Wednesday, August 11, 2010

နိုင်ငံရေးဗဟုသုတမေးခွန်းများ (သြဂုတ် ၁၁)


မေးခွန်း (၅)
တို့ဗမာသီချင်း ပထမဆုံး သီဆိုသည့်နေရာ
မန္တလေး အနုပညာ ဂီတလောကမှ ရန်ကုန်သို့ဆင်းလာသော ၀ိုင်အမ်ဘီ ဆရာတင်နှင့် သခင် လူငယ်တစ်စု ဆက်သွယ်မိကာ ဇာတိသွေး ဇာတိမာန် တက်ကြွစေသည့် "တို့ဗမာ သီချင်း" ကို စုပေါင်းရေးသားခဲ့လေသည်။ တို့ဗမာသီချင်းမှာ ပထမ ဗမာ့သမိုင်းကို နောက်ခံထား၏။ ဒုတိယ လက်ရှိအခြေအနေကို ၀မ်းနည်းဖွယ်ရာ၊ သင်ခန်းစာယူဖွယ်ရာ၊ နောက် အားတက်ဖွယ်ရာ စကားလုံးပြောင်ပြောင်နှင့် ဖော်ထုတ်သည်။ တတိယ၌ တို့ဗမာ တို့ခေတ်သစ် ထူထောင်ရန်နှင့် စတုတ္ထတွင် ကြားရသူတိုင်း ကြက်သီးမွေးညင်း ထလောက်အောင် ဇာတိသွေး ဇာတိမာန်ကို မြှင့်တင်ပေး၏။ ထိုသီချင်းကို သခင်ဘသောင်း ခေါင်းဆောင်သော သခင်လူငယ်တစ်စုက ၀ိုင်းဝန်း၍ စကားလုံး ရှာဖွေပေးပြီး ၀ိုင်အမ်ဘီဆရာတင်ကို ရေးစပ်စေသည်။ ဤသို့နှင့် တို့ဗမာသီချင်းကြီး ပေါ်ပေါက်လာခဲ့သည်။ ယင်းသီချင်းကို ပထမဆုံး သီဆိုခဲ့သောနေရာကို ဖော်ပြပါ။

မေးခွန်း (၆)
ခရစ်နှစ် ၁၂၈၇ က မြန်မာပြည် (ပုဂံ) ကို ၀င်ရောက်တိုက်ခိုက်စေခဲ့တဲ့ တရုတ်ဘုရင်။

မေးခွန်း (၇)
ရဲဘော်သုံးကျိပ်ဆိုသည်မှာ သခင်အောင်ဆန်း ဦးဆောင်၍ မြန်မာ့လွတ်လပ်ရေးအတွက် ဂျပန်နိုင်ငံ၌ ပထမဦးဆုံး စစ်ပညာသင်ယူခဲ့ကြသည့် ရဲဘော် ၃၀ ကို ခေါ်ခြင်းဖြစ်သည်။ ဒုတိယကမ္ဘာစစ် ဖြစ်လာသောအခါ အင်္ဂလိပ်အခက် ဗမာ့အချက်ဟူသော ကြွေးကြော်သံနှင့်အတူ သခင်အောင်ဆန်းတို့သည် လွတ်လပ်ရေးအတွက် နိုင်ငံခြားအကူအညီယူရန် ကြိုးစားရာမှ ဂျပန်တို့နှင့် အဆက်အသွယ်ရခဲ့သည်။ ဂျပန်တို့က စစ်လက်နက် အကူအညီနှင့် စစ်ပညာသင်ပေးမည်ဆို၍ သခင်အောင်ဆန်း အပါအ၀င် သခင်လူငယ်နှင့် ကျောင်းသားလူငယ် ၃၀ တို့သည် ၁၉၄၁ ခုနှစ်အတွင်း အခက်အခဲ အမျိုးမျိုးကို ကျော်လွှားကာ လျှို့ဝှက်၍ (၄) သုတ်ခွဲပြီး ဂျပန်နိုင်ငံသို့ သွားခဲ့ကြသည်။ ဟိုင်နန်ကျွန်းနှင့် ဖော်မိုဆာကျွန်းတို့တွင် စစ်ပညာ သွားသင်ယူပြီး ထိုင်းနိုင်ငံ၌ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ) ကို ဖွဲ့စည်းခဲ့ကြသည်။ ထိုရဲဘော်သုံးကျိပ်တွင် အမည်တူ သခင် (၂) ယောက် ပါဝင်ခဲ့ရာ ၎င်းတို့ နှစ်ဦးစလုံး မြန်မာနိုင်ငံအတွင်းသို့ လိုက်ပါနိုင်ခဲ့ခြင်းမရှိဘဲ ပြည်ပတွင် ကွယ်လွန်သွားခဲ့ကြသည်။ ၎င်းတို့ (၂) ဦး၏ အမည်ကို ဖော်ပြပါ။

