိပြန်ပါသည်။
အစ်ကိုဖြစ်သူက မျက်နှာသစ်နေရင်း "ဟေ့ကောင်၊ ထတော့ကွ။ ဒီမှာ ဦးလေးစောင့်နေတယ်"
သူက မျက်နှာသုတ်။ ညီက မထသေး။ ဒီတော့ အစ်ကိုက စိတ်မရှည်နိုင်တော့။
"ကဲကွာ- ငါတော့ ဦးလေးနဲ့ လိုက်သွားတော့မယ်၊ မင်းဘာသာမင်း လာခဲ့ပေတော့"
"အေး- ငါ့ဘာသာငါ လိုက်လာခဲ့မယ်"
"ဘယ်အိမ်လဲ ပြောခဲ့"
"ရန်လုံအိမ်ကွာ"
ကျွန်တော့်မှာ အသံထွက်ပြီး မရယ်မိအောင် မနည်းထိန်းထားလိုက်ရသည်။ "ရန်လုံ" ဆိုသည်က ကျွန်တော့်အိမ်က ခွေးဖြစ်သည်။ သူတို့သည် နိုင်ငံကျော်စာရေးဆရာ "ဦးအောင်သင်း" ဆိုတာကို မြင်ဖူးသည်။ ဘယ်အိမ်မှာနေသည်ကို သိကြသည်။ သို့သော် ဦးအောင်သင်း သူ့ဘာသာ ဘာပဲလုပ်နေနေ သူတို့ စိတ်မ၀င်စား။ သူတို့အဖို့ ရန်လုံက ဦးအောင်သင်းနေသော အိမ်တွင် နေသည်မဟုတ်။ ဦးအောင်သင်းက ရန်လုံနေသောအိမ်တွင် နေခြင်းသာ ဖြစ်သည်။
ဦးအောင်သင်းဆိုသော လူကြီးထက် ရန်လုံက တပန်းသာနေတာ ရှိသေးသည်။ ရန်လုံက သူတို့နှင့်အတူ ကစားသည်။ ရန်လုံက မကိုက်တတ်။ ကလေးတွေက ခွစီး၊ အမြီးဆွဲကစားနေလျှင် ရန်လုံကိုယ်တိုင်က ပျော်သည်။ သူတို့၏ အပေါင်းအသင်း ဖြစ်သည်။ ကျွန်တော်နေသောလမ်းမှာ တစ်ဘက်ပိတ် လမ်းတိုကလေး ဖြစ်သည်။ ထို့ကြောင့် တစ်လမ်းလုံးရှိ ကလေးတွေအားလုံး သိကြသည်။
တကယ်ဆိုတော့ ကျွန်တော်တို့ တစ်လမ်းလုံးထဲရှိ ကလေးတွေသာမက ရပ်ကွက်တွင်း အခြားလမ်းတွေက ကလေးတွေကလည်း ရန်လုံကို သိကြသည်။ ကျွန်တော်တို့လမ်းထဲတွင် မူလတန်းကျောင်းကလေးတစ်ခု ရှိလေတော့ မုန့်စားကျောင်းဆင်းပြီဆိုလျှင် ကလေးတွေက ပြေးကြလွှားကြ ကစားကြသည်။ ကလေးတွေ ပြေးကြ လွှားကြ လုပ်လျှင် ရန်လုံကလည်း သူတို့နှင့်ရောပြီး ပြေးပြေးလွှားလွှား လုပ်တတ်သည်။ ထို့ကြောင့် ကျွန်တော်တို့ရပ်ကွက် ကလေးထဲရှိ ကလေးတွေလောကမှာတော့ဖြင့် ဦးအောင်သင်းထက် ရန်လုံက ပိုပြီး နာမည်ကြီးသည်မှာ အမှန်ဖြစ်သည်။ ထိုမူလတန်းကျောင်းက ကလေးတွေကို တစ်ယောက်ယောက်က "ဦးအောင်သင်းအိမ် ဘယ်အိမ်လဲ" ဟု မေးလျှင် ဘယ်ကလေးမျှ သိမည်မဟုတ်။ ရန်လုံအိမ်ဟု မေးလိုက်လျှင် ကလေးတိုင်းသိမည်မှာ သေချာသည်။
ကျွန်တော်ကိုယ်တိုင် ငယ်ငယ်က အဖြစ်ကလေးတစ်ခုကို မကြာခဏ သတိရမိသည်။ ကျွန်တော် ကျောင်းသွားကျောင်းပြန်လမ်းတွင် အလွန်သတိ ထားမိခဲ့သော အိမ်နှစ်အိမ်ရှိသည်။ ထိုအိမ်ရှင်တွေ ဘယ်သူဘယ်ဝါဖြစ်ကြောင်း ကျွန်တော် ယခုထက်တိုင် မသိခဲ့။ တစ်အိမ်ကို သိတာကတော့ ထိုအိမ်ထံစက်မြိတ်တွင် ချိတ်ထားသော ကြက်တူရွေးအိမ်ကလေးကြောင့် ဖြစ်သည်။ ထိုကြက်တူရွေးအိမ်ကလေးကို (အချိန်ရလျှင်) တမက်မောမော ကြည့်နေမိတတ်သည်။ နောက်တစ်အိမ်ကို သတိထားမိတာကတော့ ထိုအိမ်ကခွေးက ကိုက်တတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သတိကြီးစွာထားပြီး မှတ်မိနေတော့သည်။
