Wednesday, August 11, 2010

စေတနာလေးများ ထားစေချင် - ဆူဒိုနင်


atkfo.jpg
အခုတလော ဂျာနယ်တွေမှာ လူအတော်များများ ရေးလို့ကောင်းနေကြတဲ့ စာလုံးတစ်လုံးအကြောင်းကို မနေနိုင် မထိုင်နိုင် ပြောချင်လာရပါတယ်။

တခြားတော့ မဟုတ်ပါဘူး။ "အီလစ်"ဆိုတာကြီးပါပဲ။  ပြောချင်ဆို အဲဒီ အသံထွက်က သွက်သွက်ခါအောင် မှားနေတာကိုးခင်ဗျ။ ဟိုလူကလည်း အီလစ်၊ သည်လူကလည်း အီလစ်နဲ့၊ တအီတည်း အီ၊ တစ်လစ် တည်း လစ်နေကြတာမို့ ငါများ မှားနေသလားဆိုတဲ့ အတွေးနဲ့ ကျွန်တော့်ခမျာလေးမှာလည်း ရှိရှိသမျှ အဘိဓာန်ပေါင်းစုံက သဒ္ဒဗေဒတွေကို မွှေနှောက်ကြည့်ရသေးတဲ့အပြင် ကွန်ပျူတာနဲ့ ကြည့်ရတဲ့ အဘိဓာန် သုံးမျိုးနဲ့လည်း ကွန်ပျူတာကို အသံထွက်ခိုင်းပြီး နားဆင်ကြည့်လိုက်မိရ ပြန်ပါသေးတယ်။

ဘယ်အဘိဓာန်ရဲ့ သဒ္ဒဗေဒ၊ ဘယ်အဘိဓာန်က ထွက်ပြတဲ့ အသံမှ မအီလည်း မအီသလို မလစ်လည်း မလစ်တာ တွေ့တော့မှ သည်စာကို ရဲရဲကြီး ချရေးမိရတော့တာပါပဲ။

အခု အီလစ်လို့ အသံထွက်နေကြပုံက တစ်ခေတ်တစ်ခါက နာမည်ကျော်ခဲ့တဲ့ ဇာတ်လိုက်မင်းသမီးကြီးကို "အဲလစ်ဇဘက် တေလာ"လို့ အသံထွက်ပုံနဲ့ ခပ်ဆင်ဆင်လို့ ပြောနိုင်ပါတယ်။ ဘယ်အင်္ဂလိပ်စကား ပြောသူကမှ အဲဒီမင်းသမီးကြီးကို "အဲလစ်ဇဘက်"လို့ မခေါ်သလို လတ်တလော ဗြိတိသျှဘုရင်မကြီးကိုလည်းပဲ "အဲလစ်ဇဘက် ဘုရင်မကြီး" [ခွီး(န်) အဲလစ် ဇဘက်]လို့ မခေါ်ပါဘူးခင်ဗျား။

သို့ပေမယ့် ဘယ်ရွှေဉာဏ်ရှင်က စတင်ပြီး အသံဖလှယ်လိုက်သလဲတော့ မသိဘူး။ မင်းသမီးကြီးရော ဘုရင်မကြီးပါ ရွှေတို့ပါးစပ်ထဲ ရောက်တော့မှ မူလနာမည်မှာ "အဲ" မပါဘဲ တအဲအဲနဲ့ အခေါ်ခံနေကြရ ရှာလေတော့တယ်။ [သူတို့ကလည်း မြန်မာကို "မိုင်အဲ(န်)မား" တို့၊ သန်းကျော်ကို "သှယ်(န်)ခိုင်အော်" တို့ ဖတ်ကြတော့ ကျေရောပေါ့လို့ တွေးမယ်ဆိုလည်း တွေးနိုင်ပါတယ်နော့။] အမယ်… တချို့က မအဲဘဲ အယ်ပြီးတော့ "အယ်လစ်ဇဘက်"လို့ လုပ်တာရှိသေးတယ်။

တကယ်တော့ ဘယ်ဘာသာစကားမှာဖြစ်ဖြစ် အသံနေအသံထား၊ အသံ အဖိ အဖော့ဆိုတာ ရှိပါတယ်။ မြန်မာလိုဆိုရင်ဖြင့် ဂရုသံ၊ လဟုသံ စသဖြင့်ပေါ့ခင်ဗျာ။ ဆိုကြပါစို့… "ဓန" ဆိုတဲ့ မြန်မာဝေါဟာရကို ဖတ်ရာမှာ နောက်က နငယ်သံကိုသာ ဖိပြီး ဖတ်ကြပါတယ်။ ဘယ်သူကမှ ပထမ အက္ခရာ ဓအောက်ချိုက် အသံကို ဖိမဖတ်ပါဘူး။ ဓအောက်ချိုက်သံကိုသာ ဖိဖတ်ရင် /ဒါ့နာ့/ လို့သာ ဖြစ်သွားမှာမို့ ဘယ်မြန်မာမှလည်း "ဓန"ကို ပြောနေမှန်း မသိနိုင်ပါဘူး။