မေးခွန်း (၈)
ခရစ်မပေါ်မီ နှစ်ပေါင်း ၃၀၀၀ နှင့် ၁၅၀၀ အကြားမှာ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားခဲ့တယ်။ အိန္ဒုမြစ်ဝှမ်းယဉ်ကျေးမှု ထွန်းကားခဲ့တဲ့ ဒေသဟာ ယခု မည်သည့်နိုင်ငံ နေရာလဲ။

မေးခွန်း (၉)
အိုးဝေမဂ္ဂဇင်းမှ "အနိုင်မခံ"ကဗျာ
၁၉၃၆ ခုနှစ်ထုတ် တက္ကသိုလ်သမဂ္ဂအသင်း၏ "အိုးဝေမဂ္ဂဇင်း" တွင် အယ်ဒီတာ့အာဘော်အဖြစ် "အနိုင်မခံ" ကဗျာကို ဖော်ပြခဲ့ပါသည်။ ယင်းကဗျာမှာ အင်္ဂလိပ်စာရေးဆရာ W.E. Henley ၏ Invictus ကို ဘာသာပြန်ထားခြင်း ဖြစ်သည်။ ယင်းဘာသာပြန်ကဗျာကို မည်သူပြန်ဆိုသည်ကို ဖော်ပြပါ။

မေးခွန်း (၁၀)
သက်ဦးဆံပိုင်ဘုရင်စနစ်မှ ဘုရင်ကိုယ်တိုင်က မိမိ၏အာဏာများကို လျှော့ချပစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြဋ္ဌာန်းကာ ၂၀၀၈ ခုနှစ်တွင် ပထမဆုံး အထွေထွေရွေးကောက်ပွဲများ ကျင်းပပေးသော နိုင်ငံ။

- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
မေးခွန်းနဲ့ အဖြေတွေအားလုံးကို ပြည်သူ့ခေတ်ဂျာနယ်တွေထဲမှာ ဖော်ပြပါရှိတဲ့ လွတ်လပ်စိုး - ကမ္ဘာ့နိုင်ငံရေး ဗဟုသုတဉာဏ်စမ်းမြင့်ဆွေဦး - မြန်မာ့နိုင်ငံရေးသမိုင်းထဲက သိကောင်းစရာများ စတာတွေထဲကနေ ရွေးချယ်ကောက်နုတ် ဖော်ပြပေးထားတာ ဖြစ်ပါတယ်။ အဖြေမှန်များကို အောက်မှာ ဖော်ပြထားပါတယ်။
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -

အဖြေ (၅) - တက္ကသိုလ်ဘာသာပြန် နည်းပြဆရာ သခင်ဘသောင်းသည် သင်္ချာနည်းပြဆရာ ဦးညွန့်၊ ကျောင်းသားကိုနုတို့နှင့် တိုင်ပင်၍ ၁၉၃၀ ပြည့်နှစ်၊ ဇူလိုင်လ ၁၉ ရက်၊ စနေနေ့ညတွင် ရန်ကုန်တက္ကသိုလ်၊ သထုံဆောင် သဟာယနှင့် စာဖတ်ခန်းတွင် တို့ဗမာသီချင်းကို ပထမဆုံး သီဆိုခဲ့ကြသည်။
အဖြေ (၆) - ကူဘလိုင်ခန် (၁၂၉၄ ကွယ်လွန်) ဖြစ်သည်။
အဖြေ (၇) - သခင်သန်းတင် (အုတ်ဖို)၊ သခင်သန်းတင် (ကမာရွတ်)
အဖြေ (၈) - ယခု ပါကစ္စတန်နိုင်ငံ တည်နေရာဖြစ်သည်။
အဖြေ (၉) - အိုးဝေဦးညိုမြ
အဖြေ (၁၀) - ဘူတန်နိုင်ငံ။

RELATED:
နိုင်ငံရေးဗဟုသုတ မေးခွန်းများ (သြဂုတ် ၉)

No comments:

Post a Comment

 
Web Statistics