ENVOY ဂျာနယ်၊ အမှတ် (၁၆)၊ စာမျက်နှာ ၁၃ မှာ ဖော်ပြပါရှိတဲ့ ဆရာဆူးငှက်ရဲ့ နန်းတော်ရှေ့ကအသံ (၆)၊ ဆွဲမိ... ဆွဲရာ... ကို ပြန်လည်ထုတ်နုတ် ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ ပို့စ်ခေါင်းစဉ်ကိုတော့ ကျွန်တော့်ဘာသာ ပြောင်းပေးထားတာပါ။ မူလခေါင်းစဉ်အတိုင်း "ဆွဲမိ... ဆွဲရာ..." ဆိုရင် ဘာအကြောင်းအရာကို ဖတ်စေချင်မှန်း မသိဘဲ ကျော်သွားကြမှာစိုးတဲ့ စေတနာကြောင့်ပါ။ နားလည်ပေးနိုင်ကြမယ် ထင်ပါရဲ့။
ကိုဉာဏ် (ပန်းလောင်မြေ)
- - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - - -
...........
.................
........................
အေဒီ ၁၀၄၄ ကတည်းက အနော်ရထာမင်းစော တည်ထားခဲ့တဲ့ ဆုတောင်းပြည့်၊ ဆုတောင်းရဘုရားနဲ့ ဆက်စပ်ပတ်သက်ပြီး ဖြစ်ပေါ်ခဲ့တဲ့ မင်းညီနောင် ဇာတ်လမ်းဟာ မန္တလေးမြို့အနီး တောင်ပြုံးအရပ်မှာသာမက တစ်ပြည်လုံး ပျံ့နှံ့ထင်ရှားခဲ့တာ ယနေ့ထက်တိုင်အောင်ပါပဲ။ တောင်ပြုံးပွဲတော်ကို နှစ်ပေါင်းရှည်ကြာစွာ ကျင်းပခဲ့တဲ့ သက်တမ်းတလျှောက် အတွေးအခေါ် အယူအဆနဲ့ ပတ်သက်တဲ့ အတိုက်အခိုက်၊ အသုံးအသပ်၊ ဝေဖန်မှုတွေ အများကြီး ကြုံခဲ့ရပေမယ့် ဒီပွဲတော်နဲ့ ဒီအယူအဆက မြန်မာ့မြေပေါ်က ပျောက်မသွားဘဲ ပိုလို့သာ ထင်ရှားခိုင်ခံ့နေတာကလည်း စိတ်ဝင်စားစရာပါ။ မြန်မာနိုင်ငံအနေနဲ့ ပဒေသရာဇ်တစ်ပိုင်း ကိုလိုနီတစ်ပိုင်း အခြေအနေမှာ ပဒေသရာဇ်ကိုနွယ်ပြီး တောင်ပြုံးကဲ့သို့သော ရိုးရာယုံကြည်မှုနဲ့ ပွဲတော် အခင်းအကျင်းက စရွေးကိုက် ဖြစ်နေပါတယ်။ တောင်ပြုံးမှာ ဘုရင်တွေ၊ မိဖုရားတွေ၊ မှူးကြီးမတ်ရာ စစ်သေနာပတိတွေ၊ လူပျိုတော်တွေ၊ အပျိုတော်တွေ၊ မင်းခမ်းမင်းနားတွေ၊ အဆောင်အယောင်တွေ၊ ထွက်စည်ဝင်စည်တွေ၊ ညီလာခံတွေ၊ ချိုးရေတော်သုံးတာတွေ စသဖြင့် စသဖြင့် ပဒေသရာဇ်ခေတ် ပုံစံအတိုင်း ခမ်းခမ်းနားနား ကျင်းပလေတော့ ဘုရင်မျှော်တဲ့ ကိုလိုနီခေတ် မြန်မာနိုင်ငံသူ၊ နိုင်ငံသားတိုင်းအဖို့ သည်းခြေကြိုက် ဖြစ်ခဲ့တာပေါ့။