ရထားဆိုလည်း သံမှန်က ဒုတိယစာလုံး "ထား"ကိုသာ ဖိဖတ်ပါတယ်။ ဒါပေမယ့် မွန်တလိုင်းသံဝဲတဲ့ အောက်ပြည်အောက်ရွာ မော်လမြိုင်နယ်ကလူတွေ ဖတ်ရင်တော့ ရထားကို /ယာ့ထား/ လို့ ဖတ်ကြတာ အကြားရများပါတယ်။ သူတို့က ရှေ့ဆုံးက ရကောက်ကို ဖိပြီး ဖတ်တတ်ကြတာကိုး။ သံလျင်ကို တညင်လို့ ဖတ်တဲ့အခါမှာလည်း ဒုတိယစကားလုံး "ညင်" ကိုသာ ဖိဖတ်တာမို့ /တညင်/ လို့ အသံထွက်ပါတယ်။ ပထမစကားလုံးဖြစ်တဲ့ တဝမ်းပူကိုသာ ဖိဖတ်ရင်တော့ သံလျင်ခမျာမှာလည်းပဲ /တာ့ညင်/ ဖြစ်သွားပါလိမ့်မယ်။ အဲသလိုသာ ဖတ်လို့ကတော့ ဘယ်မြန်မာကမှလည်း သန်လျင်ကို ပြောနေမှန်း ရိပ်စားမိတော့မှာကို မဟုတ်တော့ပြန်ဘူး။

Elizabeth ဆိုတာလည်း ရေးတော့သာ ရှေ့ဆုံးမှာ "အီး" ရှိနေတာ၊ အသံထွက်ရာမှာ ဖိရမယ့် အသံကကျတော့ "လစ်(ဇ်)"မှာ ကျရောက်တာမို့  မင်းသမီးကြီးကို ချစ်စနိုးနဲ့ "လစ်(ဇ်) တေလာ"လို့သာ အဲဒီခေတ်က စာနယ်ဇင်းတွေမှာ ရည်ညွှန်းခဲ့ကြပါတယ်။ ဘယ်သူကမှ "အဲ" တေလာလို့ မရည်ညွှန်းခဲ့တာလည်း အထင်အရှားပါပဲ။

အဲတော့ Elizabeth ရဲ့ တကယ့်အသံထွက်အမှန်က "အလစ်ဇဘက်(သ်)" သာ ဖြစ်ပါတယ်။ အဲဒီ့ "အလစ်"ကို ဖတ်ရာမှာ အလစ်ချောင်းတာ၊ အလစ်သုတ်တာတို့ကို ဖတ်သလိုပဲ /အလစ်/ လို့သာ ဖတ်ရမှာ ဖြစ်ပါတယ်။

အခုတော့ ဘယ်ရွှေဉာဏ်ရှင့် လက်ချက်လဲတော့ မသိဘူး။ အဲဒီ့ လစ်(ဇ်)များ ခမျာမယ် ရွှေတွေပါးစပ်ထဲမှာ တအဲလစ်တည်း အအဲလစ်ခံ နေကြရရှာပါတော့တယ်။ ကျွန်တော်ပေါင်းသလို အလစ်ဇဘက်(သ်)လို့ မပေါင်းချင်ဦးတောင် အနည်းဆုံး "အလစ်ဇဘက်"လောက် လုပ်ရင်ကို တော်တော်လေး နီးစပ်နိုင်ပါလျက်ကနဲ့ ဘယ်လို စေတနာကန်းမှုမျိုးနဲ့ "အဲ" ချလိုက်ကြမှန်းလည်း တွေးမရနိုင်ပါဘူး။

အခုလည်း လုပ်နေကြပြန်ပြီ။ အီလစ်တဲ့။ အဲဒါလည်း စာလုံးပေါင်းက elite ပါ၊ élite လို့လည်း တချို့က ပေါင်းပါတယ်။ ဘယ်လိုပဲပေါင်းပေါင်း သူလည်း အလစ်ဇဘက်(သ်)လိုပဲ ပထမဆုံးက "အီး" သံကို လဟုသံ (သံဖော့) ထားပြီး ဖတ်ရတဲ့ ဝေါဟာရ ဖြစ်ပါတယ်။ နောက်က lite ကိုပဲ ဂရုသံ (သံပြင်း)နဲ့ ဖတ်ရပါတယ်။ ဒါကြောင့် "အီလစ်"ဆိုတဲ့ အသံထွက်မှာ "အီ"ဆိုတာ ပထမ အလွဲပါ။

ဒုတိယအလွဲက lite ကို သည်ဝေါဟာရအတွက် အသံထွက်ပုံပါ။ အဲဒီ့ဝေါဟာရက သူ့ချည်းဆိုရင် light နဲ့ အသံထွက်ချင်း တူတဲ့ /လိုက်(ထ်)/ ပါ။ ဒါပေမယ့် élite မှာတော့ အဲသလို မထွက်တော့ပါဘူး။  /လိ(ထ်)/ လို့သာ ထွက်ပါတော့တယ်။ လစ်(ထ်) (lit) မဟုတ်တာတော့ အင်မတန် သေချာပါတယ်။

ဒါ့ကြောင့် elite ကို အသံထွက်ချင်ရင် /အလိ(ထ်)/ လို့ အသံထွက်မှ မှန်ပါလိမ့်မယ်။ ဒါမှမဟုတ် élite လို့ ရေးထားတာမို့ ပြင်သစ်ဆန်ဆန်လေး အသံထွက်မယ် ဆိုရင်တော့ /အေလိ(ထ်)/ လို့ ထွက်ရမှာပါ။ ဝေါဟာရသမိုင်း (နိရုတ္တိ) အရဆိုလည်း အမှန်စင်စစ် အဲဒီ elite ဟာ ပြင်သစ် ဝေါဟာရ élite က လာတာဖြစ်ပါတယ်။ တကယ့်မူရင်း ရှေးဟောင်း ပြင်သစ်စကားလုံးက eslit ဖြစ်ပြီး eslire (ရွေးချယ်သည်)ဆိုတဲ့ ကြိယာရဲ့  past participle ပုံစံ ဖြစ်ပါတယ်။ တကယ့်ဇာစ်မြစ်ကတော့ လက်တင် ဝေါဟာရ eligere ဖြစ်ပါတယ်။