ကလေးငယ်တို့၏ စိတ်ဝင်စားမှုသည် သူ့အရွယ်နှင့်သူသာ ဖြစ်ချေသည်။
လူကြီးတွေမှာကော...။
ကျွန်တော်က ၀တ္ထုရေးတတ်သူ မဟုတ်၊ ကဗျာရေးတတ်သူ မဟုတ်။ စာပေဆောင်းပါးများနှင့် စာပေလောကထဲသို့ ၀င်လာသူသာ ဖြစ်သည်။ နောက်ပိုင်း ရောက်လာမှသာ လူငယ်တိုးတက်မှု စာပေတွေကို ရေးသားလာခဲ့ခြင်း ဖြစ်သည်။ ကျွန်တော့်ကို အဟောအပြော ကောင်းသူစာရင်း သွင်းကြပါသည်။ ထိုက်သင့်သလောက်လည်း ဖိတ်ကြားမှု၊ ကြိုဆိုမှုတို့ကို ရခဲ့ပါသည်။
သို့သော် ကျွန်တော့်ဟောပြောပွဲအစကို ပြောလိုက်ချင်ပါသေးသည်။ ကျွန်တော်နှင့် တွဲခဲ့ရသူတွေက မြသန်းတင့်တို့၊ ချစ်ဦးညိုတို့ စတဲ့ ဒီဒိတ်ဒိတ်ကြဲတွေချည်း ဖြစ်သည်။ သူတို့ကို လူတိုင်းက သိနေကြသည်၊ ချစ်နေကြသည်။ ရောက်လာလိုက်ပလားဆိုလျှင် လာတဲ့လာတဲ့ပြီး မိတ်ဆက်ကြတာတွေ၊ အော်တိုအရေးခိုင်းကြတာတွေ၊ လက်မှတ်အထိုးခိုင်းကြတာတွေ ၀ိုင်းဝိုင်းလည်နေတတ်သည်။ အောင်သင်းကို ဘယ်သူကမျှ သတိမထားမိကြ။ အရေးမလုပ်ကြ။ ဟောပြောပွဲ လုပ်လိုက်ပြီလားဆိုလျှင် ကျွန်တော်က နောက်ဆုံးနေရလေ့ရှိသည်။ အချိန်က သန်းခေါင်နား ကပ်နေလေပြီ။ ပရိသတ်အချို့ကလည်း ပြန်သွားကြပြီ။ သို့သော် ကျွန်တော့်ဘက်ကတော့ စိတ်ဓာတ်မကျ။ ကျန်သမျှကို ဟောပြောရတော့သည်သာ။
ချစ်ဦးညိုက အလွန်အကင်းပါးသည်။ ကျွန်တော့်အဖြစ်ကိုလည်း နားလည်သည်။ ထို့ကြောင့် သူဟောပြောလို့ နိဂုံးချုပ်ခါနီးလျှင် "ကျွန်တော်တို့နောက်မှာ ဆရာဦးအောင်သင်း ပြောပါလိမ့်မယ်။ အလွန်ကို သိမ်မွေ့နက်နဲတဲ့ ရသအလင်္ကာ ဆိုတာတွေကို နားထဲဆုပ်သွင်းလိုက်သလို ရှင်းရှင်းလင်းလင်း ပြောတတ်တာမို့ စောင့်ပြီး နားထောင်စေချင်ပါတယ်" ဆိုတာမျိုး ပံ့ပံ့ပိုးပိုး ပြောသွားလေ့ရှိသည်။ ကြည်နူးစရာ ကောင်းလှပါသည်။
သည်လိုဆိုလိုက်တော့ ကျွန်တော်ချစ်ခင်လေးစားသော မြသန်းတင့်၊ ချစ်ဦးညို စသည့် စာရေးဆရာများကို ကျွန်တော်ချစ်သော "ရန်လုံ" နှင့် နှိုင်းရကောင်းလားဟု စာဖတ်သူက ငြိုငြင်မည်ကို စိုးရိမ်မိပါသေးသည်။ ကျွန်တော်ဆိုလိုသည်က လူတိုင်းတွင် သူ့နယ်နှင့်သူ အောင်မြင်မှု ရှိနေကြသည်ပင် ဖြစ်ပါသည်။ ကိုယ့်အတွက်လည်း ကိုယ့်နယ်လေး ရှိနေသည်ပင် ဖြစ်ပါသည်။ သူ့နယ်အတွက် ၀န်မတိုတတ်လျှင် ဘ၀မှာ နေပျော်စရာ ဖြစ်ပါသည်။
ထို့အပြင် ရန်လည်း လုံပါသည်။
No comments:
Post a Comment