လွတ်လပ်ရေးရပြီးနောက် တစ်ဖက်က အမှီအခိုကင်းပြီး အမျိုးသားနိုင်ငံရေး၊ စီးပွားရေး လွတ်လပ်လိုမှု ရည်ရွယ်ချက်နဲ့ သဘောထားချင်း ယှဉ်ပြိုင်ကြပြီး လက်နက်ဆွဲကိုင် တိုက်ခိုက်နေကြချိန် အာဏာရပါတီနဲ့ ၀န်ကြီးချုပ် အပါအ၀င် ခေါင်းဆောင်ကြီးတွေက ဆိုင်းသံ၊ ဗုံသံ တညံညံနဲ့ ဗလိနတ်စာ ကျွေးကြ၊ ကနားပေးကြ၊ တိုင်တည်ကြ၊ ဆုတောင်းကြ၊ ကျိန်စာတိုက်ကြ၊ ပသကြလေတော့ တောင်ပြုံးဟာ လုံခြုံရေးအစီအမံနည်းပါးတဲ့ နယ်စွန်နယ်ဖျား ရှိသည့်တိုင် တန်ခိုးထက်ခဲ့တယ်။ ဒါပေမယ့် ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့် ဆိုသလိုပါပဲ။ လက်နက်ကိုင် အဖွဲ့အစည်းလက်အောက် တဒင်္ဂကျရောက်တဲ့ အချိန်အခါမျိုးလည်း တောင်ပြုံးအဖို့ ကြုံရသေးပါတယ်။ ဒီအချိန်မှာတော့ နတ်ဒိုးသံ ဆိတ်တာပေါ့။ တစ်နှစ်ကများ မင်းကြီး၊ မင်းလေး ပုံတော်တွေ လက်နက်ကိုင်အဖွဲ့က ပြန်ပေးဆွဲသွားလို့ ပွဲတော် မကျင်းပရတဲ့နှစ်လည်း ရှိခဲ့ဖူးသတဲ့။ ဒါပေမယ့် စည်စည်ကားကား အုန်းအုန်းကျွတ်ကျွတ် ကျင်းပတဲ့အချိန် ကာလက အများကြီးပါ။
တကယ်တော့ တောင်ပြုံးပွဲတော်ဟာ ယုံကြည်ကိုးကွယ်မှုနဲ့အတူ ရိုးရာယဉ်ကျေးမှုကလည်း ဆတူပါဝင်နေတော့ ဒီအချက်နှစ်ချက်စလုံးကို မြန်မာတွေက အူလှိုက်သည်းလှိုက် နှစ်သက်ခဲ့ကြတယ်။ ထေရ၀ါဒ ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံမှာ မိရိုးဖလာ အစွဲအလမ်းဆိုတာကလည်း မွေးရာပါဗီဇလို ဖြစ်နေလေတော့ ဘယ်လိုပဲပြောကြ၊ ဟောကြ၊ ရေးကြ၊ သားကြပါစေ ဆွေစဉ်မျိုးဆက် အမွေကိုတော့ စွန့်လွှတ်နိုင်ကြဖို့ ခဲယဉ်းလှတယ်။ ဟောင်ကောင်ပြန်၊ စင်္ကာပူပြန်၊ ဘန်ကောက်ပြန် မြန်မာမက မြန်မာမှုထဘီနဲ့ ဆံပင်ကို လုံးဝစွန့်လွှတ် မေ့ပျောက်ချင် မေ့ပျောက်မယ်။ သူ့ဗြူတီပါလာ ဆိုင်ဖွင့်ပွဲ ဆိုင်းဘုတ်တင်တော့ ကန်တော့ပွဲ မမေ့မလျော့ ထိုးတာပါပဲ။ အင်္ဂလန်ပြန်၊ အမေရိကန်ပြန် အိုင်တီပညာရှင် မြန်မာကိုကိုကလည်း မြန်မာစာ၊ မြန်မာစကား တစ်နေ့နေလို့ တစ်လုံးရေးဖြစ် ပြောဖြစ်ချင်မှ ပြောဖြစ်မယ်။ သူ့အိုင်တီကုမ္ပဏီရုံးခန်း ဖွင့်ရမယ့် ရက်ကိုတော့ ဗေဒင်သွားမေးသေးတာပဲ။ လူကြီးသူမတွေ တကူးတက အချိန်ပေး လာရောက်ပြီး ဖဲကြိုးဖြတ်၊ ပူပေါင်းလွှတ် ဖွင့်လှစ်ပေးမယ့်အချိန် မိုးလွတ်အောင် ရုံးခန်းထဲ ဖယောင်းတိုင်တွေထွန်းပြီး ထီးဇောက်ထိုး ဖွင့်ထားသေးတာပဲ။ ပြောလက်စနဲ့ ပြောရဦးမယ်။ ဆယ်ကျော်သက် ဟစ်ဟော့ပ်အဖွဲ့တွေရဲ့ စတိတ်ရှိုးမှာလည်း ဆောင်းဘောက်ကြီးပေါ် အုန်းပွဲငှက်ပျောပွဲ ထိုးလို့။