အဲ… နောက်တစ်ခုက အဲဒီ အလိ(ထ်)ဟာ အခု လူအတော်များများ ဇန်းတင် သုံးစွဲနေတဲ့ "ရေပေါ်ဆီ" ဆိုသော အနက်အပြင် တခြားအနက်တွေလည်း များစွာရှိပါသေးတယ်။ အများစုက မနှစ်မြို့တဲ့ အနက်နဲ့ သုံးပေမယ့် အဲဒီ အလိ(ထ်)ဆိုတဲ့ ဝေါဟာရကို အကောင်းဘက်ကလည်း အများကြီး သုံးလို့ရတာကို အင်္ဂလိပ်စာ လေ့လာ လိုက်စားနေတဲ့ လူငယ်လေးတွေ သိထားသင့်တယ်လို့ ယူဆမိပါတယ်။

အလိ(ထ်)ကို Merriam-Webster Collegiate  အဘိဓာန်က အောက်ပါအတိုင်း အနက်ပွားငါးမျိုး ခွဲပေးထားပါတယ်။ (သူက အပြည့်စုံဆုံး ဖွင့်ဆိုပေးထားတာ ဖြစ်တဲ့အပြင် ခေတ်အမီဆုံး အဘိဓာန်ဖြစ်တဲ့အတွက် သည်အဘိဓာန်ကို ကိုးကားခြင်းဖြစ်ပါတယ်။)

(a) the choice part : CREAM
ဒါက အခု အီလစ်၊ အီလစ်နဲ့ အီပြနေကြသူ လူအတော်များများ ပြောတဲ့ "လူ့မလိုင်" ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ သို့သော် မနှစ်မြို့တဲ့ လေသံနဲ့ ခေါ်တာ မဟုတ်ကြောင်းကို အဲဒီအဘိဓာန်ရဲ့ အဲဒီ ပထမဖွင့်ဆိုချက်မှာပါတဲ့ ဥပမာက ထင်ရှားစေပါတယ်။ သူပေးထားတဲ့ ဥပမာက the elite of the entertainment world  ဖြစ်ပါတယ်။  "ဖျော်ဖြေရေး လောကရဲ့ ထိပ်ဆုံးတန်းက လူတွေ" လို့ပဲ ဘာသာပြန်ရမှာပါ။ အပေါ်လွှာတို့၊ ရေပေါ်ဆီတို့ သုံးလိုက်ရင် အောက်ကလိအာသံ ထွက်သွားပါလိမ့်မယ်။ ဒုတိယအနက်ကို အဲဒီအဘိဓာန်က သည်လို ဆက်ဖွင့်ထားပြန်ပါတယ်။

(b) the best of a class
သည်မှာကျတော့ လူတန်းစားတစ်ရပ်ရဲ့ အချွန်ဆုံးလူတွေကို အလိ(ထ်)လို့ သတ်မှတ်ကြောင်း ဖွင့်ဆိုထားပါတယ်။ နမူနာကိုတော့ superachievers who dominate the computer elite လို့ ပေးထားပါတယ်။ အဲဒီ့ နမူနာကို အဘိဓာန်က ပေးတာမဟုတ်ပါဘူး။ ဝေါ(လ်)စထြိ ဂျာနယ်ရဲ့ လျှမ်းလျှမ်းတောက် သတင်းထောက် စာရေးဆရာမ မယ်ရလင်(န်) ချေ့(ဇ်)ရဲ့ သတင်းဆောင်းပါးတစ်ပုဒ်ထဲက ဝါကျပျက်တစ်ခုကို နမူနာ ထုတ်ထားတာပါ။ မြန်မာလို ပြန်ဆိုရင် "ကွန်ပျူတာလောကက အချွန်ဆုံးတွေကို လွှမ်းမိုးထားတဲ့ ထိပ်တန်းက အောင်မြင်မှုရနေသူများ" လို့သာ ဖြစ်ပါလိမ့်မယ်။ သည်မှာလည်း အောက်ကလိအာသံ လုံးဝ မပါတာကို ဆင်ခြင်သင့်ပါတယ်။

(c) the socially superior part of society
ဒါကတော့ အထက်တန်းလွှာကို ဆိုလိုတာပါ။ ဒါကိုလည်း အေပီ သတင်းဌာနက သုံးခဲ့တဲ့ ဝါကျပျက်နဲ့ပဲ နမူနာပေးထားပြန်ပါတယ်။ how the elite live တဲ့။ ဂုဏ်အရ၊ ပညာအရ၊ ကြွယ်ဝမှုအရ ထိပ်ပိုင်းမှာ ရှိနေသူတွေကို ခြုံပြီး ပြောတာပါပဲ။ နောက်နမူနာ တစ်ခုကကျပြန်တော့  အီခနားမစ်(စ်)(ထ်) သတင်းဂျာနယ်ထဲက ကိုးကားထားတာပါ။ how the French-speaking elite was changing  လို့ ပေးထားပါတယ်။ "ပြင်သစ် စကားပြောတဲ့ အထက်တန်းလွှာက ပုဂ္ဂိုလ်တွေ ပြောင်းလဲနေပုံ" လို့ ဘာသာပြန်ရင် ဆီလျော်ပါလိမ့်မယ်။

(d) a group of persons who by virtue of position or education exercise much power or influence
ရာထူးအရဖြစ်စေ၊ ပညာတတ်လို့ပဲဖြစ်စေ ဩဇာလွှမ်းမိုးမှု ဒါမှမဟုတ် အစွမ်းတွေ လွှတ်ပြတတ်တဲ့ လူတစ်စုကို အလိ(ထ်)လို့ ခေါ်နိုင်ကြောင်း ဖွင့်ဆိုချက်ပါ။ နမူနာအဖြစ် အဘိဓာန်က ပေးထားတဲ့ စကားစု နှစ်စုကတော့  members of the ruling elite  (အုပ်ချုပ်ရေးမှာ ဩဇာရှိတဲ့ သူများ) နဲ့   the intellectual elites of the country  (နိုင်ငံရဲ့ ဩဇာရှိ ပညာတတ်များ) ဖြစ်ပါတယ်။

(e) a member of such an elite
ဒါကတော့ အထက်က လူတန်းစားတစ်ရပ်ထဲမှာ ပါဝင်နေသူ တစ်ဦးတစ်ယောက်ကို ဧကဝုစ်အနေနဲ့ သုံးကြောင်း ခွဲပြထားတာပါ။

၁၉၇၄ခုနှစ်ထုတ် Oxford Advanced Learner's Dictionary, 3rd Edition ကို အခြေခံထားတဲ့ မြန်မာစာအဖွဲ့ရဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန်မှာတော့ နှိမ့်ချပြောဆိုတဲ့ (derogatory) အနက်များကိုသာ ဖွင့်ဆိုပေးထားတာ တွေ့ရပါတယ်။ သူ့ထက်ခေတ်မီတဲ့ တခြား Oxford အဘိဓာန်များမှာတော့ ကောင်းတဲ့ဘက်ကသုံးတဲ့ ဖွင့်ဆိုချက်များကိုပါ ထည့်သွင်းထားတာ တွေ့ရပါတယ်။

သည်လောက်ဆိုရင် တချို့တွေ ကွက်ပြီးပြောနေတဲ့ "လူ့မလိုင်၊ ရေပေါ်ဆီ"ဆိုတဲ့ အဓိပ္ပာယ် တစ်မျိုးတည်းသာမကဘဲ အပြုသဘောဆောင်တဲ့ အသုံးအနှုန်းနဲ့လည်း အလိ(ထ်) သို့မဟုတ် အေလိ(ထ်)ဆိုတဲ့ ဝေါဟာရကို သုံးနိုင်ကြောင်း အများသိလောက်ပြီလို့ မျှော်လင့်နေမိရပါတယ်။

ရှင်သန်နေတဲ့ ဘာသာစကားမှန်သမျှဟာ ကာလရွေ့လျောတာနဲ့အညီ အနက်သဘောတွေ ပြောင်းလဲနေတတ်ပါတယ်။ အခြောက်ဆိုတဲ့ ဝေါဟာရဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်က တခြားအနက်နဲ့ တွင်ကျယ်ခဲ့တာပါ။ အခုကျတော့ မိန်းမလျာကို ပြောတာဖြစ်သွားပါပြီ။ အလားတူပဲ ဂန်ဒူးဆိုတဲ့ ဝေါဟာရကို မကြားရတာ အတော်ကြာနေပြီလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်စကားမှာလည်း gay ဆိုတာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်က ပျော်ရွှင်မြူးကြွသော ဆိုတဲ့အနက်နဲ့ သုံးခဲ့ပေမယ့် အခုကာလမှာတော့ မိန်းမလျာကို ဆိုလိုတာမို့ ဘယ်အင်္ဂလိပ်ကမှ မူရင်းအနက်မျိုးနဲ့ မသုံးတော့တာလည်း အမှန်ပါ။

အလိ(ထ်)ကလည်း ကာလရွေ့လျောလာတဲ့အခါ တစ်ဖက်သားကို နှိမ်ချတဲ့ အသုံးအနှုန်းကနေ တဖြည်းဖြည်း ပြောင်းလဲနေပြီဆိုတာ အထက်က ဖွင့်ဆိုချက်များအရ ထင်ရှားလို့နေပါတယ်။

အမှားသိပ်ကြာလာတဲ့အခါ အမှန်ဖြစ်သွားမှာစိုးလို့ မနေနိုင်မထိုင်နိုင် ပြောမိတာပါ။

သည်တစ်လုံးတည်းတောင် မဟုတ်ပါဘူး။ တစ်နေ့က ဂျာနယ်တစ်စောင်မှာ ဝါရင့်၊ သမ္ဘာရင့်၊ အသက်ရင့် ပုဂ္ဂိုလ်တစ်ဦးက မဟုတ်တမ်းတရား မြန်မာသံဖလှယ်ပြီး ရေးထားတာတွေ့လိုက်ရပါသေးတယ်။

အဲဒါကျတော့ ကျွန်တော် အင်္ဂလိပ်စာ ကောင်းကောင်းမတတ်ခင် ကလေးဘဝကတည်းက မြန်မာလို အသံထွက်မှန်နဲ့ ဖတ်ခဲ့ဖူးပြီး အင်္ဂလိပ်စကားမှန်းတောင် မသိခဲ့ပါဘူး။ မြန်မာစကားလို့တောင် ထင်ခဲ့မိပါတယ်။ နောက်ပိုင်း စာအဖတ်အရှု များလာတော့မှသာ အင်္ဂလိပ်စကားမှန်း၊ အလိ(ထ်)လိုပဲ ပြင်သစ်ဘာသာစကားက ဆင်းသက်လာတဲ့ ဝေါဟာရမှန်း သိလိုက်တာပါ။