တလောက ဂျာနယ်တစ်စောင်မှာ ဖတ်လိုက်ရတယ်။ ရန်ကုန်မြို့က နာမည်ကြီး ကနားစီးတစ်ဦး ပြောတာတဲ့။ နတ်ကို ကိုးကွယ်ပူးဇော်တာ မဟုတ်ပါဘူး။ ကိုးကွယ်ပူဇော်ဖို့က ရတနာသုံးပါး ရှိပါတယ်။ နတ်ကို ရိုးရာအနေနဲ့ ယုံကြည်ပသတာပါတဲ့။ ဒါဟာ ကောင်းတဲ့စကားပါ။ ကဲ... ထားပါတော့။
မြန်မာတွေ ရိုးရာအစွဲအလမ်းဖြစ်တဲ့ နတ်အပါအ၀င် ဗေဒင်၊ ယတြာကိန်းခန်းတွေ ကိစ္စကလည်း ဘယ်နေရာမှ လွှတ်ထားလို့မှ မရဘဲ။ မည်သို့ပင် လက်တွေ့သဘောမပါတဲ့ ရုပ်ဝတ္ထုမဟုတ်ဟု ဆိုစေကာမူ တစ်ချိန်က တိုင်းပြည်မှာ လူသန်းပေါင်းများစွာသော တိုင်းသူပြည်သားများ ဆန္ဒနဲ့ထပ်တူကျမျှ အရေးတကြီး လိုအပ်နေတဲ့ ငြိမ်းချမ်းရေးကိစ္စမှာ ဗေဒင်၊ ယတြာတွေ ပါဝင်ပတ်သက်ခဲ့တာ ဖတ်မှတ်ရဖူးပါတယ်။ ၁၉၅၀ ခုနှစ်ဆိုတာ ပြည်တွင်းစစ်မီးကြီး အရှိန်ကောင်းနေဆဲ ကာလပေါ့။ အဓိက ထိပ်တိုက်ရင်ဆိုင်နေတာ အာဏာရပါတီနဲ့ ကွန်မြူနစ်တွေပါပဲ။ အာဏာရပါတီက ခေါင်းဆောင်တွေ၊ ကွန်မြူနစ်ပါတီက ခေါင်းဆောင်တွေဆိုတာကလည်း နိုင်ငံလွတ်လပ်ရေးအတွက် အသက်ကိုစတေးပြီး ထောင်ကို အိမ်ရာအမှတ်နဲ့ လက်တွဲဆောင်ရွက်လာကြသူတွေပါ။ ဒီတော့လည်း စိတ်မချမ်းမြေ့ဖွယ် စစ်တလင်း ခင်းနေကြတာဟာ မတွေ့မကြုံ၊ မသိမကြား၊ မပေါင်းမသင်းဖူးတွေရဲ့ ညှိမရတဲ့ ပဋိပက္ခတွေလို့ တိုင်းသူပြည်သား အားလုံးက မယူဆကြပါဘူး။ ရဲဘော်ရဲဘက်ချင်း၊ လုပ်ဖော်ကိုင်ဖက်ချင်း ပန်းတိုင်အတူတူ သွားနည်းသွားဟန် ကွဲပြားကြလို့သာ ယာယီအဆင်မပြေမှုလို့ပဲ အားလုံးက သဘောပေါက်ကြတယ်။ ဒါကြောင့် တစ်ချိန်ချိန် သဘောထားချင်း ညီမျှ၊ အမြင်မှားတာတွေ သင်ပုန်းချေပြီး စိတ်ရင်းစေတနာ ကောင်းမှန်စွာနဲ့ လက်တွဲကြလိမ့်မယ်လို့ တစ်တိုင်းပြည်လုံးက မျှော်လင့်ကြတယ်။ လက်တွဲလည်း လက်တွဲစေချင်ကြတယ်။ သည်တော့လည်း မြန်မာလူမျိုးပီပီ ဗေဒင်၊ ယတြာကိန်းခန်း အလိုအရ ၁၉၅၀ ခု၊ ဇွန်လ ၂၈ ရက်၊ ၁၃၁၂ ခု ပထမ၀ါဆိုလဆန်း ၁၄ ရက် ဗုဒ္ဓဟူးနေ့မှာ မန္တလေးမြို့ထုတ် မြန်မာ့လမ်းစဉ်သတင်းစာက အခုလို ရေးသားခဲ့တယ်။