အဲဒါကတော့ "ကလီရှေး" ဆိုတာပါပဲ။ အင်္ဂလိပ်လို cliché လို့ စာလုံးပေါင်းပါတယ်။ ဒါကိုကျ ရှေးကတည်းက အသံဖလှယ်ထားပုံက မှန်နေပါတယ်။ တကယ့် အသံထွက်ကိုက "ကလီရှေး" ဖြစ်ပါတယ်။ အဓိပ္ပာယ်ကတော့ "သုံးဖန်များလွန်းလို့ ဖန်တစ်ရာတေနေတဲ့ လက်သုံးစကား" ဖြစ်ပါတယ်။ ဆိုကြပါစို့… "မိန်းမ မာယာ သည်းကိုးဖြာ" ဆိုတဲ့ စကားမျိုးဟာ ကလီရှေး ဖြစ်သွားပါပြီ။

ဒါကိုပဲ ဟိုတစ်နေ့က ဂျာနယ်တစ်စောင်မှာ အထက်က ပြောခဲ့တဲ့ ပုဂ္ဂိုလ်ကျော်တစ်ဦးက "ကလီချေ"ဆိုပြီး ထလုပ်လိုက်တာ တွေ့ရတဲ့အခါ ကျွန်တော့်မှာ မျက်လုံးပြူးသွားရပါတယ်။

လူငယ်တွေအပေါ် စေတနာ ကန်းတာပဲလား၊ ထွင်ချင်စိတ် လွန်ကဲသွားပြီး ပမာဒလေခ သွားတာပဲလားတော့ သူကိုယ်တိုင်မှပဲ သိပါလိမ့်မယ်။

အင်္ဂလိပ်စကားလုံးတွေကို ထင်သလို အသံထွက်ပြရအောင် ကျွန်တော်တို့အတွက် မိခင်ဘာသာစကား မဟုတ်တာကို လူတိုင်း သတိထားသင့်ကြပါတယ်။ အထူးသဖြင့် စာမျက်နှာပေါ်မှာဖြစ်စေ၊ အများမြင်သာတဲ့ မီဒီယာတစ်ခုခုကဖြစ်စေ ပြောဆိုရေးသား သုံးနှုန်းကြတဲ့အခါ လူငယ်လေးတွေ အမှတ်မမှားစေချင်တဲ့ အနိမ့်ပါးဆုံး စေတနာလေးလောက်တော့ မီဒီယာကို သုံးနေသူအားလုံး ရှိထားသင့်တယ်လို့ ယူဆမိပါတယ်ခင်ဗျား။
အားလုံးတွေးဆ ဆင်ခြင်ကြည့်နိုင်ကြပါစေ
ဆူဒိုနင်
(ရန်ကုန် – ဝ၃၀၇၁၀)

အဓိက ကိုးကားတဲ့ အဘိဓာန်စာရင်း
  1. Merriam-Webster Collegiate Dictionary, 11th Edition (Both Hard and Soft Copies of Version 3.1)
  2. Cambridge Advanced Learner's Dictionary, 3rd Edition  (Both Hard and Soft Copies)
  3. ပြည်ထောင်စုမြန်မာနိုင်ငံတော် ပြန်ကြာရေးဝန်ကြီးဌာန၊ မြန်မာစာ အဖွဲ့က ထုတ်ဝေတဲ့ အင်္ဂလိပ်-မြန်မာ အဘိဓာန် (Both Hard and Soft Copies)
  4. The Shorter Oxford English Dictionary on Historical Principles, Third Edition
  5. Oxford Advanced Learner's Dictionary, Encyclopedic Edition
အထက်ပါဆောင်းပါးကို ဒီနေရာက ရယူပါတယ်။

---------------------------------------------------------------------------------------------------------------------

ကျွန်တော်ကိုဉာဏ် ပြောချင်တာလေးတွေ
အွန်လိုင်းက မိတ်ဆွေတစ်ယောက်က သတိတရနဲ့ လင့်ခ်ပေးပြီး ဖတ်ခိုင်းတဲ့ စာတစ်ပုဒ်ပါ။ အဲဒီနေ့က သူလင့်ခ်ပေးပေမယ့် ဘယ်လိုမှကို ကျော်လို့ခွလို့ မရတာမို့ ဖတ်လို့မရဘူးဖြစ်နေတယ်။ အဲဒါကြောင့် အဆိုပါမိတ်ဆွေကပဲ အဲဒီစာကိုကူးပြီး အီးမေးလ်ကနေ ပို့ပေးပါတယ်။ အားပါးတရ ဖတ်လိုက်တယ်ဆိုပါတော့။ ဆရာဆူဒိုနင် ရေးထားတာတွေကို မှားတယ်၊ မှန်တယ်ပြောစရာအကြောင်း မရှိပါဘူး။ မှားနေတာတွေကို သူက အမှန်ဖြစ်အောင် ပြင်ပေးထားတာ ဖြစ်ပါတယ်။ လူငယ်တွေအတွက် သူ့စေတနာလို့ နားလည်ပါတယ်။ မန္တလေးအက်ဖ်အမ်မှာလည်း အတ္တကျော်အမည်နဲ့ လူငယ်တွေအတွက် အမေးအဖြေ လုပ်ပေးနေတာကို အမြဲမဟုတ်ပေမယ့် အကြောင်းတိုက်ဆိုင်တိုင်း တလေးတစား နားထောင်ဖြစ်ပါတယ်။ စကားပြောကောင်းသူ ဖြစ်တယ်လို့ ပြောနိုင်တာမို့ စာရေးကောင်းမယ်ဆိုတာလည်း ပြောစရာလိုမယ် မထင်ပါဘူး။ ထားပါတော့လေ။ ဆိုင်တာ မဆိုင်တာ မသိပေမယ့် သူ့စာကိုဖတ်ပြီးတဲ့အချိန်မှာ ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါးတွေကို ရည်ညွှန်းနေတာပဲဆိုတာကို ချက်ချင်းသိပါတယ်။ ကျွန်တော်အမြဲဖတ်နေတဲ့ စာတွေဖြစ်နေတာမို့ပါ။ အဲဒီမှာ ပြောစရာတစ်ခု ရှိလာပါတယ်။ တချို့အရာတွေမှာ အသံထွက်တွေ၊ စကားလုံးတွေထက် သူ့ရဲ့အဓိပ္ပါယ်က ပိုအရေးကြီးတယ်လို့ ထင်မိလို့ပါ။ အသံထွက်မမှန်ပေမယ့် ဘာကိုဆိုလိုတယ်၊ ဘာကိုပြောချင်တယ်ဆိုတာက ပိုများအရေးကြီးသလားလို့ တွေးမိတယ်။ ကျွန်တော့်အတွေးပါနော်။ ဆရာဆူဒိုနင်က အီလစ်လို့ခေါ်တာ၊ ကလီချေလို့ အသံထွက်တာကို မကြိုက်ဘူး။ မှားနေတာကိုး။ ဟုတ်ပြီ..... အဲဒါကို လက်ခံပါတယ်။ ဒါဆိုရင် ဆရာရေးထားတဲ့အထဲမှာပါတဲ့ အင်္ဂလိပ်စကားဆိုတာ ဘာကိုပြောတာလဲ။ အင်္ဂလိပ်ဆိုတာ ဘာကိုပြောတာတုန်း။ ဘယ်စကားလုံးကို အင်္ဂလိပ်လို့ အသံထွက်တာတုန်း ဆရာရဲ့။ ကျွန်တော်မသိလို့ ပြန်မေးတာပါ။ နောက်တစ်ခုက ပြင်သစ်စကားလုံးတဲ့။ ပြင်သစ်ဆိုတာ ဘာကိုပြောတာတုန်း ဆရာရဲ့။ ဆရာ့လေသံနဲ့ ပြောရရင်တော့ ရွှေတွေပါးစပ်ကပဲ ပြင်သစ်လို့ ခေါ်ပါတယ်ဆရာ။ ကမ္ဘာပေါ်က ဘယ်လူမျိုး၊ ဘယ်နိုင်ငံကမှ France ကို ပြင်သစ်လို့ခေါ်တာ ကျွန်တော်မကြားဖူးဘူး ဆရာ။ အမှန်ကိုပြင်မယ့်အတူတူ ဆရာရယ် ပြင်သစ်လို့ မသုံးနှုန်းဘဲ အသံတစ်ခုခုကို ဖလှယ်လိုက်ရောပေါ့ဗျာ။ အခုတော့ အီလစ်တို့၊ ကလီချေတို့ကို အသံထွက်မမှန်ဘူးဆိုပြီး အင်္ဂလိပ်တို့၊ ပြင်သစ်တို့ကျတော့ အသံထွက်မှန်တယ်ဆိုပြီး သုံးနေတာလားဗျ။ ရှိသေးတယ် တရုတ်တို့၊ ရောမတို့ စတဲ့စကားလုံးတွေကိုလည်း ပြင်ပေးပါဦးဆရာရေ။ ကဲပါ... ဆရာရေ၊ ကျွန်တော့်လို ဘာမဟုတ်တဲ့ လူတစ်ယောက်က ဆရာရေးထားတာကို ဝေဖန်တဲ့အတွက် စိတ်တိုဒေါသထွက်လွယ်တဲ့ ဆရာ့အနေနဲ့ ဒေါသထွက် စိတ်တိုမယ်ဆိုလည်း ရှိပါစေဆရာ၊ မှတ်ချက်ရေးပြီး ဖြေရှင်းမယ်ဆိုလည်း ကြိုဆိုပါတယ်ဆရာ။ ကျွန်တော်မှားနေရင်လည်း ရှင်းပြပါဆရာ၊ ပြင်ပေးပါဆရာ။ ကျွန်တော်က အသက်အားဖြင့်၊ ၀ါအားဖြင့်၊ ပညာအားဖြင့် ဆရာ့ထက် အများကြီးငယ်ပါတယ်။ မှားနေရင် ပြင်ဖို့အသင့်ပါဆရာ။ အခုလို ရေးရတာကလည်း ဆရာ့အနေနဲ့ အနှစ်သာရထက် အသွင်ကို ပိုပြီး ဦးစားပေးနေတယ်လို့ ထင်လို့ပါ။ ဆရာ့သားနဲ့ သမီးက ဆရာ့ကို ပါးပါးပဲခေါ်ခေါ်၊ ဒယ်ဒီပဲခေါ်ခေါ်၊ ဖေဖေပဲခေါ်ခေါ်၊ အဖေပဲခေါ်ခေါ်၊ ဖားသားပဲခေါ်ခေါ်၊ ဘိုးတော်ပဲခေါ်ခေါ် အဓိပ္ပါယ်က အတူတူပဲ မဟုတ်လားဆရာ။ ယဉ်ကျေးမှုတို့၊ ဘာတို့တော့ ရှိတာပေါ့ဆရာရယ်။ အဲဒါတွေ မပါကြေးပေါ့။ ကျွန်တော်တို့ ပြောနေတာက ယဉ်ကျေးမှုအကြောင်း မဟုတ်ဘူးလေ။ ဆရာ့ကို ရေခင်းမပြရဲပါဘူး။ ဆရာနားလည်မှာပါ။ အသုံးအနှုန်း၊ အပြောအဆိုတွေ ရိုင်းသွားခဲ့ရင် တောင်းပန်ပါတယ် ဆရာဆူဒိုနင်ရေ။ လေးစားလျက်ပါ။ အားပေးလျက်ပါ။
အမှတ်တရ
ကိုဉာဏ် (ပန်းလောင်မြေ)
၂၀၁၀ ပြည့်နှစ်၊ သြဂုတ်လ ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။
နံနက် ၁၁ နာရီ ၂၉ မိနစ်တွင်ပြီး၏။