"ကွန်မြူနစ်ပါတီနှင့် ရွေးကောက်ပွဲ"
ဒုတိယ၀ါဆိုလဆန်း ၁၄ ရက်က မလွန်မီ ကွန်မြူနစ်ခေါင်းဆောင်ကြီးများ အမြင်မှန်ရကြ၍ ရွေးကောက်ပွဲတွင် ၀င်အရွေးခံကြဖွယ်ရှိခြင်း.....။ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သခင်သန်းထွန်း၊ သခင်တင်ထွန်းနဲ့ သခင်ဖေတင့်တို့ရဲ့ ဇာတာခွင်တွေကို ဖော်ပြထားပြီး ဇာတာခွင်တွေ အလိုအရ တွက်ချက်ကာ ".... အကြမ်းနည်းမှ အနုနည်းသို့ ပြောင်းလဲကာ ဒီမိုကရေစီ စည်းဝိုင်းအတွင်းသို့ ပြန်ဝင်လျက် လာမည့်ရွေးကောက်ပွဲတွင် ၀င်ရောက် အရွေးခံဖွယ်ရာ ရှိပေသည်။ ၀န်ကြီးချုပ်ကလည်း ဖြူ၊ နီ၊ ကြောင်ကျားတို့အား ဒီမိုကရေစီ စည်းဝိုင်းအတွင်းသို့ ပြန်ဝင်ကြပြီး မိမိတို့နှစ်သက်ရာ ၀ါဒကို ထူထောင်နိုင်သည်ဟု အတိအလင်း မြွက်ဟထားခဲ့ပေရာ သခင်သန်းထွန်း ကြီးမှူးသော ကွန်မြူနစ်ပါတီသည် အကြမ်းနည်းများကို စွန့်ပစ်ကြလျက် ဒီမိုကရေစီ စည်းဝိုင်းအတွင်းမှနေ၍ ရွေးကောက်ပွဲကို ၀င်ရောက်ကြပါလျှင် ကောဇာကြာသပတေးဂြိုဟ်ကြီးသည် ကွန်မြူနစ်ပါတီအား ထူးခြားသော အခွင့်အရေးများကို ပေးနိုင်လိမ့်မည်ဟု ဗေဒင်နည်းဖြင့် ယူဆနိုင်လေသည်" လို့ ရေးသားထားတာ ဖတ်ရတယ်။ ဆက်ပြီး အဲဒီ ၁၃၁၂ ခု၊ တူရာသီ သီတင်းကျွတ်လဟာ မြန်မာ့နိုင်ငံရေး ကံကြမ္မာကို ဖန်တီးမည့်လလို့လည်း ဆက်လက် ဟောကိန်းထုတ်ထားတယ်။
ဘာပဲပြောပြော ဒီနှစ်က ၁၃၇၂ ခုပါ။ ဒီဟောကိန်း ထုတ်ခဲ့တာ ခုဆိုရင် နှစ်ပေါင်း ခြောက်ဆယ်တင်းတင်း ပြည့်ပါပြီ။ ဟောကိန်းမှန်ခြင်း၊ မှားခြင်း ကိစ္စကလည်း ဖြစ်ပျက်ခဲ့ပြီးပြီမို့ ပြောစရာမလိုတော့ပါဘူး။ တကယ်တော့ ရုပ်ဝါဒီ ကွန်မြူနစ်ခေါင်းဆောင်ကြီး သုံးဦးနဲ့ အာဏာရ အစိုးရအဖွဲ့အစည်း အဆင်ပြေကြပြီး တိုင်းပြည်ကြီး ငြိမ်းချမ်းစေချင်တာ ပြည်သူပြည်သားတိုင်းရဲ့ ဆန္ဒအစစ်အမှန်မို့ ဗေဒင်ကိန်းခန်းဆိုတဲ့ မြက်တစ်ပင်ကို ဆွဲမိဆွဲရာ ဆွဲတဲ့သဘောပါပဲ။
ကိုင်း... ခုလည်း တောင်ပြုံးပွဲတော်မှာ အရှင်နှစ်ပါးဆီ ဆုတောင်းကြဦးစို့။
No comments:
Post a Comment