3 comments:

  1. ကျွှန်တော်ထင်တယ် အကယ်၍ ကျွှန်တော်နာမည်နောက်မှာ ဘွဲ့တတ်ပြီး ( ဥပမာ- မောင်/မ ဘယ်သူ (B.A. Etymology) ကိုယ် အထူးပြုတဲ့ဘာသာနဲ့ ပတ်သက်ပြီး ဆောင်းပါးရေးရင်တော့ ------အင်း------ မပြောတတ်ဘူး။ အတွန့်တက်တဲ့သူများလေ ကိုယ်တိုင် စာပိုဖတ်ရလေ ပဲဗျ။မြန်မာစာဆိုရင်တော်သေးတယ်၊ နိုင်ငံခြားဘာသာ ဆိုရင် အဘိဓါန်တွေပါ တွဲဖတ်ပေတော့ ပဲ။
    ဒါထက် ဒီဘာသာနဲ့ ဘွဲ့ရတဲ့ ပုဂ္ဂိုလ်ရော ရှိရဲ့လား ? ဒီဘာသာနဲ့ ဘွဲ့ အပ်နှင်းတဲ့ ကောလိပ်/ သက္ကသိုလ် ရော ?

    ReplyDelete
  2. Anonymous8:49 PM

    ဒီလိုဖြစ်မယ်ထင်တယ်ဗျ။ အင်္ဂလိပ်ဆိုတာမျိုးက ရှေးကတည်းကသုံးလာပြီး အဘိဓာန်ထဲရောက်လာတဲ့ထိပဲကိုး။ရောမဆိုလည်း အဲ့ဒီလိုပဲပေါ့။ရှေးမြန်မာကြီးတွေက တိုင်းတပါးအခေါ်အဝေါ်တချို့ကို အသံထွက်ရခက် ခေါ်ရခက်လို့ အသံဖလှယ်မြန်မာမှုပြုပစ်လိုက်ကြတာပဲလို့ယူဆတယ်ဗျ။ English လို့ခေါ်ရတာ လျှာလိပ်တော့ တို့လျှာတော့အလိပ်မခံဘူး သူ့ပဲ လိပ်ပစ်လိုက်တော့မယ်ဆိုပြီး အင်္ဂလိပ်ရယ်လို့ လုပ်ပစ်လိုက်ကြပုံရတယ်ဗျ။ British ဆိုလည်း ဗိလပ်ပစ်လိုက်တာပေါ့။ ကျနော်တို့မြန်မာဘာသာစကားရဲ့ အသံထွက် လေယူလေသိမ်းတွေကိုက အင်မတန်အားရပါးရ စီးစီးပိုင်ပိုင်နဲ့ ပီပီသသရှိလှတာမို့ တချို့အာမထိတထိလျှာမထိတထိ တိုင်းခြားဘာသားစကားတွေကို မြန်မာသံနဲ့အနီးစပ်ဆုံးယူပြီး ခေါ်ဝေါ်သုံးစွဲကြတာဖြစ်မယ်။ ဆရာယုဒဿန်ရဲ့ သမ္မာကျမ်းစာပါ အခေါ်အဝေါ်တွေကိုပဲ ကြည့်တော့ဗျာ။ မြန်မာလူမျိုးရဲ့ အာစလျှာစနဲ့ အာသီသကို ကောင်းကောင်းသိတဲ့ ဆရာယုဒဿန်ရဲ့ အမြော်အမြင်ကို လေးစားစရာပဲ။ ဆရာကြီးဦးဖေမောင်တင်တို့ကလည်း လုပ်ခဲ့ကြပေမဲ့ တချို့မြန်မာသံယူထားတဲ့စာလုံးတွေကို ဒီအတိုင်းထားတာပဲ သင့်တော်တယ်လို့ ယူဆပြီးထားခဲ့ကြပုံပါပဲ။ ဒါတွေက အသံထွက်အနေနဲ့ ပြဿနာ မဟုတ်/မလုပ်တော့ပဲ အဓိပ္ပါယ်အနေနဲ့ ယူလိုက်ကြတယ်နေမှာပဲ။ ခုခေတ်ဆို ကွန်ပြူတာ အင်တာနက် စသည် စသည်ပေါ့။ မူရင်းအသံထွက်ကိုယူရေးတာမဟုတ်တော့ပဲ မြန်မာအဓိပ္ပါယ်အနေနဲ့သုံးနေကြပြီဆိုတော့ ဒါမျိုးတွေကို အသံထွက်လွဲတယ်လို့ ပြောလို့မရတော့ဘူးပေါ့ ။ ဥရဂွိုင်းတွေ ပါရဂွိုင်းတွေက သူ့မူလအသံထွက်အမှန်ဆိုပေမဲ့ မြန်မာအခေါ်အဝေါ်ကတော့ ဥရုဂွေး ၊ပါရာဂွေးကိုးဗျ။ ဆရာဦးသာနိုးကျပြန်တော့ တမျိုးဖြစ်ပြန်ရော။ ရောမန္တိက တို့ဘာတို့လိုမျိုးပေါ့။ဒါမျိုးလည်း သင့်တော်တယ်ထင်တာပဲဗျ။ နောက်ပြီး တခုသတိထားမိတာက နိုင်ငံလို အရာဝတ္ထုတွေလိုမျိုး နာမ်တွေကိုသာ မြန်မာသံယူပြီးအခေါ်အဝေါ်လုပ်ပစ်တာများတယ်။ တခြားကြိယာလိုမျိုးတို့ အထက်က cliché နဲ့ elite လိုမျိုးဘာသာပြန်ရခက်/ရှည်နေသေးတာတွေကိုတော့ သူ့မူရင်းအသံထွက်အတိုင်းပဲ အနီးဆုံးဖြစ်အောင်ကြိုးစားနေကြသေးတာပေါ့။
    ပြင်သစ်ကိုတော့ ရှေးမြန်မာတွေက ဖရန်စစ်ရယ်လို့ ခေါ်ခဲ့ကြဖူးသေးတယ်ဗျ။ တရုတ်ဆိုလည်း တလုပ်ဆိုလားပဲခေါ်ကြသေးတယ်။ ဒါတွေလည်း အခေါ်အဝေါ်တွေပဲ။ဘယ်ကဘယ်လို ဆင်းသက်ပြောင်းလဲလာတဲ့ အခေါ်အဝေါ်တွေလည်းတော့ ကျနော်လည်း မသိဘူးဗျ။ တရုတ်တွေဆိုလည်းမြန်မာကို မြန်သင်း/မိယန်သင်း လို့ခေါ်သဗျ။ သူတို့အခေါ်အဝေါ်ကိုး။
    ဒီတော့ အခေါ်အဝေါ်အသုံးအနှုန်းအဆင့်ရောက်သွားရင် အသံထွက်ပြဿနာမရှိတော့ဘူးပေါ့။အဲ့ဒီလိုမှမဟုတ်သေးရင်တော့ အသံထွက်မှန်ဖို့အားထုတ်ရမှာပေါ့။
    တွေးမိသလောက်ပါ ကိုဉာဏ်ရေ။ ပိုနားလည်တဲ့သူတွေက ဆွေးနွေးပါလိမ့်မယ်။
    ဒီတခါလည်း နိုင်ငံရေးဉာဏ်စမ်းမေးခွန်းတွေ မဖြေနိုင်ပြန်ဘူး။
    ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ။
    JADE

    ReplyDelete
  3. ကွန်းမန့်တွေအတွက် ကျေးဇူးတင်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ကိုယ့်အမြင်နဲ့ကိုယ် ရှိကြတာမို့ ဘယ်သူက ဘယ်လိုဆိုတာ မပြောလိုပါဘူး။ ကျွန်တော်ကလည်း နို့မို့ဆိုရင် ဒီပို့စ်ရဲ့အောက်ဆုံးမှာ ကျွန်တော့်မှတ်ချက်တွေကို ထည့်မရေးပါဘူး။ ဖတ်ရင်းဖတ်ရင်းနဲ့ စာရေးသူဟာ စာဖတ်သူတွေကို အမှန်သိစေချင်သလိုလိုနဲ့ အခြားသော စာရေးဆရာကြီးတွေကို စိတ်အချဉ်ပေါက်ပြီး ဆော်ချင်တဲ့စိတ်က များနေတယ်လို့ ခံစားလာရလို့ ရေးလိုက်တာပါ။ မှန်ချင်မှလည်း မှန်ပါလိမ့်မယ်။ ဘယ်လိုရည်ရွယ်ချက်နဲ့ ရေးသလဲဆိုတာ စာရေးသူကိုယ်တိုင်ကသာ သိပါလိမ့်မယ်။ ကျွန်တော်ကတော့ စာဖတ်သူသက်သက် ဖြစ်လေတော့ ကျွန်တော်ခံစားရတဲ့အတိုင်း ရေးလိုက်တာပါ။ အီလစ်လို့ရေးတာကတော့ နိုင်ငံရေးစာပေတွေရေးတဲ့ စာရေးဆရာတိုင်းနီးပါးပါပဲ။ အီလစ်လူတန်းစာကို မကောင်းဘူးရေးတတ်တာက ဆရာလူထုစိန်ဝင်းပါ၊ ကောင်းတဲ့ဘက်က ရေးတတ်သူက ဆရာမောင်စူးစမ်းပါ။ ကလီချေကတော့ ဆရာမောင်စူးစမ်းကို တိုက်ရိုက်ကို ဆော်တာပါ။ အမှန်ကိုသိအောင် ပြောပြတာ၊ ပြင်ပေးတာကို ကျွန်တော်က ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် မြန်မာစကားမှာ မပြောတတ်တော့ ဆဲသလို ဆိုတဲ့စကား ရှိပါတယ်။ စာရေးဆရာရေးထားပုံဟာ အခြားသော စာရေးဆရာကြီးတွေကို ဝေဖန်ချင်စိတ် နည်းနည်းလွန်ကဲနေတယ်လို့ ယူဆတဲ့အတွက် (သူက ဝေဖန်သရော်စာ သက်သက် ရေးရင်လည်း အခုလိုပြောဖြစ်မည် မထင်ပါ။) ကျွန်တော်ကိုဉာဏ်က မနေနိုင်မထိုင်နိုင် မေတ္တာအပို့ခံပြီး မှတ်ချက်ရေးလိုက်ခြင်း ဖြစ်ကြောင်းပါခင်ဗျား။ ဖတ်ရှုသူများအားလုံးနှင့် ကွန်းမန့်ရှင်များကို ကျေးဇူးတင်ပါတယ်။

    ReplyDelete

 
Web Statistics